ကွီးတို့က မီလီယံနာသူဌေးကြီးတစ်ယောက် ဖြစ်ချင်ကြတယ် ဟုတ်။ ကွီးတို့ရဲ့ အိပ်မက်ကတော့ အထင်ကြီးစရာပါပဲ။ ဒါပေမဲ့ အခုလို စီးပွားရေး အပြိုင်အဆိုင်ဖြစ်နေတဲ့ ကာလကြီးထဲမှာ မီလီယံနာသူဌေးတစ်ယောက် ဖြစ်ဖို့ဆိုတာ လွယ်ကူပါ့မလား။ မီလီယံနာ သူဌေးတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ သူတို့ လုပ် သလို လုပ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။
အကြွေး မယူပါနဲ့
အကြွေးယူလိုက်၊ ပြန်ဆပ်လိုက်၊ အကြွေး ထပ်ယူလိုက်၊ ထပ်ပြန်ဆပ်လိုက်နဲ့ မုန့်လုံး စက္ကူကပ်နေသလို ဖြစ်နေပါသလား။ အကြွေးယူတတ်တဲ့ အကျင့်ရှိလို့ကတော့ ဘယ်လိုမှ စုမိ ဆောင်းမိမှာမဟုတ်ပါဘူး။ အကြွေးဝယ်ကတ်နဲ့ ပိုက်ဆံဝယ်ခြင်း၊ ချေးယူရယူပြီး တစ်စုံတစ်ခု ဝယ်ယူခြင်းသည်လည်း ကွီးတို့ရဲ့ ငွေကုန်ပေါက်ကို တစ်မြည့်မြည့်နဲ့ ကြီးထွားလာစေမှာပဲဖြစ်ပါတယ်။ ပြန်ဆပ်ရမယ့် ငွေနဲ့ အတိုးငွေတွေသည် ကွီးတို့ရဲ့ အနာဂတ်အတွက် အသုံးတည့်တဲ့ ငွေတွေပဲဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က လုံးလုံးကြီး ပြန်မဆပ်နိုင်တော့ဘူးဆိုရင်တော့ အာမခံထားတဲ့အရာတွေ အားလုံး ဆုံးရှုံးသွားမှာပဲဖြစ်ပါတယ်။
အမြော်အမြင်ကြီးတဲ့ သူဌေးကြီးတွေကတော့ ဒီလိုအဖြစ်မျိုးကို ကြိုမြင်လို့ သူတို့ရဲ့ တန်ဖိုးကြီးမားတဲ့အရာများ ဆုံးရှုံးသွားမှာစိုးတဲ့အတွက် ဘယ်တော့မှ ချေးငွေ ယူလေ့မရှိပါဘူး။ ဒါ့အပြင် လေ့လာချက်များအရ မီလီယံနာ သူဌေး ၁၀ ယောက်မှာ ၉ ယောက်သည် ဘယ်တော့မှ ဘဏ်က ချေးငွေများကို မယူကြခြင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် ၇၃ ရာခိုင်နှုန်းသော မီလီယံနာများသည် အကြွေးဝယ်ကတ်များနှင့် သုံးဖြုန်းခြင်းတို့ကို သူတို့ဘဝမှာ လုံးဝ ရှောင်ကြဥ်ကြပါတယ်။ တကယ်လို့ ကွီးတို့မှာသာ အကြွေးရှိတယ်ဆိုရင် နောက်ဆုံး ယူထားတဲ့ အကြွေးကို ပြန်ဆပ်ပြီး အကြွေးအားလုံး ကြေသွားရင်တော့ နောက်ထပ် အကြွေး မယူပါနဲ့တော့။
ပိုက်ဆံစုဖို့ကို ပထမဦးစားပေးပါ
ကိုယ့်ရဲ့ ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကို စုဆောင်းဖို့အတွက် အမြဲတမ်း ဦးစားပေးပါ။ ကိုယ့်ရဲ့ လစာပေါ် မူတည်ပြီး စုဆောင်းတဲ့ ငွေအမောင့်သည်လည်း ကွာခြားသွားတတ်ပါတယ်။ ဘယ်လောက်အမောင့်ရရ ကိုယ့်ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကို မပျက်မကွက် စုဆောင်းဖို့ လိုအပ်ပါတယ်။ ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကတော့ မရှိမဖြစ် အသုံးပြုရမယ့်အရာများအတွက် ဖယ်ထားရမှာဖြစ်ပြီး ဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်းကတော့ ကိုယ် လိုချင်တဲ့အရာတွေ ဝယ်ယူဖို့အတွက် ဖယ်ထားနိုင်ပါတယ်။
