ယူနိုက်တက် လူငယ်ကြယ်ပွင့် အာမက် ဒီယာလို ကတော့ သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာပေါ်က မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပတ်သတ်သမျှ ပုံတွေအားလုံးကို ဖယ်ရှားလိုက်ပြီး အခုလို လုပ်ရတဲ့အကြောင်းအရင်းကို ရှင်းပြလာခဲ့ပါတယ်။
Photo : Sports Brief
အိုင်ဗရီကို့စ် လက်ရွေးစင်ဟာ တနင်္လာနေ့မှာ သူ့ရဲ့ အင်စတာဂရမ် လူမှုကွန်ယက်အကောင့်မှာရှိတဲ့ ယူနိုက်တက်နဲ့ ပတ်သတ်ပြီး တင်ထားသမျှ ပို့စ်တွေအားလုံးကို ဖျက်ပစ်ခဲ့တာပါ။
အသက် ၂၁ နှစ်အရွယ် တောင်ပံ့ကစားသမားကတော့ ရာမန်ဒန် ဥပုသ်ကာလ ဖြစ်တဲ့အတွက် အခုလို ဆိုရှယ်မီဒီယာပေါ်က လှုပ်ရှားမှုတွေကို ဖယ်ရှားလိုက်တာ ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။
” ရာမန်ဒန် ဥပုသ်ကာလကို သေချာအာရုံစိုက်နိုင်ဖို့ ကျွန်တော်ရဲ့ ဆိုရှယ်မီဒီယာကို တစ်လလောက် နားလိုက်ပါပြီ။ ဒါက ကျွန်တော့်အတွက် အမွန်မြတ်ဆုံး လတစ်လဖြစ်သလို ဥပုသ်ကာလအတွင်းမှာ ဆိုရှယ်မီဒီယာပေါ်ကနေ မမြင်သင့်တာတွေ မမြင်ရအောင်ပါ။ မမုန်းမပွားပါနဲ့။ ကျွန်တော်လုပ်ခဲ့တာ ဘာမှအမှား မရှိပါဘူး” လို့ စနက်ချက် လူမှုကွန်ယက် ကနေတဆင့် ရေးသားခဲ့ပါတယ်။
ဒီယာလို ဟာ ပြီးခဲ့တဲ့ ရာသီက ဆန်းဒါးလန်းကို အငှားနဲ့ သွားရောက်ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၃၇ ပွဲကစားကာ ၁၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒီရာသီမှာတော့ ယူနိုက်တက် စီနီယာအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ စိန်ခေါ်မှုအပြည့်နဲ့ အသင့်ဖြစ်နေခဲ့တာပါ။
Photo : The Sun
ဒါပေမယ့် ရာသီကြို ခြေစမ်းပွဲခရီးစဉ်အတွင်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး ဒီဇင်ဘာလမှ ပြန်လည် သက်သာလာခဲ့တဲ့ တောင်ပံ့ကစားသမားဟာ ယူနိုက်တက်ကို ပြန်ရောက်လာပြီးကတည်းက ပရီးမီးယားလိဂ် ၂ ပွဲအပါအဝင် စုစုပေါင်း ၃ ပွဲသာ ပါဝင်ကစားခွင့် ရခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က အဲဗာတန်ကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာလည်း လူစားဝင်ကစားသမား အနေနဲ့သာ ပါဝင်ကစားခွင့် ရခဲ့ပါတယ်။
Featured Photo : SPORTbible