ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ ကျန်းမာရေး အခြေအနေတွေအပေါ် မူတည်ပြီး သဘာဝအလျှောက် ဖော်ညွှန်းပြသနေတဲ့ အချက်လက္ခဏာတွေ ရှိတက်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုနဲ့ အချက်ပြ လက္ခဏာတွေကို လုံးဝ လျစ်လျူရှု မနေသင့်ပါဘူး။ ခန္ဓာကိုယ်မှာ ဘာတွေဖြစ်နေလဲ ၊ ဘာတွေပြောင်းလဲနေလဲဆိုတာကို စောင့်ကြည့်လေ့လာပြီး လိုအပ်ရင်လိုအပ်သလို စစ်ဆေးကုသမှု ခံယူမှသာ ပြင်းထန်တဲ့ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ ပြဿနာတွေကို အချိန်မှီ တားဆီးကာကွယ်နိုင်မှာပါ။ ဒီတစ်ခေါက် ဆောင်းပါးလေးမှာတော့ ယောကျာ်းသားတို့ လျစ်လျူရှုမထားသင့်တဲ့ ကျန်းမာရေး လက္ခဏာ တွေ အကြောင်း ပြောပြပေးချင်ပါတယ်။

(၁) ရုတ်တရက် ကိုယ်အလေးချိန် ထိုးကျခြင်း

Unexplained weight loss

Photo : Daily Record

ဝိတ်လျှော့နေတာ ၊ အားကစားပြင်းပြင်းထန်ထန် လုပ်နေတာမရှိပဲ ရုတ်တရက် ကိုယ်အလေးချိန် ထိုးကျနေပြီဆိုရင်တော့ ဒါဟာ မပေါ့ဆသင့်တဲ့ ကျန်းမာရေး လက္ခဏာ တွေထဲကတစ်ခု ဖြစ်ပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန် ထိုးကျတာဟာ ကင်ဆာ ၊ သိုင်းရွိုက်ပြဿနာ ၊ ဆီးချိုရောဂါ ဒါမှမဟုတ် အစာခြေစနစ်ဆိုင်ရာ ပြဿနာတွေကဲ့သို့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေရဲ့ ရှေ့ပြေးလက္ခဏာ တစ်ခုဖြစ်နိုင်ပါတယ်။ ကွီးတို့ ခန္ဓာကိုယ်မှာ အကြောင်းမဲ့သပ်သပ် ကိုယ်အလေးချိန်တွေ လျှော့ကျလာနေတယ်ဆိုရင် အမြန်ဆုံး ကျန်းမာရေးစစ်ဆေးမှု ခံယူသင့်ပါတယ်။

(၂) အချိန်တိုင်း ပင်ပန်းနွမ်းနယ်မှုကို ခံစားရခြင်း

Persistent Fatigue

Photo : UnityPoint Health

တစ်ခါတစ်ရံမှာ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပင်ပန်းနွမ်းနယ်ခြင်းတွေကို ခံစားရတက်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေဟာ ရက်ပိုင်းအတွင်းမှာ ပြန်လည်သက်သာပြီး ပုံမှန်ပြန်ဖြစ်သွားတယ် ဆိုရင်တော့ ပြဿနာမရှိပါဘူး။ ဒီလိုမှမဟုတ်ပဲ နေ့စဉ်ရက်ဆက်ဆိုသလို နာတာရှည် ပင်ပန်းနွမ်းနယ်မှုတွေကို ခံစားနေရတယ်ဆိုရင်တော့ သွေးအားနည်းခြင်း ၊ သိုင်းရွိုက်လုပ်ဆောင်မှု အားနည်းခြင်း ၊ အိပ်ချိန်မမှန်ခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်း အပါအဝင် အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။ အကယ်၍များ နေ့စဉ်ရက်ဆက် အချိန်တိုင်း ပင်ပန်းနွမ်းနယ်မှုတွေကို ခံစားနေရတယ်ဆိုရင်တော့ ပေါ့ပေါ့ဆဆမနေဖို့ အကြံပြုချင်ပါတယ်။

(၃) ရင်ဘတ်အောင့်ခြင်း သို့မဟုတ် မအီမသာဖြစ်ခြင်း

Chest Pain

Photo : Maryland Pain & Wellness Center

အမျိုးသားတွေမှာ ဘယ်တော့မှ လျစ်လျူရှု မထားသင့်တဲ့ ကျန်းမာရေး လက္ခဏာတွေထဲက တစ်ခုကတော့ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် မအီမသာဖြစ်ခြင်း ပါပဲ။ ဒါဟာ နှလုံးကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ အကယ်၍ ဒီလို ရင်ဘတ်အောင့်ခြင်း သို့မဟုတ် မအီမသာဖြစ်ခြင်း လက္ခဏာတွေကို လျစ်လျူရှု ပေါ့ပေါ့ဆဆနေမိမယ် ဆိုရင်တော့ Heart Attack ကဲ့သို့ ပြင်းထန်တဲ့ နှလုံးကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ဖွယ် ရှိပါတယ်။

(၄) အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်း

 joint pain

Photo : Hinge Health

အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတဲ့ ပြဿနာဟာ သက်ကြီးပိုင်းတွေမှာ အများဆုံး ကြုံရတဲ့ ပြဿနာတစ်ခုပါ။ ဒါဟာ ပုံမှန်အားဖြင့်တော့ စိုးရိမ်စရာမဟုတ်ပေမယ့်လည်း နာကျင်ကိုက်ခဲမှုက ရက်ရှည်ဖြစ်လာမယ် ဒါမှမဟုတ် ပိုပြင်းထန်တဲ့ အဆစ်အမြစ် နာကျင်ကိုက်ခဲမှု ဝေဒနာကို ခံစားရမယ်ဆိုရင်တော့ လုံးဝ လျစ်လျူမရှုသင့်ပါဘူး။ လေ့လာမှုတွေအရ နာတာရှည် ပြင်းပြင်းထန်ထန် အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတာဟာ သွေးလေးဖက်နာ (Rheumatoid Arthritis) ရောဂါရဲ့ ကနဦး လက္ခဏာ တွေထဲကတစ်ခု ဖြစ်နိုင်တာကြောင့် စောစီးစွာ စစ်ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

(၅) အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရုတ်တရက်ပြောင်းလဲခြင်း

Pooping Burns
Photo : Verywell Health

ဝမ်းပျက်ဝမ်းလျှောခြင်း ၊ ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းသွေးသွားခြင်းကဲ့သို့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရုတ်တရက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခံစားနေရတယ်ဆိုရင် လုံးဝ လစ်လျူမရှုသင့်ပါဘူး။ အဆိုပါ ကျန်းမာရေး လက္ခဏာ တွေဟာ အူလမ်းကြောင်းရောင်ရမ်းရောဂါ ၊ အူမကြီးကင်ဆာ ၊ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေနဲ့ ဆက်စပ်နေတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ အကယ်၍ ရုတ်တရက်ဆိုသလို အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြောင်းလဲမှုတွေ ရှိလာပါက နားလည်တက်ကျွမ်းတဲ့ ဆရာဝန် / ကျန်းမာရေး ဝန်ထမ်းတွေနဲ့ သွားရောက်ပြသ စစ်ဆေးမှုခံယူဖို့ လိုအပ်ပါတယ်။

Source : Numan

Featured Photo : OneWelbeck