လူတိုင်းလိုလို အိမ်မက်ပေါင်းစုံကို မက်ဖူးကြမှာပါ။ များသောအားဖြင့် တစ်နေ့တာကြုံတွေ့ခဲ့ရမှုများကို အခြေခံပြီးလည်းကောင်း၊ စိတ်စွဲပြီးလည်းကောင်း မက်လေ့ရှိပြီး အိမ်မက်တွေက မက်ပြီးတာနဲ့ မနက်မိုးလင်းရင် မေ့သွားတတ်တာများပါတယ်။ ဒါပေမယ့် တချို့သောအခြေအနေတွေမှာ အိမ်မက်တွေက မိတ်ဆွေတို့ရဲ့ ကျန်းမာရေး အခြေအနေကို ညွှန်ပြနေတယ်ဆိုတာ သိပါသလား။ အိမ်မက်အားလုံးကို ဆိုလိုတာမဟုတ်ပေမယ့် အပျက်သဘောဆောင်တဲ့ အိမ်မက်တွေက မိတ်ဆွေတို့ရဲ့ ကျန်းမာရေး နဲ့ ဆက်စပ်နေတတ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အိမ်မက်တွေက ပြောပြနေတဲ့ ကျန်းမာရေးအခြေအနေတွေကို ဝေမျှပေးချင်ပါတယ်။
တိုက်ခိုက်ခြင်းခံရတဲ့ အိမ်မက်များ
Photo : Liquids and Solids
တချို့သောသူများက တစ်စုံတစ်ဦးရဲ့ တိုက်ခိုက်ခြင်းကို ခံရတာ ဒါမှမဟုတ် ရန်ဖြစ်တဲ့ အိမ်မက်များမက်လေ့ ရှိပါတယ်။ ဒါက ဦးနှောက်ယိုယွင်းမှု သို့မဟုတ် နှေးကွေးခြင်းရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ အယ်လ်ဇိုင်းမား၊ ပါကင်ဆန် သို့မဟုတ် အခြားသော ဦးနှောက်ချို့ယွင်းမှုရောဂါရှိလူနာများက ထိုကဲ့သို့ အိမ်မက်များကို မက်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီလိုဦးနှောက်နဲ့ ပတ်သတ်တဲ့ရောဂါများကို မစစ်ဆေးရသေးခင် ဆယ်စုနှစ်တစ်ခုခန့်မှစပြီး ပေါ်လာနိုင်တဲ့ အစောပိုင်းလက္ခဏာတစ်ခုလည်း ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။
သွားကျိုးသော အိမ်မက်များ
Photo : Spiritual Unite
သွားကျိုးတဲ့ အိမ်မက်နဲ့ ပတ်သတ်ပြီး ကျွန်တော်တို့မှာ အယူအဆတွေ အမျိုးမျိုးရှိသော်လည်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ သွားများသည် ခွန်အားနှင့် ယုံကြည်မှု၏ သင်္ကေတများဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် များသောအားဖြင့် ဒီလိုအိမ်မက်မျိုးမက်တာက ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့အပြင် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေ ကွီးတို့စိတ်ထဲမှာ ကိန်းအောင်းနေလို့ ဖြစ်ပါတယ်။
ကြောက်လန့်စရာကောင်းတဲ့ အိမ်မက်တွေ
Photo : Kitchener Dentist
ကြောက်လန့်စရာကောင်းတဲ့ အိမ်မက်ဆိုးမက်လို့ လန့်နိုးလာပြီး မိနစ်ပိုင်းကြာတဲ့အထိ ထိတ်လန့်မှုကို ခံစားနေရတတ်တဲ့ အိမ်မက်တွေကို တော်တော်များများ မက်ဖူးမှာပါ။ ဒီလိုမက်ရတာက အစာမကြေဖြစ်ပြီး ခန္ဓာကိုယ်အတွင်း မအီမသာဖြစ်နေတာကြောင့် ဖြစ်ပါတယ်။ များသောအားဖြင့် ညစာမှာ အစာကြေဖို့ခက်တဲ့ အစားအစာတွေကို စားမိခြင်း၊ အစားအများကြီးစားမိခြင်းတို့ကြောင့် အစာခြေစနစ်တွင် ပြဿနာတက်စေပြီး ပြည့်အင့်နေစေပါတယ်။ ၎င်းက မိတ်ဆွေတို့ အိပ်တဲ့အခါမှာ မအီမသာဖြစ်ခြင်းနှင့် ဂနာမငြိမ်ခြင်းတို့ကို ဖြစ်စေပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးအတွက် ညစာကို ပေါ့ပေါ့ပါးပါးစားပြီး အိပ်ရာဝင်ချိန်နဲ့ အချိန်ကွာဟပါစေ။
ဒါ့အပြင် ဒီလိုထိတ်လန့်စရာ အိမ်မက်များက အဖျားရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အဖျားရှိနေလျှင် အပူချိန်က ဦးနှောက်လည်ပတ်ပုံအပေါ် သက်ရောက်မှုရှိပြီး အပူချိန်များပါက ညဘက်မှာ ကြောက်စရာများအိမ်မက်များ မက်စေနိုင်ပါတယ်။
မကြာခဏ အိမ်မက်ဆိုးများ မက်ခြင်း
Photo : The Vibe
ပါဝင်သူ ၆,၀၀၀ ကို လေ့လာထားတဲ့ လေ့လာမှုတစ်ခုအရ နှလုံးခုန်နှုန်း မမှန်ခြင်းက မကြာခဏ အိမ်မက်ဆိုးများမက်နိုင်ခြေ ၃ ဆ ခန့် မြင့်တတ်လာတယ်လို့ ဆိုပါတယ်။ ရင်ဘတ်အောင့်ဝေဒနာကို ခံစားနေရသူများက အိပ်မက်ဆိုးများကြုံတွေ့ရနိုင်ခြေ ၇ ဆပိုများတယ်လို့ ဆိုပါတယ်။ သီအိုရီတစ်ခုမှာ နှလုံးပြဿနာရှိသူများက ဦးနှောက်အတွင်းရှိ အောက်ဆီဂျင်ပမာဏကို လျှော့ချလိုက်တာကြောင့် မငြိမ်မသက် အိပ်မက်များကို မြင်မက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကိုလည်း ခံစားရနိုင်ခြေ ပိုများတယ်လို့ ဆိုထားပါသေးတယ်။ ဒါ့ကြောင့် မိတ်ဆွေတို့အနေနဲ့ မကြာခဏ အိမ်မက်ဆိုးများမက်လျှင် ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုပါတယ်။
အခုဖော်ပြပေးလိုက်တာကတော့ အိမ်မက်တွေကနေတစ်ဆင့် သိနိုင်တဲ့ မိတ်ဆွေတို့ရဲ့ ကျန်းမာရေး အခြေအနေတွေပဲ ဖြစ်ပါတယ်။ တကယ်လို့ မကြာခဏအိမ်မက်ဆိုးများမက်ပြီး အိပ်စက်ခြင်းကို ထိခိုက်လာပြီဆိုရင် ဆရာဝန်နဲ့ ပြသပြီး ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Source : Healthshots, The Upside
Featured Photo : Today