မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ဟာ တနင်္လာနေ့ မနက်ပိုင်းမှာ ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကံကောင်းစွာနဲ့ပဲ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ မရရှိခဲ့ကြောင်း Daily Mail သတင်းမှာ ဖော်ပြထားပါတယ်။

အဆိုပါ ယာဉ်တိုက်မှုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ အန်ဖီးလ်မှာ ခါးသီးတဲ့ပြိုင်ဘက် လီဗာပူးလ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် အရေးကြီးတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်ခင် တစ်ရက်အလိုမှာ ဖြစ်ပွားသွားခဲ့တာပါ။

Photo : Man Utd News

အသက် ၂၇ နှစ်အရွယ် ယူနိုက်တက်ကြယ်ပွင့်ဟာ ၎င်းရဲ့ Porsche ကားနဲ့အတူ ချက်ရှိုင်းယားက အိမ်အနီးမှာ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်တိုက်မှု ဖြစ်စဥ်အတွင်း ဘရူနို ဖာနန်ဒက်စ် အပါအဝင် တစ်ဖက်ယာဉ်ပေါ်က လူများအားလုံးလည်း ထိခိုက်ဒဏ်ရာကြီးကြီးမားမား မရရှိခဲ့ဘူးလို့ သိရပါတယ်။

အခင်းဖြစ်ပွားရာနေရာမှ ထွက်ပေါ်လာခဲ့တဲ့ ဓာတ်ပုံတွေအရတော့ ဖာနန်ဒက်စ်ရဲ့ ပေါင် ၉၀၀၀၀ တန် Porsche ကားရဲ့ ယာဉ်မောင်းဘက်ခြမ်းနေရာက အတော်လေး ပျက်စီးသွားခဲ့ပြီး တစ်ဖက်က Volkswagen ကားရဲ့ အတွင်းဘက် အရှေ့လေအိတ်များ ပွင့်ထွက်နေကာ ညာဘက်အရှေ့ခြမ်း ဘီးနေရာမှာလည်း ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

ယူနိုက်တက် ယာယီနည်းပြ ရန်းနစ်ခ်ကတော့ ယာဉ်တိုက်မှု ဖြစ်စဉ်မှာ မည်သူတစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်းကို အတည်ပြုပေးခဲ့ပြီး ပေါ်တူဂီသားဟာ ပရီးမီးယားလိဂ်လက်ကျန်ပွဲစဥ်အဖြစ် အင်္ဂါနေ့မှာ လီဗာပူးလ်အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် ပွဲစဉ်အတွက် အံ့အားသင့်ဖွယ် အသင့်ရှိနေလိမ့်မယ်လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

Photo : The Sun

ဖာနန်ဒက်စ် ဟာ ပြီးခဲ့တဲ့ တစ်ပတ်က နောဝစ်ချ် စီးတီးကို ၃ -၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာလည်း မိနစ် ၉၀ အပြည့်ပါဝင်ကစားပေးခဲ့ပြီး မနက်ဖြန် အန်ဖီးလ်ကွင်းမှာ ကစားမယ့် လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်မှာလည်း ပါဝင်လာဖွယ်ရှိနေပါတယ်။

ဘရူနို ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလက စပို့တင်း လစ္စဘွန်းကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာကတည်းက ပွဲပေါင်း ၁၂၀ မှာ ၄၉ ဂိုးအထိ သွင်းယူပေးထားပြီး အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီမှာလည်း ယူနိုက်တက် အသင်းအတွက် ပွဲပေါင်း ၄၀ ကစားထားပြီး ၉ ဂိုးသွင်းယူကာ ၁၄ ဂိုး အထိ ဂိုးဖန်တီးမှု ပြုလုပ်ထား နိုင်ခဲ့ပါတယ်။ ဖာနန်ဒက်စ် ဟာ မကြာသေးမီကပဲ အသင်းနဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၂၄၀၀၀၀ ဝန်းကျင်နဲ့ ၄ နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုခဲ့တာပဲ ဖြစ်ပါတယ်။

Featured Photo : SPORTbible