ခမ်းနားထည်ဝါတဲ့ တောင်တန်းတွေ ၊ စွဲမက်ဖွယ်ကောင်းတဲ့ ကမ်းရိုးတန်းဒေသတွေနဲ့ အမိုက်စားကျွန်းကြီးတွေ တည်ရှိရာ ဥရောပတစ်ခွင်ဟာ ကမ္ဘာပေါ်က အလှဆုံးရှုခင်းတွေကို ပိုင်ဆိုင်ထားရာ ရတနာသိုက်ကြီးလို့ ပြောရင်မမှားနိုင်ပါဘူး။ လန်ဒန် ၊ ပဲရစ်နဲ့ ရောမမြို့တွေလို ခရီးသွားချစ်သူတွေကို ဆွဲဆောင်နိုင်တဲ့ မြို့ကြီးတွေအပါအဝင် နောက်ထပ် ဥပရောတိုက်ထဲက နိုင်ငံပေါင်း ၄၄ နိုင်ငံရဲ့ ကွဲပြားထူးခြားလှတဲ့ အလှဆုံးသော မြို့ပြတွေ ၊ ရှုခင်းတွေလည်း အများကြီး ရှိနေပါသေးတယ်။ ဒီဆောင်းပါးလေးမှာတော့ စိတ်လှုပ်ရှားဖွယ် ရှုခင်းများစွာနဲ့ ဥရောပ တခွင်က အလှဆုံးနေရာတွေထဲက အချို့ကို ခရီးသွား ချစ်သူတွေအတွက် ပြောပြပေးချင်ပါတယ်။
(၁) Fussen
Photo : Touropia
Fussen ကတော့ ဂျာမနီနိုင်ငံ Bavaria ရဲ့တောင်ဘက်စွန်း ၊ Alps တောင်ခြေက ချစ်စရာမြို့လေးပါ။ ဂျာမနီရဲ့ ရိုမန်းတစ်လမ်းမကြီးရဲ့ အဆုံးမှာ တည်ရှိပါတယ်။ ဒီမြို့လေးဟာ သဘာဝဆန်တဲ့ အလှတရားတွေနဲ့ ပြည့်စုံနေပြီး တောင်ကုန်းမြင့်ပေါ်က အံ့သြဖွယ် ဒဏ္ဍာရီဆန်ဆန်ရဲတိုက် ၃ ခုကြောင့် ခရီးသွားသူတွေကြားမှာ နာမည်ကြီးပါတယ်။ Fussen မြို့လေးရဲ့ အနီးနားတဝိုက်မှာ တောင်တွေ ၊ ရေကန်တွေနဲ့ သစ်တောပတ်ပတ်လည် တည်ရှိနေပြီး သာယာလှပတဲ့ ရှုခင်းတွေကို မြင်တွေ့ခွင့်ရနိုင်မယ့် တောင်တက်လမ်းလေးတွေလည်း များစွာရှိနေပါတယ်။ သဘာဝဆန်တဲ့ အလှတရားစစ်စစ်ကို စီးမြောခံစားရင်း အနားယူချင်သူတွေကတော့ Fussen မြို့လေးကို တစ်ခါတစ်ခေါက် အရောက်သွားသင့်ပါတယ်။
(၂) Hallstatt
Photo : Touropia
‘Pearl of Austria’ လို့ ခေါ်ကြတဲ့ Hallstatt မြို့လေးကတော့ ထူးထူးခြားခြား သဘာဝအလှတွေကြောင့် နာမည်ကြီးတဲ့ ဒဏ္ဍာရီ ပုံပြင်ဆန်ဆန် ချစ်စရာမြို့လေးပါ။ ခမ်းနားထည်ဝါတဲ့ တောင်တန်းတွေနဲ့ ပုံရိပ်ထင်ဟပ်နေစေတဲ့ ရေကန်ကြီးရဲ့ကြားမှာ လှပစွာတည်ရှိနေတဲ့ မြို့လေးဖြစ်ပါတယ်။ ဒီမြို့လေးက ဩစတေးလျရဲ့ တောင်ထူထပ်တဲ့ Salzkammergut ဒေသမှာတည်ရှိပြီး ဥရောပရဲ့ရှေးအကျဆုံး မြို့လေးတစ်မြို့ဖြစ်သလို မှော်ဆန်တဲ့ ရှုခင်းအလှတွေနဲ့ ပြည့်နှက်နေတဲ့ တကယ့်ကို ပုံပြင်ဆန်ဆန် ၊ ဒဏ္ဍာရီဆန်ဆန် ရွာငယ်လေးတစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ်။ လှပတဲ့တောင်တန်းတွေ ၊ ရေကန်ကြီးနဲ့ သဘာဝရှုခင်းအလှတွေကို ကြည့်ရှုရင်း မြို့တွင်းက လှိုင်ဂူတွေနဲ့ မိုင်းတွင်းတွေကိုလည်း သွားရောက်လည်ပတ်နိုင်ပါတယ်။
(၃) Meteora
Photo : Touropia
