နီမန်ညာ မာတစ်ဟာ အာဆင်နယ်အသင်း အိမ်ကွင်း အမ်းမရိတ်စ်မှာ ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း အာဆင်နယ်ပရိသတ်တွေဆီက တိုက်ခိုက်မှုတွေကို မော်ရင်ညိုရဲ့စတိုင်လ်နဲ့ တုန့်ပြန်ခဲ့ပါတယ်။

Nemanja Matic Frustrated

Photo: Tribune

မာတစ်ဟာ စနေနေ့က အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ ရော်နယ်လ်ဒို သွင်းယူခဲ့တဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဧည့်သည် မန်ယူနိုက်တက်ဟာ နောက်ထပ် အခွင့်အရေးတွေကို အဆုံးမသတ်နိုင်ခဲ့တာကြောင့် ယခုရာသီ ၁၀ ပွဲမြောက် ပရီးမီးယားလိဂ်ရှုံးပွဲကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ယခုနွေရာသီမှာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာဖို့ ပြင်ဆင်နေတဲ့ မာတစ်ဟာ ၇၇ မိနစ်မှာ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ လူစားလဲလှယ်ခြင်းခံခဲ့ရပြီး အရန်ခုံတန်းက ထိုင်ခုံကို ရောက်ရောက်ချင်းပဲ အာဆင်နယ်ပရိသတ်တွေဆီကနေ လှောင်ပြောင်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ဆားဘီးယားကွင်းလယ်ကစားသမားဟာ အာဆင်နယ်ပရိသတ်တွေကို ပြန်လည်တုံ့ပြန်ချင်တဲ့စိတ်ကို မအောင့်ထားနိုင်ဘဲ အိမ်ကွင်းပရိသတ်တွေကို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

Matic Showed three fingers towards Arsenal Fans

Photo: Daily Mail

အသက် ၃၃ နှစ်အရွယ် မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့်ဟာ လက် ၃ ချောင်း ထောင်ပြခဲ့ပြီးနောက် အာဆင်နယ်ပရိသတ်တွေကို လက်ညှိုးထိုးပြီး လက်မနဲ့ လက်ညိုးဝိုင်းပြီး သုညပုံစံ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မာတစ်ဟာ ချဲလ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ဘင်ဖီကာနဲ့ ပေါ်တူဂီလိဂ်ဖလားတစ်ကြိမ် ရရှိခဲ့မှုကို ရည်ညွှန်းချင်ပုံပေါ်ပြီး အဲဒီအချိန်ကာလအတွင်း အာဆင်နယ်အသင်းဟာ လိဂ်ဖလားကို ရရှိခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

မာတစ်ရဲ့ အမူအရာဟာ ၂၀၁၈ ခုနှစ်တုန်းက စပါးစ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် မော်ရင်ညိုရဲ့ တုံ့ပြန်မှုနဲ့ တော်တော်လေး ဆင်တူနေခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက မန်ယူနိုက်တက်နည်းပြအဖြစ် တာဝန်ယူနေတဲ့ ပေါ်တူဂီလူမျိုးနည်းပြဟာ ၎င်းရဲ့နည်းပြဘဝမှာ ပရီးမီးယားလိဂ်ဖလားတွေ ဘယ်လောက်အထိ ရရှိထားပြီးပြီလဲဆိုတာနဲ့ပတ်သက်ပြီး တုံ့ပြန်ခဲ့မှုက ထင်ပေါ်ကျော်ကြားခဲ့တာဖြစ်ပါတယ်။ “ရလဒ်က ဘယ်လိုဖြစ်ခဲ့လဲ ခင်ဗျားသိလား။ ၃-၀ လေ။ ဒါပေမယ့် ဒီဟာ(လက် ၃ ချောင်း)ကလည်း ဘာအဓိပ္ပာယ်လဲသိလား။ အဲဒါက ပရီးမီးယားလိဂ် ၃ ကြိမ်ကို ပြောတာ။ ကျွန်တော် တစ်ယောက်တည်း ရခဲ့တဲ့ ပရီးမီးယားလိဂ်ဖလားက ကျန်တဲ့နည်းပြ ၁၉ ယောက်စလုံး ရဖူးတာထက် ပိုများတယ်။ ကျွန်တော်က ၃ ကြိမ်။ သူတို့က ၂ ကြိမ်။ အဲဒီတော့ လေးစားမှုရှိကြစမ်းပါ။ လေးစားမှု ရှိကြစမ်းပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Featured Photo: Sportbible