လီယွန်နယ် မက်ဆီ ဟာ နယူးယောက်စီးတီးအသင်းနဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာ ပြိုင်ဘက်အသင်း လက်ထောက်နည်းပြတစ်ဦးရဲ့ လည်ပင်းကို ဆုပ်ကိုင်ခဲ့တဲ့အတွက် ဒဏ်ရိုက်ခံခဲ့ ရပါတယ်။
Photo : Daily Sabah
ကမ္ဘာ့ဖလား ဆုရှင်ကတော့ ပွဲကစားချိန် နောက်ဆုံးမိနစ် ပြီးဆုံးလို့ အချက်ပေး ဝီစီမှုတ်ပြီးချိန်မှာ နယူးယောက်စီးတီးအသင်းရဲ့ လက်ထောက်နည်းပြ ဖြစ်သူ မယ်ဒီဘယ်လူချီနဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး မယ်ဒီ ဘယ်လူချီရဲ့ လည်ပင်းကို အနောက်ကနေ ၂ ကြိမ်တိုင် ဖမ်းဆုပ်ခဲ့တယ်လို့ သိရပါတယ်။
မေဂျာလိဂ် တာဝန်ရှိသူတွေကတော့ မက်ဆီ ဟာ လိဂ်အနေနဲ့ ချမှတ်ထားတဲ့ ” ပြိုင်ဘက် ကစားသမားရဲ့ မျက်နှာ ၊ ဦးခေါင်း ၊ လည်ပင်းတို့ကို လက်နဲ့ထိတွေ့ ကိုင်တွယ်ခွင့်မရှိ ” ဆိုတဲ့ စည်းမျဉ်းစည်းကမ်းကို ဖောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တစ်ချိန်တည်းမှာပဲ မက်ဆီရဲ့ အသင်းဖော် ဥရုဂွေး လက်ရွေးစင် လူးဝစ်ဆွာရက်ဇ်ဟာလည်း အဆိုပါကစားပွဲအတွင်း ပွဲချိန်တဝက်လောက်မှာ နယူးယောက်စီးတီးအသင်း နောက်ခံလူ ဘက်ခ်ရီဆာရဲ့ ဂုတ်ကို ဆုပ်ကိုင်ခဲ့တဲ့အတွက် အလားတူ ဒဏ်ရိုက်ခံထားရတာ ဖြစ်ပါတယ်။
မက်ဆီနဲ့ လူးဝစ်ဆွာရက်ဇ်တို့ နှစ်ဦးလုံးကတော့ စည်းကမ်းချိုးဖောက်မှုနဲ့ ဒဏ်ရိုက်ခံထားရပေမယ့် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရတာမရှိပဲ အင်တာမိုင်ယာမီအသင်းရဲ့ နောက်ထပ်ပွဲစဉ်တွေမှာ ဆက်လက်ပွဲထွက်ပါဝင်ခွင့် ရထားပါတယ်။
Photo : Mathrubhumi English
ယမန်နေ့က စပို့တင်းကန်ဆက်စီးတီးကို အိမ်ကွင်းမှာ ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လိဂ်ဖလားဒုတိယအကျော့ပွဲစဉ်မှာ မက်ဆီနဲ့ လူးဝစ်ဆွာရက်ဇ်တို့ အပြိုင် သွင်းဂိုးတွေ စွမ်းဆောင်ပေးခဲ့ကြပြီး အသက် ၃၇ နှစ်အရွယ် ဆိတ်ကြီး မက်ဆီ ကတော့ ပွဲချိန် ၁၉ မိနစ်မှာပဲ အသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။
Source : Citi Sports Online
Featured Photo : Sky Sports