ကျွန်တော်တို့ရဲ့ မျက်နှာကို ပုံမှန်အားဖြင့် မနက်တစ်ကြိမ် ညတစ်ကြိမ် မျက်နှာသစ်လေ့ ရှိကြပါတယ်။ မျက်နှာသစ် တာဟာ လွယ်ကူရိုးရှင်းတဲ့ အသားအရေ ထိန်းသိမ်းနည်း အဆင့်တစ်ခု ဖြစ်ပေမယ့် မျက်နှာသစ်ခြင်းနဲ့ ပတ်သတ်ပြီး လူတိုင်းလိုလို သတိမထားမိပဲ လုပ်နေမိတဲ့ အမှားလေးတွေ ရှိကြပါတယ်။ မျက်နှာအရေပြားဟာ ပါးလွှာပြီး နူးညံ့တာကြောင့် ပျက်စီးဖို့ ပိုမိုလွယ်ကူတဲ့အတွက် ကွီးတို့အနေနဲ့ သတိထားဆင်ခြင်ရမယ့် မျက်နှာသစ် ရာမှာ မှားတက်တဲ့ အမှား တွေအကြောင်း ပြောပြပေးသွားချင်ပါတယ်။

(၁) မသန့်ရှင်းတဲ့ လက်နဲ့ မျက်နှာသစ် ခြင်း

Photo : iStock

ကျွန်တော်တို့ရဲ့ လက်တွေဟာ နေရာအစုံ ၊ အရာဝတ္ထုမျိုးစုံ ထိတွေ့ကိုင်တွယ်နေတာ ဖြစ်တဲ့အတွက် ဘက်တီးရီးယားပိုးမွှားတွေနဲ့ အညစ်အကြေးများစွာ ကပ်ညှိတွယ်နေနိုင်ပါတယ်။ မျက်နှာကို ထိုကဲ့သို့ မသန့်ရှင်းတဲ့ လက်နဲ့ ထိတွေ့ကိုင်တွယ်ပါက အညစ်အကြေးနဲ့ ပိုးမွှားတွေဟာ မျက်နှာအရေပြားပေါ်မှာ ကပ်ညှိတွယ်သွားနိုင်ပါတယ်။ ဒါကြောင့် မျက်နှာသစ်တော့မယ်ဆိုရင် အရင်ဆုံးလက်ကို ဆေးကြောသန့်စင်ပေးဖို့ လိုပါတယ်။

(၂) မျက်နှာကို အလွန်အကျွံ သို့မဟုတ် အချိန်ကြာမြင့်စွာ ဆေးကြောခြင်း

Photo : iStock

မျက်နှာကို မကြာခဏ သို့မဟုတ် အချိန်အကြာကြီး ဆေးကြောပါက သင့်မျက်နှာအရေပြားပေါ်က သဘာဝအဆီများကို ခမ်းခြောက်စေပြီး ခြောက်သွေ့ယားယံခြင်းကို ဖြစ်စေပါတယ်။ အကောင်းဆုံးကတော့ မနက်အိပ်ရာထချိန် တစ်ကြိမ် ၊ ညအိပ်ရာမဝင်ခင် တစ်ကြိမ်နဲ့ တစ်ကြိမ်ကို စက္ကန့် ၆၀ ခန့် ညင်သာစွာ ပွတ်တိုက်ဆေးကြောပေးရင် လုံလောက်ပါပြီ။

