အနုပညာရေစီးကြောင်းကတော့ စီးဆင်းမှုအသစ်တွေ Creation အသစ်တွေနဲ့ ရှေ့ဆက်ဆဲ။ သီချင်းဖန်တီးသူတွေကလည်း သီချင်းသစ်တွေ ၊ အယ်လ်ဘမ်သစ်တွေ ထပ်ထုတ်ဆဲပါပဲ။ ဒီနှစ် မေလ ထဲမှာလည်း သီချင်း အယ်လ်ဘမ် သစ်တွေ ထပ်ထွက်လာဖို့ ရှိပါတယ်။ ဒီအယ်လ်ဘမ်တွေထဲက မေလ ထဲမှာ ထွက်ရှိဖို့ မျှော်လင့်ရတဲ့ စိတ်လှုပ်ရှားစရာ အယ်လ်ဘမ် တချို့အကြောင်း မျှဝေပေးချင်ပါတယ်။

(၁) Kendrick Lamar : Mr. Morale & The Big Steppers

အမေရိကန် Rapper ၊ Songwriter နဲ့ Record Producer တစ်ဦး ဖြစ်တဲ့ Kendrick Lamar ရဲ့ Mr. Morale & The Big Steppers အယ်လ်ဘမ်သစ်ကို မေလ ၁၃ ရက်နေ့မှာ ဖြန့်ချိဖို့ ရှိပါတယ်။ Kendrick Lamar ဆိုတာ US Billboard 200 ၊ US Billboard Hot 100 စာရင်းတွေမှာ နံပါတ်တစ် အကြိမ်ကြိမ် စွဲခဲ့တဲ့ ကမ္ဘာကျော် Rapper တစ်ဦးပါ။

၂၀၁၇ မှာ ဖြန့်ချိခဲ့တဲ့ Kendrick Lamar ရဲ့ စတုတ္ထမြောက်အယ်လ်ဘမ် Damn ဟာ ပထမဆုံး Non-Classical နဲ့ Non-Jazz Album အမျိုးအစား ဖြစ်ခဲ့ပြီး Pulitzer Prize For Music ဆု ချီးမြှင့်ခံရတဲ့ အယ်လ်ဘမ်ဖြစ်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ Black Panter ရုပ်ရှင်အတွက် သီချင်း ၁၄ ပုဒ် ရေးသား ထုတ်လုပ်ခဲ့တဲ့ သူဟာ Grammy Awards ၁၄ ဆု ၊ American Music Awards ၂ ဆု ၊ Billboard Music Awards ၆ ဆု ၊ Brit Award ၁ ဆု ၊ MTV Video Music Awards ၁၁ ဆု ၊ Pulitzer Prize ၁ ဆုတို့ ရခဲ့သူလည်း ဖြစ်ပါတယ်။

သူ့ရဲ့ စတူဒီယို အယ်လ်ဘမ်တွေထဲက ၃ ခုဟာ Rolling Stone ရဲ့ ၂၀၂၀ ခုနှစ်အတွက် 500 Greatest Albums Of All Time စာရင်းဝင်ခဲ့ပါတယ်။ ဒီလိုမျိုး အထင်ကရ အနုပညာရှင်တစ်ဦးရဲ့ အသစ်ထွက်လာမယ့် Mr. Morale & The Big Steppers Album ဟာ ဒီနှစ်အတွက် အရေးပါတဲ့ ဂီတမှတ်တိုင်တစ်ခု ဖြစ်လာနိုင်ပါတယ်။

(၂) Leikeli47 : Shape Up

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ ဘရွတ်ကလင်းအခြေစိုက် Rapper ဖြစ်သူ Leikeli47 ကို ဖျော်ဖြေရေးပွဲတွေမှာ မျက်နှာဖုံးစည်းပြီး ထူးထူးခြားခြား တင်ဆက်တတ်သူ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်က စပြီး ဂီတလောကထဲ ခြေချလာတဲ့ သူမဟာ ၂၀၁၈ ခုနှစ်မှာာ Acrylic နာမည်နဲ့ ဒုတိယမြောက် Full-Length Album တစ်ခု ဖြန့်ချိထားပါတယ်။ Acrylic ဟာ NPR ရဲ့ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး အယ်လ်ဘမ် ၅၀ စာရင်းမှာ ဖော်ပြခံရသလို Paper Magazine ၊ Esquire နဲ့ Forbes တို့ကလည်း ချီးကျူးဖော်ပြခံခဲ့ရပါတယ်။

Acrylic ဟာ Beauty Series လို့ ခေါ်တဲ့ Music Trilogy ရဲ့ ဒုတိယပိုင်းတစ်ခုဖြစ်ပြီး နောက်ထပ် အပိုင်းတစ်ခုအဖြစ် ထပ်ထွက်လာဖို့ ရှိတာက Shape Up အယ်လ်ဘမ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လကုန်ပိုင်းမှာပဲ Shape Up အယ်လ်ဘမ်ထဲက သီချင်းသစ် BITM သီချင်းကို မျှဝေခဲ့ပါတယ်။ BITM ဆိုတာ Bitch , I’m The Man ကို အတိုကောက်ခေါ်တာ ဖြစ်ပါတယ်။ Shape Up ဟာ မေလ ၁၃ ရက်နေ့မှာ ထွက်လာဖို့ ရှိပါတယ်။

