ဆီးချိုရောဂါ ဟာ စာရေးသူတို့ အမျိုးသားတွေ အနေနဲ့တော့ မပေါ့ဆသင့်တဲ့ ကျန်းမာရေး အခြေအနေတစ်ရပ်ပါ။ ဆီးချိုဟာ နှလုံးကျန်းမာရေးနဲ့ ဆက်စပ်နေတက်ပြီး နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ များသလို မျက်လုံး ၊ ကျောက်ကပ် ၊ အရေပြားနဲ့ အခြားခန္ဓာကိုယ် အစိတ်အပိုင်းများစွာကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် အမျိုးသားတွေမှာဆိုရင် ဆီးချိုသွေးချိုရောဂါဟာ ဖွားဖက်တော် ကမောက်ကမ ဖြစ်ခြင်းအပါအဝင် တခြားဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

Diabetes
Photo : HealthifyMe

ဆီးချိုရောဂါဟာ ခန္ဓာကိုယ်ကနေ အင်ဆူလင် အလုံအလောက် မထုတ်နိုင်တဲ့အခါ ဒါမှမဟုတ် အင်ဆူလင် လုံလုံလောက်လောက် အသုံးမပြုနိုင်တဲ့အခါတွေမှာ ဖြစ်ပွားတက်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ဆီးချိုရောဂါ ခံစားနေရချိန် တစ်လျှောက်လုံးမှာ သွေးတွင်းသကြားဓာတ်ပမာဏဟာ အချိန်နဲ့အမျှ အပြောင်းအလဲ ရှိနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ပမာဏ မြင့်တက်ခြင်းကို မထိန်းချုပ်နိုင်တဲ့အခါမှာ ခန္ဓာကိုယ်အနှံ့အပြားက အရေးကြီးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ဆိုးကျိုးသက်ရောက်စေနိုင်ပြီး ဆိုးရွားတဲ့ ကျန်းမာရေး နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

ဆီးချိုရောဂါမှာ အမျိုးအစား ၁ နဲ့ အမျိုးအစား ၂ ဆိုပြီး ရောဂါအမျိုးအစား ၂ မျိုး ရှိပါတယ်။ အမျိုးအစား ၁ ဆီးချိုရောဂါဟာ ကလေးငယ်တွေကစလို့ လူငယ်ပိုင်းကနေ လူကြီးပိုင်းအထိ ဖြစ်ပွားတက်ပြီး အမျိုးအစား ၂ ဆီးချိုရောဂါကတော့ အရွယ်ရောက်ပြီးသူတွေမှာသာ အများစု ဖြစ်တက်ပေမယ့်လည်း ကလေးငယ်တွေမှာလည်း ဖြစ်နိုင်ခြေ ရာခိုင်နှုန်း အနည်းငယ် ရှိနေပါတယ်။

ဆက်လက်ပြီး ဆီးချိုရောဂါ ရဲ့ လက္ခဏာတွေအကြောင်း ဆက်လက်လေ့လာကြည့်ရအောင်ပါ။

ဆီးချိုရောဂါရဲ့ ကနဦး အစောပိုင်းလက္ခဏာတွေကတော့……..

  • မကြာခဏ ဆီးသွားခြင်း
  • ပုံမှန်မဟုတ်တဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ခံစားရခြင်း
  • အမြင်အာရုံမှုန်ဝါးခြင်း
  • အစားမလျှော့ပါပဲ ကိုယ်အလေးချိန် ထိုးကျခြင်း
  • ခြေလက်များ ထုံကျင်ခြင်း

စတဲ့ လက္ခဏာတွေ ပြတက်ပါတယ်။

ဆီးချိုရောဂါ ရှိကြောင်း စစ်ဆေးတွေ့ရှိပါက ကုသဖို့ လိုအပ်ပြီး ထိရောက်တဲ့ ကုသမှုခံယူမှသာလျှင် ဆိုးရွားတဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။  ကုသမှုကောင်းကောင်း မခံယူပါက ဆီးချိုရောဂါနဲ့ ဆက်စပ်ပြီး အရေပြား ၊ မျက်စိ ၊ ကျောက်ကပ် ၊ နှလုံးနဲ့ နှလုံးသွေးကြောစနစ် ၊ အာရုံကြော စတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်စေလာစေနိုင်ပါတယ်။