Meteora ကတော့ ဂရိနိုင်ငံအလယ်ပိုင်းက အံ့ဩဖွယ်ရာ အထင်ကရနေရာတစ်ခု ဖြစ်ပါတယ်။ ကျောက်ဆောင် ၊ ကျောက်ကပါးတွေပေါ်မှာ သာသနာပြုကျောင်းတော်ကြီးတွေ ထူးခြားခမ်းနားစွာ တည်ရှိနေတာ ဖြစ်ပြီး ပန်းချီကားတစ်ချပ်လို ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတွေကို ပေးစွမ်းမှာဖြစ်ပါတယ်။ ဒီကျောင်းတော်ကြီးတွေဟာ လွန်ခဲ့တဲ့ ၁၄ ရာစုလောက်ကတည်းက တည်ဆောက်ခဲ့တာဖြစ်ပြီး မတ်စောက်လှတဲ့ ကျောက်လှေကားထစ်တွေကို ကျော်ဖြတ်နင်းတက်ပြီးမှ ခက်ခက်ခဲခဲသွားရောက်ရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အပျက်အစီးများစွာ ရှိနေပေမယ့်လည်း သွားရောက်လည်ပတ်နိုင်တဲ့ Byzantine ဘုန်းတော်ကြီးကျောင်း ၆ ကျောင်း ရှိနေပါသေးတယ်။ Meteora ဟာ ဂရိနိုင်ငံရဲ့ အထင်ကရ ဝိညာဉ်ရေးရာ နေရာတွေထဲက တစ်ခုဖြစ်ပြီး ရင်သပ်ရှုမောဖွယ် မြင်ကွင်းတွေကို ပေးစွမ်းမှာ ဖြစ်ပါတယ်။
(၄) Seljalandsfoss
Photo : Touropia
Seljalandsfoss ရေတံခွန်ဟာ အိုက်စလန်ရဲ့ အကျော်ကြားဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံး ခရီးသွားနေရာ တစ်ခုပါ။ ချောက်ကမ်းပါးထိပ်ကနေ မီတာ ၆ဝ ခန့်အကွာလောက်မှာ အောက်သို့ ထိုးကျနေတဲ့ ရင်သပ်ရှုမောဖွယ် ရေတံခွန်ဟာဆိုရင် အောက်မှာရှိတဲ့ ရေအိုင်ကြီးထဲ မစီးဝင်မီ နေရောင်အောက်မှာ လှပနေတဲ့ ရေမှုန်ရေမွှားတွေဟာ တကယ်ကိုပဲ သက်ဝင်လှုပ်ရှားနေတဲ့ ပန်းချီကားတစ်ချပ်ကို Live ထိုင်ကြည့်နေရသလို ခံစားရမှာ ဖြစ်ပါတယ်။ ရေတံခွန်အောက်က အသေးစား လှိုဏ်ဂူလေးထဲဝင်ပြီး ရေစီးသံလေးတွေ နားထောင်ရင်း ဘဝရဲ့ပင်ပန်းမှုတွေကို ကောင်းကောင်းအနားယူနိုင်သလို လှပတဲ့ရှုခင်းအလှတွေနဲ့ ဘဝအမောတွေကို ဖြေဖျောက်လို့ရမယ့် နေရာကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။
(၅) Sintra
Photo : Touropia
Sintra ကတော့ ပေါ်တူဂီနိုင်ငံ လစ်စဘွန်မြို့ရဲ့ အနောက်မြောက်ဘက် ၃၀ ကီလိုမီတာအကွာမှာ တည်ရှိတဲ့ ခမ်းနားကြီးကျယ်တဲ့ သမိုင်းဝင်နေရာတစ်ခုပါ။ ရှေးဟောင်း ရဲတိုက်ကြီးတွေ ၊ ဘုံဗိမာန်တွေနဲ့ သမိုင်းဝင် အိမ်အိုအိမ်ဟောင်းကြီးတွေရဲ့ မူလဖြစ်တည်ရာ နေရာဖြစ်တဲ့အတွက် သမိုင်းကို စိတ်ဝင်စားသူတွေ သွားရောက်လည်ပတ်ဖို့အတွက် အထူးကောင်းမွန်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ မြင့်မားလှတဲ့ တောင်ကုန်းမြင့်တွေပေါ်က ရှေးခေတ် ပေါ်တူဂီတော်ဝင်မျိုးနွယ်တွေရဲ့ နေထိုင်ခဲ့ရာ အအောက်အအုံတွေကို မြင်တွေ့ရမှာဖြစ်ပြီး Sintra နဲ့ Pena နန်းတော်တွေရဲ့ ပြောင်မြောက်လှတဲ့ ခေတ်ဟောင်း ဗိသုကာ လက်ရာတွေ ၊ ခမ်းနားကြီးကျယ်တဲ့ ရှေးဇိမ်ခံ အိမ်ဝန်းအခင်းအကျင်းတွေနဲ့ သာယာလှပတဲ့ ရှုခင်းအလှတွေအပြင် ပြိုကျပျက်စီးလုနီးပါး Moors ရဲတိုက်ကြီးကိုလည်း သွားရောက်လည်ပတ် နိုင်ပါတယ်။ မြို့လယ်ခေါင်မှာတော့ ချစ်စရာကောင်းတဲ့ အရောင်ခပ်ဖျော့ဖျော့ အဆောက်အဦးလေးတွေနဲ့ ချစ်စရာကောင်းတဲ့ ကော်ဖီဆိုင်လေးတွေ ၊ ရိုးရာလက်မှုပညာ ဆိုင်ခန်းလေးတွေနဲ့ ပေါ်တူဂီ စားသောက်ဆိုင်လေးတွေလည်း အများအပြား တည်ရှိနေပါတယ်။
Featured Photo : The Planet D