(၃) Mallrat : Butterfly Blue

အနုပညာနာမည် Mallrat – နာမည်အရင်း Grace Kathleen Elizabeth Shaw ဟာ ဩစတြေးလျအဆိုတော်ဖြစ်ပြီး Extended Plays (EPs) သုံးခု ဖြစ်တဲ့ Uninvited (2016), In the Sky (2018) နဲ့ Driving Music (2019) တို့ကို ဖြန့်ချိထားသူ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ သူမရဲ့ သီချင်းတွေ ဖြစ်တဲ့ Groceries နဲ့ UFO တို့ဟာ 2018 Triple J Hottest 100 မှာ နံပါတ်စဉ် ၇ နဲ့ ၇၀ တို့မှာ ရပ်တည်ခဲ့ပါတယ်။

၂၀၂၂၀ မှာ Charlie နဲ့ Nobody’s Home တို့ဟာ 2019 Triple J Hottest 100 မှာ နံပါတ် ၃ နဲ့ ၅၉ နေရာတို့မှာ ဖော်ပြခံခဲ့ရပြီး ၂၀၂၁ ခုနှစ်မှာ ထွက်ခဲ့တဲ့ Rockstar သီချင်းဟာ 2020 Triple J Hottest 100 မှာ နံပါတ် ၁၃ နေရာက ရှိခဲ့ပါတယ်။ အခုလ ၁၃ ရက်နေ့မှာ Mallrat ရဲ့ အယ်လ်ဘမ်သစ် Butterfly Blue ထွက်ရှိမယ်လို့ ကြေညာထားပါတယ်။ လောလောဆယ် Teeth ဆိုတဲ့ နာမည်နဲ့ သီချင်းသစ်တစ်ပုဒ် ဖြန့်ချိထားပါတယ်။

(၄) Quelle Chris : DEATHFAME

ဒက်ထရွိုက်က ရက်ပါ Quelle Chris ( Gavin Christopher Tennille) ဟာ တစ်ကိုယ်တော် ၊ တခြားသူတွေနဲ့ ပေါင်းပြီး အယ်လ်ဘမ် ၁၅ ချပ် ဖြန့်ချိထားပါတယ်။ Quelle Chris ဟာ အယ်လ်ဘမ်တွေကို နာမည်ရှည်ရှည် ပေးတတ်တဲ့ အဆိုတော်မျိုးပါ။ ဥပမာ ၂၀၁၆ ခုနှစ်က Lullabies For The Broken Brain ဆိုတဲ့ Instrumental Album ၊ ၂၀၁၇ ခုနှစ်မှာ ပဉ္စမမြောက် စတူဒီယိုအယ်လ်ဘမ် Being You Is Great , I Wish I Could Be You More Often တို့ ဖြစ်ပါတယ်။

အခုတစ်ခေါက်တော့ DEATHFAMe နာမည်နဲ့ အယ်လ်ဘမ် တစ်ခု မေလ ၁၃ ရက် ဖြန့်ချိဖို့ ရှိပါတယ်။ DEATHFAME အယ်လ်ဘမ်ထဲက ပထမဆုံးသီချင်းဖြစ်တဲ့ Alive Ain’t Always Living တောင် ဖြန့်ချိထားပါတယ်။ အယ်လ်ဘမ်မှာ သီချင်းပုဒ်ရေ ၁၄ ပုဒ် ပါမှာ ဖြစ်ပြီး Quelle Chris နဲ့အတူ Chris Keys ၊ Navy Blue ၊ Denmark Vessey ၊ J Jig Cicero ၊ Pink Siifu စတဲ့ အနုပညာရှင်တွေလည်း အားဖြည့် ပါဝင်ထားမှာ ဖြစ်ပါတယ်။

(၅) The Smile: A Light for Attracting Attention

အင်္ဂလန် Rock Band တစ်ဖွဲ့ဖြစ်တဲ့ The Smile ရဲ့ COVID-19 Lockdowns ကာလက ဖန်တီးထားတဲ့ သီချင်းတွေကို ပြီးခဲ့တဲ့နှစ် မေလ Glastonbury Festival မှာ တင်ဆက်နိုင်ခဲ့ပါတယ်။ ဒီနှစ်ဆန်းပိုင်းမှာကိုပဲ သီချင်းသစ် ၄ ပုဒ် ဖြန့်ချိခဲ့သလို လန်ဒန်မှာ ဖျော်ဖြေပွဲ ၃ ခု ပထမဆုံးအကြိမ် ပြန်စတင်နိုင်ခဲ့ပါတယ်။ အယ်လ်ဘမ်အဖြစ် တစ်စုတစ်ည်းတည်း အသစ်ကြေညာသွားမယ့် A Light for Attracting Attention အယ်လ်ဘမ်ကို မေလ လယ်မှာ ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။

Featured Photo : complex