အောင်မြင်နေတဲ့လူတွေကို ကြည့်လိုက်ရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့်နဲ့ မြင်တွေ့ရတာကြောင့် သူတို့သည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိအောင် ဘယ်လို လေ့ကျင့် ယူကြသလဲဆိုတာကို စိတ်ဝင်စားနေကြမှာ အမှန်ပါပဲ။

ဘယ်သူကမှ မွေးကတည်းက ယုံကြည်ချက်အပြည့်နဲ့ မွေးဖွားလာကြတာ မဟုတ်ပါဘူး။ အချို့ကလည်း သူတို့ရဲ့ မိဘ ပတ်ဝန်းကျင် သွန်သင်ဆုံးမမှုတွေကြောင့် ယုံကြည်ချက်ရှိတဲ့ကလေးကနေ လူကြီးအဖြစ် ပြောင်းလဲသွားကြတာ ဖြစ်ပါတယ်။ အချို့ကလည်း “ငါ လုပ်တာသည်အမှန်၊ ငါ့ကို ပြန်ခံမပြောနဲ့” စတဲ့ အာဏာရှင်ဆန်တဲ့ သွန်သင်ဆုံးမမှုတွေ၊ ဖိနှိပ်ချုပ်ချယ်ခံရမှုတွေကြားက ကြီးပြင်းလာရတဲ့ ကလေးသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်များ ပျောက်ဆုံးသွားတတ်ပါတယ်။

ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိလို့ပဲဖြစ်ဖြစ်၊ လူကြီးပိုင်းရောက်မှ ကိုယ်ကိုယ်ကိုယ် ယုံကြည်ချက် ရှိအောင် လေ့ကျင့် ချင်လို့ပဲဖြစ်ဖြစ် အခုဖော်ပြပေးမယ့် နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။

လုပ်စရာကိစ္စများကို ပြီးမြောက်အောင် လုပ်ဆောင်ပါ

ယုံကြည်ချက် လေ့ကျင့်

ယုံကြည်ချက်သည် ကိုယ့်ရဲ့ ပြီးမြောက်အောင် လုပ်ဆောင်နိုင်စွမ်းကြောင့် ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကွီးတို့သည် ကိစ္စအသေး အဖွဲ့လေးကအစ အောင်မြင်အောင် လုပ်ဆောင်နိုင်ရင်တောင်မှ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူလိုက်ပါ။ ကိုယ့်ရဲ့တစ်ရက်တာ လုပ်ဆောင်နိုင်စွမ်း၊ တစ်ပတ်တာ၊ တစ်လတာအတောအတွင်းမှာ ဘယ်လိုအရာတွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သလဲဆိုတာ ပြန်လည်ဆန်းစစ်ကြည့်လိုက်ပါ။

အချိန်မဆွဲဘဲ ကိုယ် လုပ်ဆောင်စရာရှိတာကို မြန်မြန်ပြီးမြောက်အောင် လုပ်ဆောင်ကြည့်လိုက်ပါ။ ကိစ္စအများအပြားကို အချိန်တိုအတွင်း မြန်မြန်လုပ်ဆောင်နိုင်လေ “ငါ လုပ်နိုင်ပါလား” ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်များ တိုးမြှင့်လာလေပါပဲ။

ကိုယ့်ရဲ့အခြေအနေကို အမြဲတစေ လေ့လာပါ

ယုံကြည်ချက် လေ့ကျင့်

တိုးတက်မှုဆိုတာသည် နေ့ချင်းညချင်း ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ အချိန်အတိုင်းအတာတစ်ခုအထိ ကြာနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့တစ်နေ့တာ လုပ်ဆောင်နိုင်ခဲ့တဲ့ စွမ်းဆောင်ရည်ကို မှတ်တမ်းတင်ထားပါ။ တစ်ပတ်ကြာတဲ့အခါ ဘယ်လောက်ထိ တိုးတက်လာသလဲဆိုတာကို ပြန်လည်ဆန်းစစ်ကြည့်ပါ။ တစ်လကြာတဲ့အခါမှာ သိသာထင်ရှားတဲ့ ရလာဒ်ကို မြင်တွေ့ရမှာဖြစ်ပြီး တစ်နှစ်ကြာတဲ့အခါမှာတော့ ကိုယ့်ရဲ့ ကြိုးစားမှုကြောင့် အောင်မြင်မှုအသီးအပွင့်များကို ခံစားရမှာပဲ ဖြစ်ပါတယ်။ ကိုယ့်ဘဝသည် တဖြည်းဖြည်း အောင်မြင်လာကာ အမြင့်သို့ တက်လှမ်းလာသည်နှင့်အမျှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်လည်း မြင့်မားလာမှာဖြစ်ပါတယ်။

ကြောက်ရွံ့ခြင်း မရှိပါနဲ့

ယုံကြည်ချက် လေ့ကျင့်

ကြောက်ရွံ့ခြင်းသည် သင့်ဘဝအတွက် ရန်သူတစ်ပါးပဲ ဖြစ်ပါတယ်။ အရာရာတိုင်းမှာ ကြောက်ရွံ့နေမယ်ဆိုရင် ဘာမှ လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိချင်တယ်ဆိုရင် အကြောက်တရားကို ဖယ်ရှားဖို့ လိုအပ်ပါမယ်။ ကိုယ် လုပ်လိုက်လို့ တစ်စုံတစ်ရာ မှားယွင်းသွားမှာကိုလည်း မကြောက်ပါနဲ့။ အမှားကနေ သင်ခန်းစာယူနိုင်ခြင်းသည်လည်း အမြတ်တစ်ခုပဲမဟုတ်လား။

