မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးအသစ် ဖြစ်လာတဲ့ ဘင်ဂျမင် ဆက်စ်ကိုကတော့ သူ့အနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွေ့လာရခြင်းမှာ ” ယူနိုက်တက်နဲ့အတူ တဖန်အမြင့်ဆုံး ပျံသန်းဖို့” ဖြစ်တယ်လို့ ဖွင့်ဟပြောကြား လာခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ အာဘီ လိုက်ပ်ဇစ်အသင်းကနေ ယူနိုက်တက်ကိုပြောင်းရွှေ့ကြေး ပေါင် ၇၄ သန်း (ဒေါ်လာ သန်း ၁၀၀) နဲ့ လာမယ့် ၂၀၃၀ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

အသင်းနဲ့ပထမဦးဆုံး ပွဲဦးထွက်ပွဲ မကစားမီ ဆလိုဗေးနီးယား လက်ရွေးစင်ကစားသမားက ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာနဲ့ ရာသီပိတ်သိမ်းခဲ့ရတဲ့ ယူနိုက်တက်ရဲ့ မယုံနိုင်စရာ အဆိုးရွားဆုံး သမိုင်းကို ပြန်လည်ပြင်ဆင်ဖို့ အကူအညီပေးလိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Benjamin Sesko

Photo : Goal.com

ယူနိုက်တက်မှာ သူ့ရဲ့ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းရာခဲ့ရာမှာတော့ ” ကျွန်တော်တို့ ယေဘုယျအားဖြင့် အသင်းနဲ့အတူ ပိုကောင်းဖို့ ၊ အသင်းသားတွေနဲ့အတူတူ ချိတ်ဆက်ပြီး ခြေလှမ်းတလှမ်းချင်းစီ ပိုပြီးတိုးတက် ကောင်းမွန်လာစေဖို့ လုပ်ဆောင်သွားရမှာပါ။ အရင်ထက်ပိုပြီး ပြီးပြည့်စုံသထက် ပြည့်စုံလာတာနဲ့အမျှ ယူနိုက်တက်အသင်းနဲ့အတူ အမြင့်ဆုံးဆိုတဲ့ နေရာအထိကို ပျံသန်းနိုင်ဖို့ ရည်မှန်းထားပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။

ဆက်လက်ပြီး ယူနိုက်တက် အသင်းကို ပြောင်းရွေ့ခဲ့တာနဲ့ ပတ်သတ်ပြီး ” ကျွန်တော် ယူနိုက်တက်ကြောင့်လို့ပဲ ထင်ပါတယ်။ ဘာလို့ဆို ယူနိုက်တက်ဆိုတာ အံ့ဩစရာကောင်းလောက်တဲ့ သမိုင်းဝင် အသင်းတစ်သင်း ဖြစ်နေလို့ပါ။ ကျွန်တော့်အတွက်တော့ အရမ်းကိုကောင်းတဲ့ အသင်းပါ။ ကျွန်တော်တို့လို ကစားသမားတွေကို ပိုကောင်းတဲ့အရာတွေ ဖြစ်လာစေဖို့ ဒီအသင်းရဲ့ စွမ်းအင်တွေက တစ်စိတ်တစ်ပိုင်း သက်ရောက်မှု ရှိနေပါတယ်။ လက်ရှိအသင်းရဲ့ ပရော့ဂျက်ကလည်း အရမ်းကောင်းမွန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကစားရဖို့ ကျွန်တော်မစောင့်နိုင်တော့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

Benjamin Sesko

Photo : Goal.com

ဘင်ဂျမင် ဆက်စ်ကိုဟာ လူငယ်ခြေတက် ကစားသမားတစ်ယောက် ဖြစ်ပေမယ့်လည်း အိုးလ်ထရက်ဖိုဒ့်မှာ အသင်းရဲ့ ဖိအားတွေအောက် အသားကျဖို့အတွက် ကြိုးစားသွားရဦးမှာ ဖြစ်ပါတယ်။ သရဲနီတို့ကတော့ ပြီးခဲ့တဲ့ရာသီမှာ ဟွိုက်လန်း ၊ ဂျိုရှူးဝါးဇက်ခ်ဇီ တို့လို တိုက်စစ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည် နိမ့်ကျမှုကြောင့် ဂိုးရရှိဖို့ အတော်လေး ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ အခုလာမယ့်ရာသီမှာတော့ ဆလိုဗေးနီးယား တိုက်စစ်မှူး ပါဝင်လာမယ့် ယူနိုက်တက်ရဲ့ တိုက်စစ်အစုအဖွဲ့ဟာ အသင်းရဲ့ တိုက်စစ် လိုအပ်ချက်တွေကို ဖြည့်တင်းနိုင်ပါ့မလားဆိုတာ စိတ်ဝင်တစား စောင့်ကြည့်သွားရမှာပါ။

လာမယ့် တနင်္ဂနွေနေ့မှာတော့ ခါးသီးပြိုင်ဘက် အာဆင်နယ်ကို အိုးလ်ထရက်ဖိုဒ့်ကွင်းမှာ လက်ခံကစားရမယ့် ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်မှာ တိုက်စစ်မှူး ဆက်စ်ကိုတစ်ယောက် ယူနိုက်တက်ကစားသမားဘဝ ပထမဆုံး ပွဲဦးထွက်ပွဲစဉ်ကို ပွဲထွက်ကစားခွင့်ရဖို့ မျှော်လင့်နေပြီး ယူနိုက်တက်အသင်းဟာဩဂုတ်လ ၃၀ ရက်နေ့မှာတော့ ပရီးမီးယားလိဂ် တန်းတက်အသင်း ဘန်လေနဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

Source : Goal.com

Featured Photo : Goal.com