အကယ်၍ မန်ချက်စတာ ယူနိုက်တက် အသင်းဘက်ကသာ ဘာစီလိုနာ နည်းပြဟောင်း ဇာဗီကို ကမ်းလှမ်းခဲ့မယ်ဆိုရင် ချက်ချင်းပြောင်းရွေ့လာနိုင်တယ်လို့ အပြောင်းအရွှေ့ဂုရု ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာပြောကြား လာခဲ့ပါတယ်။ လက်ရှိ ယူနိုက်တက်နည်းပြ အာမိုရင်ဟာ ရာသီအစမှာကတည်းက အသင်းရဲ့အရှက်တကွဲ အရှုံးရလဒ်တွေ ထွက်ပေါ်လာခဲ့ပြီးနောက်မှာ ရာထူးကနေ ထုတ်ပယ်ခံရဖို့ အလားအလာ များနေတာပါ။
Photo : Goal.com
နည်းပြအာမိုရင်ရဲ့ ကိုင်တွယ်မှုအောက်မှာ ယူနိုက်တက်ရဲ့ အနာဂတ်ဟာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပြီး ဒီရာသီအစ ၆ ပွဲ ကစားပြီးချိန်မှာ ၃ ပွဲ အရေးနိမ့်ထားပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ဘရန့်ဖို့ဒ်ကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်မှာ ပေါ်တူဂီနည်းပြအနေနဲ့ ဖိအားတွေ ပိုများလာခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာ နည်းပြဟောင်း ဇာဗီဟာ မသေချာ မရေရာမှုတွေနဲ့ ရုန်းကန်နေရတဲ့ ယူနိုက်တက် အသင်းကို ကိုင်တွယ်ဖို့ ဆန္ဒရှိနေတယ်လို့ ဖာဘရီဇီယို ရိုမာနိုက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ရိုမာနိုက သူ့ရဲ့ Youtube ချန်နယ်ကနေတဆင့် ” ဇာဗီက ပရီးမီးယားလိဂ်ကို လေ့လာနေပါတယ်။ သူ့အနေနဲ့ ပရီးမီးယားလိဂ်ကို စောင့်ကြည့်နေပြီး အကယ်၍များ ယူနိုက်တက်ဘက်က ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ဥရောပပွဲစဉ်တွေ မရှိရင်တောင် ပရီးမီးယားလိဂ်ကို ချက်ချင်းလာနိုင်တယ် ” ပြောဆိုသွားခဲ့ပါတယ်။
လက်ရှိ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေကတော့ နည်းပြအပြောင်းအလဲ လုပ်ဖို့ကို ဆုံးဖြတ်ချက် မရသေးပေမယ့် ဇာဗီရဲ့ စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့တာကြောင့်ပဲ နည်းပြ အာမိုရင်ရဲ့ အခြေအနေက စိုးရိမ်စရာ ဖြစ်လာခဲ့တာတော့ အမှန်ပါ။ ၂၀၂၂ – ၂၀၂၃ ဘောလုံးရာသီမှာ လာလီဂါနဲ့ စူပါကိုပါဖလားတွေကို ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ဘာစီလိုနာနည်းပြဟောင်းဟာ ယခုနှစ်အစောပိုင်းမှာ နူးကမ့်ကနေ ထွက်ခွာပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။
Photo : Sportskeeda
စပိန်သားရဲ့ တိုက်စစ်ပိုင်း အတွေးအခေါ်နဲ့ အသင်းအပေါ် ကိုင်တွယ်နိုင်စွမ်းဟာ ယူနိုက်တက်အတွက်တော့ မျက်စိကျစရာ ဖြစ်နေပါတယ်။ လာမယ့် ပွဲစဉ်တွေရဲ့ရလဒ်တွေဟာ နည်းပြအာမိုရင်ရဲ့အနာဂတ်အတွက် ပြတ်သားတဲ့ အဆုံးအဖြတ်တစ်ခု ဖြစ်လာနိုင်ပြီး အကယ်၍ အခြေအနေတွေ ဆက်လက် ဆိုးရွားနေပါက ဇာဗီဟာ သရဲနီတို့ရဲ့ ဦးစားပေး ရွေးချယ်စရာ ဖြစ်လာနိုင်ပါတယ်။
Source : Goal.com
Featured Photo : Football365