မုတ်ဆိတ်မွေး ဆိုတာကတော့ အမျိုးသားတစ်ယောက်အတွက် ယောက်ျားပီသခြင်းရဲ့ အမှတ်အသားတစ်ခုဖြစ်သလို သူ့ရဲ့ ပင်ကိုယ်စရိုက်ကိုလည်း ဖော်ပြနေပါတယ်။ ယောကျာ်းလေးအများစုကတော့ နှုတ်ခမ်းမွေး ၊ မုတ်ဆိတ်မွေး အရှည်ထားရတာ နှစ်သက်ကြပါတယ်။ တစ်ခုသိထားရမှာက မုတ်ဆိတ်မွေးအရှည် ထားမယ်ဆိုရင် ကွီးတို့ရဲ့ မုတ်ဆိတ်မွေးကို သေချာဂရုစိုက်ပေးဖို့ လိုပါတယ်။ မဟုတ်ရင် သပ်ရပ်ညီညာမှုမရှိ ပုံမကျတဲ့ အမွှေးအမျှင်တွေနဲ့ ယားယံခြင်း ၊ ဓာတ်မတည့်ခြင်းတွေ ဖြစ်လာစေနိုင်ပါတယ်။ အထူးသဖြင့် စိုစွတ်တဲ့ မိုးဦးကျ အချိန်တွေမှာ ချွေးထွက်ပြီး နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးပေါက်တဲ့ အရေပြားတဝိုက်မှာ မှိုနဲ့ ဘက်တီးရီးယားပိုးမွှားတွေ စွဲကပ်လာပြီး ယားယံခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလို မုတ်ဆိတ်မွေး ယားယံခြင်းပြဿနာကို ဖြေရှင်းနိုင်ဖို့ဆိုရင်တော့ အခုပြောပြမယ့် နည်းလမ်းလေးတွေကို ကွီးတို့ လိုက်နာဖို့ လိုပါလိမ့်မယ်။

(၁) မုတ်ဆိတ်မွေးကို ပုံမှန်ဆေးကြောသန့်စင်ပါ

Photo : Times Of India

မုတ်ဆိတ်မွေးဆိုတာ ကွီးတို့မျက်နှာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် မုတ်ဆိတ်မွေးရဲ့ အထူအပါးပေါ်မူတည်ပြီး အဆီပြန်ပြီး စေးကပ်ခြင်းတွေ ဖြစ်လာစေပါတယ်။ ဒါက ဘက်တီးရီးယားပိုးမွှားတွေနဲ့ ဝက်ခြံတွေကိုဖြစ်စေပြီး မုတ်ဆိတ်မွေးတွေကို ယားယံစေတဲ့ အဓိကအကြောင်းအရင်းတစ်ရပ် ဖြစ်ပါတယ်။ ဒီပြဿနာကို ကာကွယ်ဖို့ဆိုရင်တော့ ကွီးတို့ရဲ့မျက်နှာအရေပြားနဲ့ မုတ်ဆိတ်မွေးတွေကို တစ်ရက်ကို အနည်းဆုံး ၂ ကြိမ်ခန့် မျက်နှာသစ်ဆေးနဲ့ ပုံမှန်ဆေးကြော သန့်စင်ပေးရမှာဖြစ်ပါတယ်။

(၂) မုတ်ဆိတ်မွေးကို အစိုဓာတ်ထိန်းပါ

Photo : Times Of India

ကွီးတို့ရဲ့ မုတ်ဆိတ်မွေးကို သန့်ရှင်းအောင်ထားဖို့လိုသလို အစိုဓာတ်ပြည့်ဝအောင် ထိန်းသိမ်းဖို့လည်း အရေးကြီးပါတယ်။ ဦးခေါင်းက ဆံပင်နဲ့ မုတ်ဆိတ်မွေးတို့ရဲ့ မတူညီတဲ့အချက်က မုတ်ဆိတ်မွေးတွေဟာ ခပ်တိုတိုအနေအထားမှာ ရှိနေရင်တောင်ပဲ ရှုပ်ပွပြီး ရှုပ်ယှက်ခတ်နေနိုင်ပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပတ်နဲ့ အုန်းဆီကဲ့သို့ သဘာဝပါဝင်ပစ္စည်းတွေနဲ့ အစိုဓာတ်ထိန်းပေးဖို့ လိုပါတယ်။ အစိုဓာတ်ထိန်းပေးခြင်းဟာ မုတ်ဆိတ်မွေး ရှုပ်ပွတာမျိုးတွေကို သက်သာစေပြီး သန့်ရှင်းကျန်းမာတဲ့ မုတ်ဆိတ်မွေးကို ပိုင်ဆိုင်နိုင်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

(၃) မုတ်ဆိတ်မွေးကို လိုအပ်သလို တိပေးပါ

Photo : Times Of India

မုတ်ဆိတ်မွေးတွေကို မတိပေးဘူးဆိုရင် ဘက်တီးရီးယားပိုးမွှားတွေနဲ့ ရောဂါပိုးမွှားတွေ ဝင်ရောက်လာနိုင်ခြေများပါတယ်။ ဒါအပြင် ကွီးတို့ရဲ့ ပုံစံကို ညှင်းသိုးသိုးနဲ့ ကြည့်ရဆိုးတဲ့ ပုံစံမျိုး ပေါက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် မုတ်ဆိတ်မွေးအရှည်ထားမယ်ဆိုရင် လိုအပ်ရင် လိုအပ်သလို ကိုယ်ရဲ့ မုတ်ဆိတ်ကို ညှိတာ ၊ တိတာမျိုးတွေ လုပ်ပေးဖို့ လိုပါတယ်။

(၄) ဓာတုပစ္စည်းပါတဲ့ ထုတ်ကုန်တဲ့သုံးတာမျိုး ရှောင်ကြဉ်ပါ


Photo : Times Of India

ဓာတုပစ္စည်းတွေက မုတ်ဆိတ်မွေးကို အဆိုးဆုံးဖြစ်စေနိုင်ပါတယ်။ ဓာတုပစ္စည်းပါဝင်တဲ့ထုတ်ကုန်တွေဟာ အသုံးပြုလို့ကောင်းတယ်ထင်ရပေမယ့် အရေပြားနီမြန်းခြင်း ၊ ယားယံခြင်းတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့ရဲ့ မုတ်ဆိတ်မွေးကို သဘာဝပစ္စည်းတွေ သို့မဟုတ် ပိုပြီးသဘာဝကျတဲ့ နည်းလမ်းတွေနဲ့သာ ထိန်းသိမ်းမှုတွေပြုလုပ်ပေးတာက အကောင်းဆုံး ဖြစ်ပါတယ်။

Featured Photo : Askmen