နယ်သာလန် လက်ရွေးစင်ဟောင်းနဲ့ အေဂျက်စ်တောင်ပံကစားသမားဟောင်း ကွင်စီပရုန်းစ် ကတော့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခံလိုက်ရပါတယ်။
အမ်စတာဒမ်ခရိုင် တရားရုံးကနေတဆင့် မော်စကိုအသင်းအတွက် ရုရှားပရီးမီးယားလိဂ်မှာ ကစားနေတဲ့ အသက် ၃၂ နှစ်အရွယ် ကစားသမားကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက ကိုကင်းကီလိုဂရမ်ရာနဲ့ချီ တင်ပို့ရောင်းချမှုမှာ ပါဝင်ပတ်သတ်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် အခုလို ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
Photo : Evening Standard
ကွင်စီပရုန်းစ် ဟာ မော်စကိုမှာ နေထိုင်နေတာဖြစ်တဲ့အတွက် နယ်သာလန်ကနေဆင့်ခေါ်တဲ့ တရားခွင်တွေကို လုံးဝတက်ရောက်ခဲ့ခြင်းမရှိသလို အနာဂတ်မှာလည်း မွေးရပ်မြေကို ပြန်ဖို့ အစီအစဉ်မရှိဘူးလို့ ဆုံးဖြတ်ထား ပုံရပါတယ်။
နယ်သာလန်သားဟာ ဘယ်လ်ဂျီယံနိုင်ငံ ၊ အန့်တ်ဝ့ါပ်ဆိပ်ကမ်းကနေတဆင့် နယ်သာလန်ကို ကိုကင်း ၁,၃၆၀ ကီလိုဂရမ်ခန့် မှောင်ခိုကူးမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့အတွက် ထောင်ဒဏ် ကိုးနှစ်ချမှတ်ဖို့ အစိုးရရှေ့နေတွေက တောင်းဆိုခဲ့ပေမယ့်လည်း တရားသူကြီးတွေကတော့ ထောင်ဒဏ်ခြောက်နှစ်အထိ လျှော့ချပေးခဲ့တာ ဖြစ်ပါတယ်။
တရားစီရင်ချက်မှာတော့ ကွင်စီပရုန်းစ် ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်အားပေးမှု အမြောက်အများ ရရှိထားသလို လုပ်ခလစာကောင်းတဲ့ အောင်မြင်တဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ဦးဖြစ်ပေမယ့်လည်း မူးယစ်ဆေးဝါးတင်သွင်းမှုမှာ ပါဝင်ပတ်သက်ခဲ့ကြောင်း အခိုင်အမာ စွဲချက်တင်ဆိုထားတာ ဖြစ်ပါတယ်။
ကွင်စီပရုန်းစ် ရဲ့ ရှေ့နေတွေကတော့ မူးယစ်ဆေးဝါး တင်သွင်းမှု ၊ တင်ပို့မှု ၊ သယ်ယူပို့ဆောင်မှုနဲ့ လက်ဝယ်ထားမှု စတဲ့ စွဲချက်တွေ အားလုံးကို ငြင်းဆိုထားပါတယ်။ ကွင်စီပရုန်းစ် ကတော့ သူရဲ့ ပြစ်ဒဏ်နဲ့ပတ်သတ်ပြီး အယူခံဝင်မယ်လို့ ဒတ်ခ်ျသတင်းစာ AD ကို ပြောခဲ့ပါတယ်။
Photo : Fox Sports
နောက်ထပ် နယ်သာလန်တရားရုံးတစ်ခုကလည်း ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာ ကွင်စီပရုန်းစ်ဟာ သူရဲ့ဝမ်းကွဲညီကိုတော်စပ်သူကို ကိုယ်ထိလက်ရောက် ထိပါးစော်ကားမှုနဲ့ ထောင်ဒဏ် ၁၈ လ ချမှတ်ခဲ့ပါသေးတယ်။
အေဂျက်စ်နဲ့ ဆီဗီလာတိုက်စစ်မှူးဟောင်းဟာ နယ်သာလန်လက်ရွေးစင် အသင်းအတွက် ပွဲပေါင်း ၅၀ သွင်းဂိုး ၇ ဂိုးအထိ သွင်းယူပေးခဲ့ပေမယ့်လည်း ၂၀၂၁ ခုနှစ်တုန်းက လူကုန်ကူးမှုနဲ့ တရားစွဲခံရပြီးနောက် လက်ရွေးစင်အသင်းကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
Featured Photo : Football Transfers