အမျိုးသားတွေမှာ အဖြစ်အများဆုံး ကင်ဆာအမျိုးအစားတွေထဲက တစ်ခုကတော့ ဆီးကျိတ်ကင်ဆာ ပါပဲ။ ဆီးကျိတ်ကင်ဆာဟာ လိင်တံနဲ့ ဆီးအိမ်ကြားမှာရှိတဲ့ ဆီးကျိတ်ဂလင်းတွေကနေ စတင်ဖြစ်တည်လာတဲ့ ကင်ဆာဆဲလ်တစ်မျိုးဖြစ်ပြီး အသက်ကြီးလာတာနဲ့အမျှ ရောဂါ ဖြစ်နိုင်ခြေ ပိုတိုးလာနိုင်ပါတယ်။ စစ်တမ်းတွေအရ ဆီးကျိတ်ကင်ဆာဟာ အရေပြားကင်ဆာကလွဲပြီး အမေရိကန်နိုင်ငံက အမျိုးသားတွေမှာ အဖြစ်အများဆုံး ကင်ဆာရောဂါတစ်ခု ဖြစ်ပြီး American Cancer Society (ACS) ကနေ ၂၀၂၁ ခုနှစ် ရောဂါရှာဖွေစစ်ဆေးတွေ့ရှိမှုအသစ် မှတ်တမ်းတွေအရ အမျိုးသားပေါင်း ၂ သိန်းကျော်နဲ့ အဆိုပါ ဆီးကျိတ်ကင်ဆာကြောင့် သေဆုံးသူသာ ၃ သောင်း ၄ ထောင် ကျော် ဝန်းကျင်ခန့် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
ဒီကိန်းဂဏန်းတွေအရ အမျိုးသား ၈ ယောက်မှာ ၁ ယောက်နှုန်းလောက်ဟာ ဆီးကျိတ်ကင်ဆာရောဂါကို ခံစားရနိုင်ခြေ ရှိနေပြီး ယင်းတို့အနက် ၄၁ ဦးမှာ ၁ ဦးနှုန်း သေဆုံးနိုင်ခြေ ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် သတင်းကောင်းကတော့ ကင်ဆာရောဂါ အစောပိုင်းအဆင့်မှာ ရောဂါရှာဖွေတွေ့ရှိပါက ကုသဖို့ အလွန်လွယ်ကူတာပဲ ဖြစ်ပါတယ်။
ဆီးကျိတ်ကင်ဆာရဲ့ အချက်ပြ လက္ခဏာများ
Photo : Lifecare Hospital
ဆီးကျိတ်ကင်ဆာရောဂါရဲ့ အစောပိုင်းအဆင့်တွေမှာ လက္ခဏာရယ်လို့ သိသိသာသာ တွေ့ရှိရတာမျိုး မရှိပေမယ့် ပုံမှန်စစ်ဆေးမှု ခံယူပြီး ကင်ဆာဖြစ်နိုင်ခြေကို ညွှန်ပြနိုင်နေတဲ့ အပြောင်းအလဲများ တွေ့ရှိရပါက ရောဂါအခြေအနေပေါ် သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေရှိတဲ့ အချက်ပြ လက္ခဏာတွေအကြောင်းကို အောက်မှာ ဆက်လက်ဖော်ပြပေးပါမယ်။
- ဆီးသွားရခက်ခဲခြင်းနဲ့ ဆီးထိန်းရခက်ခြင်း
- ညအိပ်ရာဝင်ချိန်တွေမှာ မကြာခဏ ဆီးသွားခြင်း
- ဆီးလမ်းကြောင်း အားနည်းခြင်း
- ဆီးနဲ့ သုတ်ရည်တို့တွင် သွေးပါခြင်း
- ဆီးသွားစဉ်နဲ့ သုတ်လွှတ်စဉ်တွေမှာ နာကျင်ခြင်း
- နောက်ကျော ၊ တင်ပါးနဲ့ တင်ပါးဆုံတို့တွင် နာကျင်ခြင်း
စတဲ့ အချက်တွေ ပါဝင်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ သိသာထင်ရှားတဲ့ ရောဂါလက္ခဏာ မပြပေမယ့်လည်း ရောဂါရင့်လာတာနဲ့အမျှ ကင်ဆာဆဲလ်တွေရဲ့ အရွယ်အစားနဲ့ ခန္ဓာကိုယ်အတွင်း ပျံ့နှံ့သွားတဲ့ နေရာအစိတ်အပိုင်းတွေအပေါ် မူတည်ပြီး ဖြစ်နိုင်ခြေရှိတဲ့ ထင်ထင်ရှားရှား လက္ခဏာ အချို့ ပြနိုင်ပါတယ်။
- အရိုးတွေ နာကျင်ကိုက်ခဲခြင်း
- အကြောင်းအရင်းမရှိ ကိုယ်အလေးချိန်ထိုးကျခြင်း
- အချိန်တိုင်း ပင်ပန်းနွမ်းနယ်ခြင်း
စတဲ့ အခြေအနေတွေ ကြုံတွေ့ ခံစားရနိုင်ပါတယ်။
ဆီးကျိတ်ကင်ဆာ ဖြစ်ပွားရတဲ့ အကြောင်းအရင်းများ
Photo : Everyday Health
ဆီးကျိတ်ကင်ဆာရောဂါဟာ အဓိအားဖြင့် ဆီးကျိတ်ဂလင်းဆဲလ်တွေ ပြောင်းလဲလာမှုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး သုတေသန ပြုချက်တွေအရ အသက် ၅၀ နဲ့အထက် အမျိုးသားတွေရဲ့ ၅၀ ရာခိုင်နှုန်းမှာ ရောဂါဖြစ်ပွားနိုင်ခြေ ရှိနေတာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ဆီးကျိတ်ကင်ဆာ ဖြစ်ပွားရတဲ့ ဖြစ်နိုင်ခြေ အရှိဆုံး အကြောင်းအရင်းတွေကို ပြောပြပါမယ်။