အမျိုးသားတွေမှာ ဖြစ်ပွားတက်တဲ့ ဆီးချိုရောဂါ လက္ခဏာများ

Diabetes

Photo : Proactive Men’s Medical Center

ဆီးချိုရောဂါရဲ့ အချက်ပြလက္ခဏာတွေဟာ အမျိုးမျိုးကွဲပြားနိုင်ပြီး အမျိုးသားတွေမှာဆိုရင် လိင်မှုဆိုင်ရာ ကျန်းမာရေးနဲ့ ဆက်စပ်နေတဲ့ လက္ခဏာတွေကိုလည်း ပြသနိုင်ပါတယ်။

အဓိကအားဖြင့် ဆီးချိုရောဂါဟာ သွေးပေါင်ချိန်မြင့်တက်ခြင်း ၊ ကျောက်ကပ်ပျက်စီးခြင်း ၊ သွေးလည်ပတ်မှု ကျဆင်းခြင်း ၊ အာရုံကြောစနစ်တွေ ပျက်စီးခြင်း ၊ ကိုယ်အလေးချိန်တက်ခြင်း သို့မဟုတ် အဝလွန်ခြင်း စတဲ့ အခြေအနေတွေကြောင့် Erectile Dysfunction (ED) လို့ခေါ်တဲ့ ပန်းသေပန်းညိုးပြဿနာကို ဆက်စပ်ဖြစ်ပွားနိုင်ခြေရှိတာ ဖြစ်ပါတယ်။ လေ့လာမှုတွေအရ ဆီးချိုရောဂါ ရှိတဲ့ အမျိုးသားတွေမှာ Erectile Dysfunction (ED) ဖြစ်နိုင်ခြေ ပိုများပြီး ၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ ဆီးချိုရောဂါ ခံစားနေရတဲ့ အမျိုးသားတွေရဲ့ ၅၀ ရာခိုင်နှုန်းခန့်ဟာ ပန်းသေပန်းညိုး လိင်အင်္ဂါချို့ယွင်းမှု ပြဿနာ ခံစားကြရတယ်လို့ ဆိုထားပါတယ်။

နောက်တစ်ချက်ကတော့ ဆီးချိုရောဂါကြောင့် အာရုံကြောစနစ်တွေ ထိခိုက်ပျက်စီးစေတာကြောင့် လိင်တံတဝိုက်က အာရုံခံသွေးကြောတွေ ပျက်စီးပြီး လိင်အင်္ဂါရဲ့ အထိအတွေ့တုန့်ပြန်မှု ကောင်းကောင်းမရတာ ၊ အာရုံခံနိုင်စွမ်း လျော့ကျတာ စတဲ့ ပြဿနာတွေ ကြုံရနိုင်ပါတယ်။ အလားတူ သွေးလည်ပတ်မှုစနစ်ကို အနှောက်အယှက် ဖြစ်စေတာကြောင့် လိင်တံဆီသို့ သွေးစီးဆင်းမှု ကောင်းကောင်းမရတော့တဲ့အတွက် လိင်တံကောင်းစွာ မထောင်မတ်နိုင်တာ ၊ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းတာတွေ ကြုံရနိုင်ပါတယ်။ ထို့အပြင် ဆီးချိုရောဂါကြောင့် အမျိုးသားတွေမှာ ဆီးလမ်းကြောင်းဆိုင်ရာပြဿနာတွေကိုလည်း ခံစားရနိုင်တဲ့အပြင် ကျားဟော်မုန်း တက်စတိုစတီရုန်း (Testosterone) ပမဏကျဆင်းတာ ၊ လိင်စိတ်ဆန္ဒ နိုးကြားတက်ကြွမှု ကျဆင်းတာ ၊ လိင်မှုကိစ္စအပေါ် စိတ်ဝင်စားမှုနည်းတာ ၊ သုတ်ပိုးအရေအတွက် လျော့ကျတာ စတဲ့ လိင်မှုဆိုင်ရာ ကျန်းမာရေး အခြေအနေများစွာကို ဆက်စပ်ဖြစ်ပွားနိုင်ပါတယ်။

Source : Healthline

Featured Photo : Proactive Men’s Medical Center