Wonder Woman မင်းသမီးရယ်လို့ လူတိုင်းနီးပါး သိကြတဲ့ ဟောလိဝုဒ် ဒိတ်ဒိတ်ကြဲ စူပါစတား Gal Gadot (ဂယ်ဂဒေါ့) ကတော့ ပုရိသတို့ရင်ထဲ အမြဲနေရာယူထားနိုင်တဲ့ မင်းသမီးတစ်လက်လို့ ပြောရင်မမှားနိုင်ပါဘူး။ သူမရဲ့ ရုပ်ရှင်ပိတ်ကားထက်က ပြီးပြည့်စုံတဲ့ သရုပ်ဆောင်စွမ်းရည်တွေအပြင် လှပပြီး ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ကျော့ရှင်းတဲ့ အပြုံးချိုချိုလေးတွေက ယောကျာ်းလေး ပရိသတ်တွေရဲ့ ရင်ကိုထိစေတဲ့ အချက်လေးတွေလို့ပဲ ပြောရမှာပါ။ မမကတော့ အခုလက်ရှိ အသက် ၃၉ နှစ်ဆိုတဲ့ အရွယ်နဲ့မလိုက်အောင်လည်း လှပနုပျိုလွန်းလှသူပါ။ ဒီတစ်ခေါက်မှာတော့ ကျွန်တော်တို့ ယောကျာ်း တိုင်း ကြွေရတဲ့ မမ Gal Gadotရဲ့ အကောင်းဆုံး လက်ရွေးစင် ရုပ်ရှင်ဇာတ်ကားတွေထဲက အချို့ကို ရွေးချယ်တင်ဆက် ပေးပါမယ်။

(၁) Keeping Up with the Joneses (2016)

Source : 20th Century Studios

၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Keeping Up with the Joneses ဇာတ်ကားလေးကတော့ မမ Gal Gadot ရဲ့ ပေါ့ပေါ့ပါးပါး စုံထောက် ဟာသ/အက်ရှင် ဇာတ်ကားကောင်းလေးပါ။ အက်ရှင်ဆို သိပ်ကိုပိုင်နိုင်တဲ့ မမကတော့ ဒီဇာတ်ကားလေးမှာ မင်းသားကြီး Jon Hamm နဲ့ အတွဲညီညီ ပါဝင် သရုပ်ဆောင်ထားပြီး မင်းသား Zach Galifianakis နဲ့ Isla Fisher တို့လို နာမည်ကြီးတွေလည်း ပါဝင်အားဖြည့် ထားပါတယ်။ ဒီဇာတ်ကားလေးက IMDb RATING 5.9/10 ရရှိထားပြီး ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောပျော်ရွှင်စွာ ကြည့်ရမယ့် ဇာတ်ကားလေးဖြစ်တာကြောင့် မမရဲ့ ဖန်တွေဆိုရင် ကြည့်ကို ကြည့်ရမယ့် ရုပ်ရှင် List ထဲမှာ ပါပါတယ်။

(၂) Ralph Breaks the Internet (2018)

Source : Walt Disney Animation Studios

ထူးထူးခြားခြားလေး ဖြစ်သွားအောင် မမ Gal Gadot ရဲ့ အသံချိုချိုလေးနဲ့ နောက်ခံအသံသရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ Animation ဇာတ်ကား Ralph Breaks the Internet ကိုလည်း ထည့်သွင်းတင်ဆက် ပေးလိုက်ပါတယ်။ ဒီဇာတ်ကားကတော့ မမ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Fast & Furious စီးရီးတွေလိုပဲ ပြိုင်ကားမောင်းဂိမ်းပြိုင်ပွဲလေးကို စိတ်ဝင်စားဖို့ကောင်းဇာတ်လမ်းပုံစံ ဆင်ထားပါတယ်။ မမကတော့ Shank ဆိုတဲ့ ချစ်စရာဇာတ်ကောင်လေးနေရာကနေ အသံပါဝင်သရုပ်ဆောင်ထားပါတယ်။ ပေါ့ပေါ့ပါးပါး ကြည့်ရမယ့် Animation ဇာတ်ကားဖြစ်တာကြောင့် အပြောင်းအလဲအနေနဲ့ ကြည့်ချင်တဲ့ ကွီးတို့အတွက်တော့ အကြိုက်တွေ့စေမှာပါ။ ဒီဇာတ်ကားလေးက IMDb RATING ကတော့ 7.0/10 အထိ ရရှိထားပါတယ်။

(၃) Red Notice (2021)

Source : Netflix

၂၀၂၁ ခုနှစ်တည်းက ထွက်ခဲ့တဲ့ Red Notice ဇာတ်ကားလေးကတော့ ဒိတ်ဒိတ်ကြဲ ဟောလိဝုဒ်စတား ၃ ယောက် အပြိုင်ပွဲထွက်လာတဲ့ အက်ရှင်ဇာတ်ကားကောင်း တစ်ကားပါ။ မမ Gal Gadot နဲ့အတူ ထိပ်တန်းမင်းသားကြီးတွေ ဖြစ်တဲ့ Dwayne Johnson နဲ့ Ryan Reynolds တို့အတူပါဝင်ထားပြီး Ritu Arya ၊ Chris Diamantopoulos နဲ့ Ivan Mbakop တို့လို နာမည်ကြီးတွေလည်း ပါပါတယ်။ ဒီဇာတ်ကားလေးမှာက အမိုက်စား အက်ရှင်ခန်းတွေပါဝင်ပြီး အီဂျစ်ဘုရင်မ ကလီယိုပက်ထရာရဲ့ အဖိုးတန် ဥ ၃ လုံးကို အပြိုင်ခိုးကြမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်။ IMDb RATING ကတော့ 6.3/10 ရရှိထားပါတယ်။

(၄) Death on the Nile (2022)

Source : 20th Century Studios

နောက်ထပ် မမ Gal Gadot ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ သဲထိတ်ရင်ဖို Mystery / Thriller ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါမယ်။ ဒီဇတ်ကားလေးကတော့ ၂၀၂၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Death on the Nile ဆိုတဲ့ ရုပ်ရှင်ပါ။ နိုင်းမြစ်ထဲက အပျော်စီးသင်္ဘောပေါ်က လူသတ်မှုကို ခက်ခက်ခဲခဲ ဖော်ထုတ်သွားရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မမနဲ့အတူ Kenneth Branagh ၊ Armie Hammer ၊ Letitia Wright ၊ Rose Leslie နဲ့ Emma Mackey တို့လို နာမည်ကြီး သရုပ်ဆောင်တွေ အများကြီး ပါဝင်အားဖြည့်ထားပါတယ်။ Death on the Nile ဇာတ်ကားလေးကလည်း IMDb RATING 6.3/10 ရရှိထားပါတယ်။

နောက်ထပ်လည်း မမ ပါဝင် သရုပ်ဆောင်ထားတဲ့ အက်ရှင်ဇာတ်ကားကောင်းတွေ အများကြီး ကျန်ရှိနေပါသေးတယ်။ နောက်ထပ် ဆောင်းပါးလေးတွေမှာ မမ ပရိသတ်တွေအတွက် မမ ရဲ့ ရုပ်ရှင် ဇာတ်ကားကောင်းတွေကို ဆက်လက်တင်ဆက် ပေးသွားဦးမှာပါ။ ကွီးတို့အကြိုက်ဆုံး မမရဲ့ ရုပ်ရှင်ဇာတ်ကားတွေကရော ဘာဖြစ်မလဲ ကွန်းမန့်မှာ ရေးခဲ့ပါဦး။

Source : Collider

Featured Photo : Maxblizz