ကိုယ့်ရဲ့ သွေးသား၊ မျိုးဆက်သစ် လေး မွေး ထုတ်ဖို့ ဆိုတာသည် ဇနီးမယားတွေအပေါ်မှာသာ မူတည်တာမဟုတ်ပါဘူး။ လင်ယောကျာ်း အပေါ်မှာလည်း မူတည်နေပါသေးတယ်။ ပြောရမယ်ဆိုရင်တော့ ၅၀/၅၀ ရာခိုင်နှုန်းစီ မူတည်နေပါတယ်။ ကွီးတို့မှာလည်း လိုအပ်တဲ့ ၅၀ ရာခိုင်နှုန်း ပြည့်စုံပြီး ကွီးတို့ရဲ့ မဟေသီဆီမှာလည်း လိုအပ်တဲ့ ၅၀ ရာခိုင်နှုန်း ပြည့်စုံသွားမှသာလျှင် မျိုးဆက်သစ် ကလေးလေး တစ်ယောက်ကို မွေး ထုတ်နိုင်မှာဖြစ်ပါတယ်။
ကွီးတို့အနေနဲ့ ကိုယ့်ဘက်ကလည်း လိုအပ်ချက် မရှိရလေအောင် အခုဖော်ပြပေးမယ့် အချက်များကို လိုက်နာသင့်တာတွေ လိုက်နာ၊ ရှောင်ကြဥ်သင့်တာတွေ ရှောင်ကြဥ်ဖို့ လိုအပ်ပါတယ်။
(၁) ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အာဟာရ မျှတ စုံလင်စွာ စားသုံးပါ
ကွီးတို့ရဲ့ ခန္ဓာကိုယ်သည် မျိုးပွားဖို့ရန်အတွက် လိုအပ်တဲ့ သုတ်ပိုးအရေအတွက်များကို ထုတ်လွှတ်ပေးနိုင်ဖို့ရန်အတွက် ဗီတာမင်နဲ့ သတ္တုဓာတ်များစွာ လိုအပ်ပါတယ်။ ကိုယ် စားသုံးလိုက်တဲ့ အစားအစာက ဗီတာမင်နဲ့ သတ္တုဓာတ်များ၊ အာဟာရဓာတ်များ ပြည့်ဝ စုံလင်နေမှသာလျှင် သုတ်ပိုး အရေအတွက်ရော သုတ်ပိုး ကွာလတီပါ ကောင်းမွန်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ များများစားသုံးပါ။ ပရိုတင်းဓာတ်များ မှီဝဲပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ သဘာဝ အဆီများကိုသာ စားသုံးသင့်ပါတယ်။
(၂) အဝမလွန်အောင် ဂရုစိုက်ပါ
အဝလွန်သော အမျိုးသားများ၊ ကိုယ်အလေးချိန် နည်းလွန်းသော အမျိုးသားများသည် ကျန်းမာရေးနဲ့ ညီညွှတ်သော ခန္ဓာကိုယ် အချိုးအစား ရှိတဲ့ အမျိုးသားများထက် မျိုးအောင်နှုန်းသည် အင်မတန်မှ နည်းပါတယ်လို့ လေ့လာတွေ့ရှိချက်များအရ တွေ့ရှိရပါတယ်။ ဒါ့ကြောင့်မို့လို့ ကွီးတို့အနေနဲ့ ဝိတ်တက်စေမယ့် အစားအစာများ၊ အဆီ အဆိမ့် လွန်ကဲသော အစားအစာများကို ရှောင်ကြဥ်သင့်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ နေထိုင်မှုဘဝကလည်း ကျန်းမာရေးနဲ့ ညီညွှတ်ဖို့လည်း လိုအပ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု မရှိဘဲ တဇွတ်ဇွတ် စားနေမယ်ဆိုရင်တော့ တအိအိနဲ့ ဝိတ်တက်လာပြီး အဝလွန်သွားမှာ အမှန်ပါပဲ။
(၃) လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ပါ
လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ပေးခြင်းသည်လည်း ကွီးတို့ရဲ့ မျိုးအောင်နှုန်းကို မြင့်မားစေပါတယ်။ ဒါက အပိုစာသား တစ်ခွန်းမှ မပါပါဘူး။ ဒါပေမဲ့ တစ်ခု သတိထားရမှာကတော့ လေ့ကျင့်ခန်း အပြင်းအထန် ပြုလုပ်ခြင်းကလည်း သုတ်ပိုး ထုတ်လွှတ်မှုနှုန်းကို လျော့ကျသွားစေပြီး Testosterone Level ကိုလည်း လျော့နည်းသွားစေပါတယ်။ ဒါ့ကြောင့် တန်ဆေး လွန်ဘေး မဖြစ်ရလေအောင် သင့်တင့်မျှတတဲ့ လေ့ကျင့်ခန်းကို ချိန်ညှိပြီး ပြုလုပ်ဖို့ လိုအပ်ပါတယ်။
(၄) အပူချိန် မှန်ကန်အောင် ထိန်းညှိပါ
သုတ်ပိုး ကွာလတီနဲ့ အရေအတွက်သည် မြင့်မားလွန်းတဲ့ အပူချိန်ကြောင့် အရေအတွက် နည်းတာမျိုးနှင့် ကွာလတီကျ သွားတတ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကွီးတို့ရဲ့ ကြက်ဥ နှစ်လုံးသည်လည်း အပူချိန် ၃၆ ဒီဂရီထက် မကျော်လွန်အောင် ဂရုစိုက်သင့်ပါတယ်။ ကွီးတို့အနေနဲ့ နေပူထိထားတဲ့ ဆိုင်ကယ်ထိုင်ခုံ၊ ကားထိုင်ခုံပေါ်မှာ ထိုင်ခြင်း၊ ရေနွေးပူ စိမ်ကန်ထဲမှာ အချိန်ကြာကြာ ရေစိမ်ခြင်းမှလည်း ရှောင်ကြဥ်သင့်ပါတယ်။
(၅) ကြပ်ထုပ်လွန်းသော အဝတ်အစားများ ဝတ်ဆင်ခြင်းမှ ရှောင်ကြဥ်ပါ
ကြပ်ထုပ်လွန်းသော အောက်ခံ ဘောင်းဘီများ၊ လေဝင်လေထွက်မကောင်းသော ဘောင်းဘီများကလည်း ကွီးတို့ရဲ့ သုတ်ပိုးထုတ်လွှတ်မှုအပေါ် ဆိုးကျိုးသက်ရောက်မှု များစွာ ရှိပါတယ်။ မျိုးဆက်သစ် လေး မွေး ထုတ်ဖို့ ကြံစည်နေတဲ့ ကွီးတို့အနေနဲ့ လေဝင်လေထွက်ကောင်းပြီး ပေါ့ပါးလွတ်လပ်တဲ့ အဝတ်အစားများကို ဝတ်ပေးခြင်းအားဖြင့် သုတ်ပိုး ကွာလတီနဲ့ အရေအတွက်ကို မြှင့်တင်ပေးနိုင်ပါတယ်။
ဒါဆိုရင်တော့ ကွီးတို့လည်း ကလေးယူဖို့ ဘာတွေ ဆောင်ရမလဲ၊ ရှောင်ရမလဲ ဆိုတာတွေကို သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။
မသိသေးတဲ့ ဘော်ဒါတွေကိုလည်း လက်တို့ပေးလိုက်ပါဦးဗျို့…
Source: Pearl-fertility
Featured Image: Freepik