(၃) ဓာတုပစ္စည်းပါတဲ့ မျက်နှာသစ်ဆေးတွေ သုံးခြင်း

Photo : iStock

မျက်နှာသစ်ဆပ်ပြာနဲ့ မျက်နှာသန့်စင်ဆေးတွေမှာ အမွှေးရနံ့တွေ ၊ ကြာရှည်ခံဆေးတွေလို ဓာတုပစ္စည်းတွေများစွာ ပါဝင်နေတက်ပါတယ်။ ဓာတုပစ္စည်းတွေပါဝင်တဲ့ အလှအပရေးရာ ထုတ်ကုန်တွေကို အသုံးပြုတာဟာ မျက်နှာအသားအရေရဲ့ အစိုဓာတ်ကို လျော့ကျစေပြီး အချိန်ကြာလာတာနဲ့အမျှ အသားအရေကို ကြမ်းတမ်းပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာသန့်စင်ဆေးတွေ ဝယ်တဲ့အခါ ပါဝင်ပစ္စည်း အညွှန်းကို ကြည့်ပါ။ သဘာဝပစ္စည်းတွေကို အခြေခံထုတ်ထားတဲ့ ထုတ်ကုန်တွေကို ဦးစားပေးသုံးသင့်ပါတယ်။ လက်ရှိအသုံးပြုနေတဲ့ မျက်နှာသန့်စင်ဆေးက သင့်အသားအရေကို ခြောက်သွေ့စေခြင်း၊ အဆီပြန်ခြင်း ၊ ယားယံခြင်းတွေ ဖြစ်စေပါက အသစ်တစ်မျိုးပြောင်းသုံးဖို့ အကြံပြုချင်ပါတယ်။

(၄) ရေပူနဲ့ မျက်နှာသစ်ခြင်း

Photo : iStock

ရေနွေးက အသားအရေကို နူးညံ့ချောမွေ့စေပြီး ကြည်လင်ဝင်းပစေတယ်လို့ လူသိများပါတယ်။ ဒါပေမယ့် နုနယ်တဲ့ မျက်နှာအသားအရေအတွက် ပူလွန်းတဲ့ရေက အန္တရာယ်ရှိပါတယ်။ ရေပူက မျက်နှာပေါ်က သဘာဝအဆီတွေကို ခမ်းခြောက်စေပြီး အသားအရေ ခြောက်သွေ့ကြမ်းတမ်းခြင်းတွေ ဖြစ်စေပါတယ်။ ဒါ့အပြင် ထိလွယ်ရှလွယ်တဲ့ အရေပြားတစ်သျှူးတွေကို ရောင်ရမ်းမှုဖြစ်စေနိုင်တဲ့အပြင် ချွေးပေါက်တွေကို ကျယ်စေတာကြောင့် အရေပြားအတွင်းပိုင်းအထိ အညစ်အကြေးနဲ့ ဘက်တီးရီးယားပိုးမွှားတွေ အလွယ်တကူ ဝင်ရောက်လာနိုင်ပါတယ်။ ရေနွေးနဲ့သစ်မယ်ဆို အရမ်းမပူတဲ့ ကြက်သီးနွေးရေနဲ့သာ သစ်သင့်ပါတယ်။

(၅) ညစ်ပတ်တဲ့ မျက်နှာသုတ်ပဝါ အသုံးပြုခြင်း

Photo : iStock

တကယ်တော့ ကိုယ် ၊ လက် ၊ ဆံပင်စတဲ့ ခန္ဓာကိုယ်အတွက် အသုံးပြုတဲ့ ပဝါတစ်ထည် ၊ မျက်နှာအတွက် သီးသန့်အသုံးပြုတဲ့ မျက်နှာသုတ်ပဝါတစ်ထည်ဆိုပြီး ခွဲထားဖို့ လိုပါတယ်။ ပဝါတစ်ထည်တည်းကိုပဲ မျက်နှာရော ကိုယ်လုံးအတွက်ပါ ရောပြီးမသုံးသင့်ပါဘူး။ မျက်နှာအတွက်ကိုတော့ နူးညံ့ပြီးသန့်ရှင်းတဲ့ မျက်နှာသုတ်ပုဝါကို အသုံးပြုသင့်ပါတယ်။ မျက်နှာသုတ်ပုဝါကို အနည်းဆုံး ၂ ပတ်တစ်ကြိမ်လောက်တော့ ပုံမှန် လျှော်ဖွတ်သန့်စင်ပေးပါ။ မျက်နှာသုတ်ချိန်မှာလည်း ကြမ်းကြမ်းတမ်းတမ်း ဖိပွတ်တာမျိုး မလုပ်ပါနဲ့။ မျက်နှာအသားအရေဟာ နုနယ်တဲ့အတွက် ခပ်ဖွဖွပဲ ညင်ညင်သာသာ သုတ်သင့်ပါတယ်။

Featured Photo : Urban Company