အင်္ဂလန် လက်ရွေးစင်အသင်းနဲ့ မန်ချက်စတာစီးတီး ဂိုးသမားဟောင်း ဂျိုးဟတ် ကတော့ ရာသီကုန်မှာ မြက်ခင်းစိမ်းကို စွန့်ခွာတော့မှာဖြစ်ပြီး ဘောလုံးလောကကနေ အပြီးတိုင် အနားယူသွားတော့မယ်လို့ ကြေညာလိုက်ပါတယ်။
Photo : Times of Malta
မကြာခင် အသက် ၃၇ နှစ် ပြည့်တော့မှာဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်းဟာ ရှရူးဘူရီအသင်းနဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့သူပါ။ ၂၀၀၆ ခုနှစ်မှာတော့ ရှရူးဘူရီကနေ မန်ချက်စတာစီးတီးကို ပြောင်းရွေ့လာခဲ့ပါတယ်။ မန်ချက်စတာ စီးတီးအသင်းနဲ့အတူ ၁၂ နှစ်တာကာလအတွင်း ပွဲပေါင်း ၃၄၈ ပွဲ ပါဝင်ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၂ ကြိမ် ဆွတ်ခူးရရှိခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာတော့ ဂျိုးဟတ်ဟာ ဆဲလ်တစ်အသင်းကို ၃ နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့ပြီး ဒီရာသီပွဲပေါင်း ၃၄ ပွဲ ကစားထားကာ Clean Sheet ၁၃ ကြိမ် ရရှိထားပါတယ်။ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း နည်းပြ ပိုစတီကိုဂလူး လက်အောက် ဆဲလ်တစ်အသင်းအတွက် ပြည်တွင်းဆုဖလား ၆ လုံးမှာ ၅ လုံး ဆွတ်ခူးရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ဂျိုးဟတ်ဟာ ဆဲလ်တစ်အသင်းနဲ့အတူ လိဂ်ဖလား ၂ ကြိမ် ရရှိထားပြီး စကော့တလန် ဖလားနဲ့ စကော့တလန် လိဂ်ဖလား ၂ ကြိမ် ဆွတ်ခူးရရှိခဲ့ပါတယ်။ ဆဲလ်တစ်အသင်းကို မပြောင်းမီ တိုရီနို ၊ ဘန်လေနဲ့ တော့တင်ဟမ် ဟော့စပါး အပါအဝင် အခြားကလပ်အသင်းများစွာကိုလည်း ပြောင်းရွေ့ကစားခဲ့ ဖူးပါတယ်။
Photo : The Independent
အင်္ဂလန် လက်ရွေးစင်အသင်း အတွက်လည်း ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားနဲ့ ယူရို ၂ ပွဲအပါအဝင် ပွဲပေါင်း ၇၅ ပွဲ ပါဝင် လက်စွမ်းပြ ကစားပေးခဲ့ပါတယ်။ ဒီရာသီ မကုန်ခင်အထိတော့ အင်္ဂလန်နဲ့ မန်စီးတီး ဂိုးသမားဟောင်းရဲ့ ဆဲလ်တစ်အသင်းနဲ့ လက်ကျန်ပွဲစဉ်တွေကို ပရိသတ်တွေ ကြည့်ရှုခွင့်ရဦးမှာပဲ ဖြစ်ပါတယ်။
Featured Photo : Sky Sports