လစာတိုးအောင် ကြိုးစားပါ
သူဌေးတစ်ယောက်ဖြစ်ဖို့ အမြန်ဆုံး နည်းလမ်းကတော့ ဝင်ငွေများများရအောင် ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ လစာက နည်းတယ်ဆိုရင် Performance ကောင်းကောင်းပြနိုင်အောင် ကြိုးစားပြီး လစာတိုးတောင်းပါ။ တကယ်လို့ လစာတိုးဖို့ ကမ်းမမြင် လမ်းမမြင် ဖြစ်နေတယ်၊ ရာထူးတိုးဖို့ကလည်း ကမ္ဘာ့တောင်ကမ္ဘာခြမ်းနဲ့ မြောက်ကမ္ဘာခြမ်းလိုဖြစ်နေတယ်ဆိုရင်တော့ အကောင်းဆုံးကတော့ လစာများတဲ့ အလုပ်ကို ရွေးချယ်ခြင်းပဲဖြစ်ပါတယ်။ နောက်ထပ် နည်းလမ်းတစ်ခုကတော့ အချိန်ပိုင်းအလုပ် လုပ်ပြီး အပိုဝင်ငွေရအောင် စုဆောင်းခြင်းပဲဖြစ်ပါတယ်။
မလိုအပ်တာတွေအတွက် ငွေကုန်ကြေးကျမခံပါနဲ့
ကိုယ့်စိတ်ကို အလိုလိုက်ရင်တော့ ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ ချုံးချုံးကျအောင် ဆင်းရဲမွဲတေသွားတတ်ပါတယ်။ ကုဋေရှစ်ဆယ် ချမ်းသာ ကြွယ်ဝတဲ့ သူဌေးသားကို ဥပမာယူပါလေ။
ကိုယ့်စိတ်ထဲမှာ ဘယ်လောက်ပဲ လိုချင် လိုချင်၊ မဝယ်ပါနဲ့။ လိုအပ်သလားဆိုတာ အရင်မေးပါ။ ကိုယ်က လိုချင်တယ်ဆိုရင်တောင်မှ ကိုယ် လိုချင်တဲ့အရာတွေ ဝယ်ဖို့အတွက် ဖယ်ထားတဲ့ လစာရဲ့ ၃၀ ရာခိုင်နှုန်းထဲကပဲ ဝယ်ယူပါ။ စုဆောင်းထားတဲ့အထဲက ဝယ်ဖို့ မကြံစည်လိုက်ပါနဲ့။ စုဆောင်းထားတဲ့အထဲက သွားဝယ်မယ်ဆိုရင်တော့ တစ်သက်လုံး စုမိ ဆောင်းမိမှာမဟုတ်တော့ပါဘူး။
ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပါ
ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မယ်ဆိုရင်တော့ ကိုယ်တိုင်ကလည်း စီးပွားရေး လာဘ်မြင်တတ်ဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ကိုယ် ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီကလည်း ယုံကြည်ရရဲ့လားဆိုတာကို အရင်ဦးဆုံး လေ့လာထားဖို့ လိုအပ်ပါတယ်။ တရားဝင်ကုမ္ပဏီဆိုတာ သေချာပြီဆိုမှ ရင်းနှီးမြှုပ်နှံပါ။ နို့မဟုတ်ရင်တော့ နှစ်ရှည်လများ စုဆောင်းထားတာတွေ ပြုတ်ပြုတ်ပြုန်းသွားပါလိမ့်မယ်။
ဒါ့အပြင် ကိုယ်ပိုင်စီးပွားရေး ပြုလုပ်ပြီး သူဌေးတစ်ယောက်ဖြစ်လာအောင် ကြိုးစားနိုင်ပါတယ်။ ကိုယ်ပိုင်စီးပွားရေး ပြုလုပ်ခြင်းက သူများဝန်ထမ်းလုပ်ရခြင်းထက် သူဌေးဖြစ်ဖို့ အခွင့်အရေး ပိုများပါတယ်။
ကွီးတို့ရော မီလီယံနာ ဘီးကျဲတွေ လုပ် သလိုမျိုး လုပ်ဆောင်နိုင်ပါ့မလား။
Source: Ramseysolutions
Featured Image: Freepik