အသက်အရွယ် – ဆီးကျိတ်ကင်ဆာဟာ အသက် ၅၀ အနှောင်းပိုင်းမှာ ဖြစ်ပွားနိုင်ခြေ အများဆုံးဖြစ်ပြီး အသက် ၄၅ နှစ် မတိုင်မီမှာလည်း ဖြစ်နိုင်ခြေ ရှိပေမယ့် ဖြစ်ခဲတယ်လို့ ပြောလို့ ရပါတယ်။
မျိုးနွယ်စု – အနောက်နိုင်ငံသားတွေမှာတောင် လူဖြူတွေထက် လူမည်းတွေမှာ ဆီးကျိတ်ကင်ဆာဟာ ပိုအဖြစ်များပါတယ်။ အာရှနဲ့ ဟစ်စပန်နစ်လူမျိုးတွေမှာတော့ လူမည်းရော လူဖြူတွေထက် ရောဂါဖြစ်နိုင်ခြေ ရာခိုင်နှုန်းဟာ နည်းပါးတယ်လို့ သုတေသနပြုချက်တွေက ဖော်ပြထားပါတယ်။
မိသားစုရောဂါရာဇဝင် – ဆီးကျိတ်ကင်ဆာဟာ မျိုးရိုးလိုက်တက်တဲ့ သဘောမှာရှိပြီး မိသားစုဝင် ဒါမှမဟုတ် ဆွေမျိုးရင်းချာ တစ်ဦးဦးမှာ ဆီးကျိတ်ကင်ဆာ ရှိပါက ၎င်းရဲ့မျိုးဆက်တွေအနေနဲ့လည်း ဆီးကျိတ်ကင်ဆာရောဂါ ဖြစ်နိုင်ခြေ ရှိတက်ပါတယ်။
မျိုးရိုးဗီဇ – BRCA1 နဲ့ BRCA2 ဗီဇပြောင်းလဲမှုများအပါအဝင် မျိုးရိုးဗီဇဆိုင်ရာ အကြောင်းအရင်းတွေကလည်း ရောဂါအန္တရာယ်ကို တိုးလာစေနိုင်ပါတယ်။ Lynch Syndrome ရှိတဲ့ အမျိုးသားတွေမှာဆိုရင် ဆီးကျိတ်နဲ့ အခြားကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေ ပိုများပါတယ်။
အစားအသောက် – စားသောက်မှုပုံစံဟာလည်း ကင်ဆာရောဂါနဲ့ ဆက်နွယ်နေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ အဓိကအားဖြင့် အဆီများတဲ့ အစားအစာတွေဟာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို တိုးမြင့်စေတယ်လို့ ကျန်းမာရေး သုတေသီတွေက မှတ်ချက်ပြုထားပါတယ်။
နောက်ထပ် ဖြစ်နိုင်ခြေ ရှိတဲ့ အကြောင်းအရင်းတွေထဲမှာတော့ အဝလွန်ခြင်း ၊ ဆေးလိပ်နဲ့အရက် အလွန်အကျွံ သောက်သုံးခြင်း ၊ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုများခြင်း ၊ ဆီးကျိတ်ရောင်ခြင်း ၊ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါများ ကူးစက်ခံရခြင်း စတဲ့ အခြေအနေတွေ ပါဝင်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ မွေးကတည်းက ဆီးကျိတ်ပါဝင်လာတဲ့ အမျိုးသားတွေမှာသာ ဖြစ်နိုင်ပြီး လိင်အင်္ဂါ ခွဲစိတ်ပြောင်းလဲထားတဲ့ Trans People တွေမှာတော့ ရောဂါဖြစ်နိုင်ခြေ မရှိပါဘူး။
ဆီးကျိတ်ကင်ဆာဟာ မွေးကတည်းက ဆီးကျိတ်ပါဝင်လာတဲ့ အမျိုးသားတွေမှာသာ ဖြစ်နိုင်ပြီး လိင်အင်္ဂါ ခွဲစိတ်ပြောင်းလဲထားတဲ့ Trans People တွေမှာတော့ ရောဂါဖြစ်နိုင်ခြေ မရှိပါဘူး။ ဆီးကျိတ်ကင်ဆာဟာ ကုသနိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပြီး ကင်ဆာအစောပိုင်းအဆင့်တွေကစလို့ နောက်ထပ်တိုးမြင့်လာတဲ့ ရောဂါအဆင့်တွေအထိ ကုသနည်း အမျိုးမျိုး ရှိပါတယ်။ ရောဂါအခြေအနေကို ပုံမှန်စစ်ဆေးမှု ခံယူပြီး စောင့်ကြည့်ကုသနိုင်သလို ခွဲစိတ်ကုခြင်း ၊ ဓာတ်ရောင်ခြည်ကုထုံး ခံယူခြင်း ၊ ဟော်မုန်းကုထုံး ခံယူခြင်း စသည့်ဖြင့် ကုသနည်းလမ်း များစွာဖြင့် ရောဂါအခြေအနေ သက်သာအောင် ကုစားလို့ ရနိုင်ပါတယ်။
ဆီးကျိတ်ကင်ဆာဟာ အမျိုးသားတိုင်း စိတ်ပူရတဲ့ ရောဂါတစ်ခုဖြစ်တာကြောင့် ဆီးကျိတ်ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ပုံမှန်စစ်ဆေးမှု ခံယူတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။
Source : MedicalNewsToday
Featured Photo : Hindustan Times