အခြားသူတွေ ကိုယ့်ကို ဝေဖန်ကဲ့ရဲ့ကာ အပြစ်တင်မှာကိုလည်း ကြောက်ရွံ့မနေပါနဲ့။ အခြားသူတွေက ကိုယ့်ကို ဘယ်လိုတွေးထင်နေမှာလဲ ဆိုတဲ့ အကြောက်တရားကိုလည်း ဖယ်ရှားပစ်လိုက်ပါ။ အကြောက်တရားကို ဖယ်ရှားနိုင်လိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ တိုးမြှင့်လာမှာပဲဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ချစ်ပါ

ယုံကြည်ချက် လေ့ကျင့်

ဒီနည်းလမ်းသည်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မြင့်မားအောင် လေ့ကျင့် ပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ ကိုယ့်ဖို့ပဲ တွေးတယ်ဆိုတဲ့ အတ္တဆန်ခြင်းမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ အခြားသူတွေကိုပဲ ရှေ့တန်းတင်ကာ ဦးစားပေးနေမယ့်အစား ကိုယ့်ကိုယ်ကိုယ်လည်း ဦးစားပေးပါ။ ချစ်ပါ။ ကိုယ့်ကိုယ်ကိုယ်မှ မချစ်ရင် ဘယ်သူကမှ ကိုယ့်ကို လေးစား ချစ်ခင်မှာမဟုတ်ပါဘူး။

ကိုယ့်ရဲ့အားသာချက်တွေကို သတိရလိုက်ပါ

confident man

ကိုယ့်ကိုယ်ကိုယ် အားငယ်စိတ်ဝင်လာတဲ့အခါ ကိုယ့်ရဲ့အားသာချက်များကို ပြန်လည်သတိရလိုက်ပါ။ ကွီးတို့ရဲ့ အားသာချက်တွေသည် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်မဝင်ရလေအောင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မြင့်မားလာအောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့် စိတ်အားငယ်တဲ့အခါ ကိုယ့်ရဲ့ အားနည်းချက်တွေကို ပြန်လည်မြင်ယောင်နေမယ့်အစား အားသာချက်တွေကိုသာ ပြန်လည်ဖော်ထုတ်လိုက်ပါ။

ကိုယ့်ကို ပျော်ရွှင်စေတဲ့အရာများကို လုပ်ဆောင်ပါ

confident man

ကွီးတို့ရဲ့ အားလပ်ချိန်မှာ ဘယ်လို Activity မျိုးကို လုပ်ဆောင်ရတာ နှစ်သက်ပါသလဲ။ စာဖတ်ရတာမျိုးကို နှစ်သက်သူလည်း ရှိနိုင်သလို၊ စက်ဘီးစီးခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း (သို့) ရုပ်ရှင်ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ပိတ်ရက်မှာ ခရီးသွားခြင်း အစရှိတဲ့ Activity မျိုးစုံကိုမှ ကိုယ့်ရဲ့ စိတ်အခြေအနေပေါ် မူတည်ပြီး အကြိုက်တွေလည်း မျိုးစုံ ပြောင်းလဲလာပါလိမ့်မယ်။

အလုပ်ကြောင့်ပဲဖြစ်ဖြစ်၊ စီးပွားရေး၊ လူမှုရေးကိစ္စအဝဝကြောင့် စိတ်ပင်ပန်းရတဲ့အခါ ကိုယ် နှစ်သက်တဲ့ အလုပ်တစ်ခုခုကို လုပ်ဆောင်ရင်း ဘဝအမောများကို ဖြေဖျောက်လိုက်ပါ။ ဘဝကြီးက တိုတိုလေးပါပဲ။ တိုတောင်းလှတဲ့ လူ့ဘဝမှာ အလုပ်လည်း ကြိုးစားရင်း ကုန်ခမ်းသွားတဲ့ အားအင်များအတွက် ပြန်လည်အားအင်သွန်းလောင်းဖို့ လိုအပ်သေးတယ် မဟုတ်လား။

ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းပါ

confident man

သင်သည် ကိုယ့်ကိုယ်ကိုယ် မတော်ဘူး။ လုပ်နိုင်မှာမဟုတ်ဘူးဆိုတဲ့ Negative အတွေးအခေါ်တွေ စိတ်ထဲဝင်ရောက်နေမယ်ဆိုရင် ဘယ်လိုမှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိနိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မြင့်မားနေဖို့ရန်အတွက် လေ့ကျင့် ယူရမယ့် အကောင်းဆုံးနည်းလမ်းကတော့ ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းခြင်းပဲဖြစ်ပါတယ်။ “ငါ လုပ်နိုင်တယ်။ ရအောင်လုပ်မယ်၊ ဘာမှ ကြောက်စရာမလိုဘူး” စသည်ဖြင့် ကိုယ့်ကိုယ်ကိုယ် အားပေးကာ ချီးမွမ်းသင့်တန် ချီးမွမ်းရမှာပဲ ဖြစ်ပါတယ်။

ဒီနည်းလမ်းလေးတွေက ကွီးတို့ကို အောင်မြင်တဲ့ လူသားတစ်ယောက်ဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိတဲ့လူသားတစ်ယောက်ဖြစ်အောင် ကူညီပေးမယ့် အလေ့အကျင့်တွေပဲဖြစ်ပါတယ်။ ဘဝမှာ ယုံကြည်ချက်တွေ ပျောက်ဆုံးသွားတဲ့အခါ ဒီအချက်တွေကိုသာ သတိရလိုက်ပါ။

Source: Forbes

Featured Image: Bestlifeonline