Documentary ခေါ်တဲ့ မှတ်တမ်းရုပ်ရှင် တွေအကြောင်းပြောရရင် တော်တော်များများက ပျင်းစရာကောင်းတယ်လို့ ထင်ကြပါတယ်။ တကယ်တော့ ကွီးတို့ထင်သလို မဟုတ်ပါဘူး။ မှတ်တမ်းရုပ်ရှင်တွေဟာ ပုံမှန်ရုပ်ရှင်တွေနဲ့ မတူကွဲပြားနေသလို စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေ ၊ အဖြစ်အပျက်ဆန်းတွေ ၊ မှတ်တမ်းရာဇဝင်တွေနဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းတွေ အများကြီး ပါဝင်နေပြီး စူးစမ်းလေ့လာ ချင်သူတွေအတွက်တော့ တကယ်ကိုပဲ ဗဟုသုတရစရာ များစွာရရှိစေမှာပါ။ ဒါ့ကြောင့် ဒီတစ်ခေါက်မှာတော့ ရုပ်ရှင်ချစ်သူ ကွီးပရိသတ်တွေအနေနဲ့ မှတ်တမ်းရုပ်ရှင်တွေရဲ့ အနှစ်သာရကို သေချာခံစားကြည့်နိုင်ဖို့ ကောင်းနိုးရာရာ Documentary ရုပ်ရှင်ကားကောင်းတွေကို ညွှန်းပေးပါမယ်။

(၁) Formula 1: Drive to Survive (2019)

 

Source : Netflix

၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Formula 1: Drive to Survive ရုပ်ရှင်ကတော့ နာမည်ကြီး Formula 1 ကားပြိုင်ပွဲအတွင်းက အဖြစ်အပျက် အကြောင်းအရာတွေကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် စီးရီးတစ်ခု ဖြစ်ပါတယ်။ Formula 1: Drive to Survive (2019) ရုပ်ရှင်စီးရီးမှာ Seasons ၆ ပိုင်း ပါဝင်ပြီး Formula 1 ပြိုင်ပွဲအကြောင်းကို အသေးစိတ် ရိုက်ကူးတင်ဆက်ထားပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်နဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေလည်း များစွာရှိခဲ့သလို တပြိုင်နက်တည်းမှာပဲ ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုလည်း အမြောက်အများရရှိထားပြီး IMDb Rating 8.5/10 အထိ ရရှိထားပါတယ်။

(၂) Hot Girls Wanted (2015)

Source : Netflix Philippines

၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Hot Girls Wanted မှတ်တမ်းရုပ်ရှင်ကတော့ ဖြစ်ရပ်မှန်ကို ရိုက်ကူးပြသထားတဲ့ မှတ်တမ်းရုပ်ရှင် ကောင်း တစ်ခုပါ။ 18+ Documentary ရုပ်ရှင်ဖြစ်တာကြောင့် မိသားစုဝင်တွေ ၊ ကလေးငယ်တွေနဲ့တော့ အတူတူမကြည့်ဖို့ ကြိုတင်သတိပေးပါရစေ။ ဒီဇာတ်ကားဟာ ငယ်ရွယ်ပြီး တက်ကြွတဲ့ ၁၈ ၊ ၁၉ အရွယ် အမျိုးသမီးငယ်လေးတွေရဲ့ ချမ်းသာအောင်မြင်မှုရဖို့အတွက် ဖြတ်လမ်းလိုက် လမ်းမှားရောက်ကြရတဲ့ အဖြစ်အပျက်တွေကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားက IMDb Rating 6.1/10 အထိ ရရှိထားပါတယ်။

(၃) Seaspiracy (2021)

Source : Netflix

ကမ္ဘာပေါ်က သဘာဝအလှတရားတွေဟာ လူသားတွေရဲ့ လက်ချက်ကြောင့်ပဲ တစ်စထက်တစ်စ ယို့ယွင်းပျက်စီးလာနေတယ်ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားတစ်ခုပါ။ ၂၀၂၁ ခုနှစ်မှာ ထွက်ခဲ့တဲ့ Seaspiracy လို့ နာမည်ပေးထားတဲ့ မှတ်တမ်းရုပ်ရှင် ကတော့ ပင်လယ်သမုဒ္ဒရာကြီး ချစ်မြတ်နိုးတဲ့ Filmmaker တစ်ဦးရဲ့ အဏ္ဏဝါမျိုးစိတ်အပေါ် လူသားတွေ ပြုမူလုပ်ဆောင်နေတဲ့ အန္တရာယ်အကြီးဆုံး လုပ်ရပ်အဖြစ်အပျက်တွေကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုကြည့်ရင် ပင်လယ်သမုဒ္ဒရာနဲ့ ရှားပါး အဏ္ဏဝါမျိုးစိတ်တွေကို လူသားတွေ ဘယ်လောက်ထိ အန္တရာယ်ပြုနေလဲဆိုတာကို ထိတ်လန့်ဖွယ်မြင်တွေ့ရမှာဖြစ်သလို သဘာဝတရားကြီးကို ပိုမိုထိန်းသိမ်းစောင့်ရှောက်မိဖို့ စိတ်အားထက်သန်လာမိမှာပါ။ ဒီရုပ်ရှင်က IMDb Rating 8.1/10 အထိ ရရှိထားပါတယ်။

(၄) The Great Hack (2019)

Source : Netflix

The Great Hack (2019) ရုပ်ရှင်ဇာတ်ကားကတော့ ယနေ့ခေတ်လို ဆိုရှယ်မီဒီယာတွေ ၊ လူမှုကွန်ယက်တွေကို နေ့စဉ်နဲ့အမျှ အသုံးပြုနေကြတဲ့ သူတိုင်းလိုလိုကြည့်ရမယ့် မှတ်တမ်းရုပ်ရှင် ကားကောင်းတစ်ကားပါ။ ဂျာနယ်လစ် Carole Cadwalladr ရဲ့ဖော်ထုတ်တွေ့ရှိချက်အရ Cambridge Analytica အမည်ရှိတဲ့ ဒေတာကုမ္ပဏီတစ်ခုဟာ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲအပြီးမှာ ဆိုရှယ်မီဒီယာနဲ့ နည်းပညာရဲ့ အမှောင်ဘက်ခြမ်းကို အသုံးချပြီး လူတွေကို လှည့်ဖြားခဲ့တာတွေ ၊ နိုင်ငံရေး အမြတ်ထုတ်တာတွေကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ နည်းပညာရဲ့ တိုးတက်လာမှုတွေနဲ့အတူ လူတွေအပေါ်သက်ရောက်လာတဲ့ မကောင်းတဲ့ဘက်ခြမ်းက ဘေးထွက်ဆိုးကျိုးတွေအကြောင်းကို မျက်ဝါးထင်ထင် မြင်တွေ့ခံစားရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကလည်း IMDb Rating 7.0/10 ရရှိထားပါတယ်။

ကွီးတို့ရော Documentary ရုပ်ရှင်တွေ ကြည့်ရတာ ကြိုက်လား ???

Source : MovieWeb

Featured Photo : DadLife Magazine