အသားအရေနဲ့ ဆံပင်ထိန်းသိမ်းမှုတွေလိုပါပဲ မုတ်ဆိတ်ထားတဲ့အခါ ပုံမှန်လိုက်နာရမယ့် မုတ်ဆိတ် Routine တွေ ရှိပါတယ်။ မုတ်ဆိတ်ထားပြီး ပြုပြင်ထိန်းသိမ်းမှု အားနည်းမယ်ဆိုရင် ဆံပင်မှာ ဗောက်ထသလို မုတ်ဆိတ်ဗောက်ထတာ ၊ မုတ်ဆိတ်ပုံပျက်တာနဲ့ အနံ့အသက်ဆိုးထွက်တာတွေ အများကြီး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျန်းမာပြီး ကြည့်ကောင်းတဲ့ မုတ်ဆိတ်ပိုင်ရှင် ဖြစ်စေဖို့ မုတ်ဆိတ် ထားမယ့် ကွီးတို့ သိထားသင့်သမျှ မုတ်ဆိတ် Routine Step လေးတွေကို ပြောပြပေးပါမယ်။

(၁) ပုံမှန်ဆေးကြောပေးပါ

Beard Hairs Wash

Photo : Beard Organics

ခေါင်းလျှော်သလိုပဲ မုတ်ဆိတ်တွေကိုလည်း ပုံမှန်လျှော်ဖွတ် သန့်စင်ပေးဖို့ လိုပါတယ်။ ဒါမှသာ မုတ်ဆိတ်တွေမှာ ကပ်ညှိနေတဲ့ ဖုန်နဲ့ ဘက်တီးရီးယားတွေကို ရှင်းလင်းစေပြီး ကျန်းမာသန့်ရှင်းတဲ့ မုတ်ဆိတ်တွေကို ပိုင်ဆိုင်နိုင်မှာပါ။ မုတ်ဆိတ်မွေးနဲ့ မုတ်ဆိတ်အောက်အရေပြားကို ခြောက်သွေ့စေနိုင်တဲ့ ဆပ်ပြာတွေကို သေချာ ရှောင်ပါ။ မုတ်ဆိတ် Shampoo နဲ့ Conditioner ကိုသုံးပေးရင် ပိုကောင်းပါတယ်။ နေ့စဉ်မနက်တိုင်းမှာ မုတ်ဆိတ်ကို ဆေးကြောသန့်စင်ပေးနိုင်ပြီး နေ့တိုင်းမလုပ်နိုင်ရင်တော့ တစ်ရက်ခြားတစ်ခါတော့ လုပ်ပေးဖို့ လိုပါမယ်။

(၂) အခြောက်ခံပါ

Beard Hairs Pat-Dry

Photo : Reviewed – USA Today

မုတ်ဆိတ်တွေကို ဆေးကြောသန့်စင်ပြီးတဲ့အခါ ကောင်းမွန်စွာ ပြန်လည်အခြောက်ခံပေးဖို့ အရေးကြီးပါတယ်။ အခြောက်ခံတဲ့အခါ လိုက်နာရမယ့် စည်းမျဉ်းက တစ်ခုပဲရှိပါတယ်။ မုတ်ဆိတ်ကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်ပြီး အခြောက်ခံတာမျိုးကို လုံးဝရှောင်ကြဉ်ဖို့ပါပဲ။ တဘက်နဲ့ မုတ်ဆိတ်ကို ခပ်ကြမ်းကြမ်း ပွတ်တိုက်အခြောက်ခံမယ်ဆိုရင် မုတ်ဆိတ် ဆံသားကွဲထွက်တာ ၊ ဆံသားဖွာတာတွေ ဖြစ်စေနိုင်ပါတယ်။ အကောင်းဆုံးကတော့ သန့်ရှင်းနူးညံ့တဲ့ မျက်နှာသုတ်ပုဝါနဲ့ ညင်သာပျော့ပျောင်းစွာ ပွတ်တိုက်အခြောက်ခံပေးပါ။

(၃) မညီညာတဲ့ အမွှေးအမျှင်တွေကို တိပေးပါ

Trim Stray Beard Hairs

Photo : Booksy

မုတ်ဆိတ် ပုံကျဖို့ဆိုရင် မညီမညာနဲ့ ထိုးထွက်နေတဲ့ မုတ်ဆိတ်မွှေးတွေကို ပုံမှန်ညှပ်တာ ၊ တိတာမျိုး လုပ်ပေးဖို့ လိုပါတယ်။ ဒါမှသာ ပုံကျပြီး သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းတဲ့ မုတ်ဆိတ်ပုံစံကို ထိန်းထားနိုင်မှာပါ။ ကိုယ်တိုင်တိဖို့ညှပ်ဖို့ အခက်အခဲရှိတယ်ဆိုရင် ဆံသာဆိုင်သွားပြီး ကျွမ်းကျင်တဲ့ ဆံသဆရာလက်ထဲသာ အပ်လိုက်ပါ။

(၄) Beard Oil လိမ်းပေးပါ

 Beard Oil

Photo : The Sardar Co

Daily Beard Routine ထဲမှာ Beard Oil လိမ်းတဲ့ အဆင့်က မပါမဖြစ်လို့ ပြောရပါမယ်။ Beard Oil လိမ်းပေးတာက မုတ်ဆိတ်မွေးကို နူးညံ့ပျော့ပျောင်းစေပြီး မုတ်ဆိတ်အောက်ရှိ အရေပြားကို အစိုဓာတ်ထိန်းပေး နိုင်ပါတယ်။ အကောင်းဆုံးကတော့ ရေနွေးနွေးလေးနဲ့ မုတ်ဆိတ်ကို ဆေးကြောသန့်စင် အခြောက်ခံပြီး Beard Oil ၂ စက် သို့မဟုတ် ၃ စက်လောက် လက်ထဲထည့်ကာ မုတ်ဆိတ် မွှေးတွေကို ညင်ညင်သာသာ ပွတ်လိမ်းပေးနိုင်ပါတယ်။

(၅) Brush နဲ့ ဖြီးလိမ်းပေးပါ

Photo : Mo Bro’s

ဆံပင်ကဲ့သို့ပဲ မုတ်ဆိတ် မွှေးတွေကိုလည်း ပုံမှန် Brush နဲ့ ဖြီးလိမ်းပေးဖို့ လိုပါတယ်။ ဒါက မုတ်ဆိတ်ရဲ့ သန်စွမ်းမှုကို တိုးစေပြီး မုတ်ဆိတ်မွှေး ရှုပ်ထွေးတာတွေကို သက်သာစေမှာ ဖြစ်သလို မုတ်ဆိတ်ကိုလည်း ပိုမိုပုံကျစေမှာ ဖြစ်ပါတယ်။

Source : Style Standard

Featured Photo : Brickell Men’s Products