ပန်းသေပန်းညိုး ဖြစ်ရင် ယောကျာ်း တစ်ယောက် လူဖြစ်ရှုံးပြီလို့ ပြောကြပါတယ်။ ဒါဆို ပန်းသေပန်းညိုး မဖြစ်အောင် ဘယ်လိုဆင်ခြင် နေထိုင်သင့်လဲ ? ဘယ်အရာတွေနဲ့ ကြိုတင်ကာကွယ်လို့ ရလဲ ဆိုတာတော့ သိထားဖို့ လိုမှာပါ။ ဒီဆောင်းပါးလေးမှာတော့ Erectile Dysfunction လို့ခေါ်တဲ့ ပန်းသေပန်းညိုး ၊ လိင်အင်္ဂါ ကမောက်ကမ ဖြစ်မှုပြဿနာ မဖြစ်ပွားရအောင် သိထားရမယ့် ဆောင်ရန်ရှောင်ရန်တွေကို ပြောပြပေးချင်ပါတယ်။

(၁) ကိုယ်အလေးချိန်ကို ကြည့်ပါ

Weighing Scale

Photo : Academy of Nutrition and Dietetics

လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်ထက် ပိုများနေတာက ကျန်းမာရေးအတွက် မကောင်းသလို လိင်မှုဘဝအပေါ်လည်း ဆိုးကျိုးတွေ များပါတယ်။ အဝလွန်နေပြီဆိုရင် ခန္ဓာကိုယ်မှာ ကိုလက်စထရော ပမာဏ မြင့်တက်ခြင်း ၊ သွေးတိုး ၊ ဆီးချိုရောဂါတွေ ဖြစ်နိုင်ခြေ ပိုများပြီး လိင်အင်္ဂါသန်စွမ်းမှုပိုင်းမှာ ပြဿနာ ဖြစ်ပေါ်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ ခါးဆိုဒ် ၄၀ လက်မနဲ့အထက် ရှိတဲ့ ယောကျာ်း တွေမှာ လိင်အင်္ဂါမသန်စွမ်းမှု ၊ ပန်းသေပန်းညိုးပြဿနာ ဖြစ်နိုင်ခြေ ပိုများပါတယ်။

(၂) အစားအစာတွေ ပြောင်းလဲစားသုံးပါ

Healthy Food

Photo : Eat This Not That

ပန်းသေပန်းညိုး ပြဿနာ (Erectile Dysfunction) ဟာ နှလုံးကျန်းမာရေးနဲ့ တိုက်ရိုက်ဆက်နွယ်နေပါတယ်။ ဆိုလိုတာကတော့ နှလုံးကျန်းမာရေးတဲ့အတွက် အထောက်အကူပြုတဲ့ အစားအစာတွေကို စားသုံးပေးမယ်ဆိုရင် ဖွားဖက်တော် ကျန်းမာရေးနဲ့ လိင်မှုဘဝအပေါ် အပြုသဘောဆောင်တဲ့ ကောင်းကျိုးတွေ ရစေမှာပါ။ ဆီကြော်နဲ့ ဆီပါဝင်မှုများတဲ့ အစားအစာတွေ ၊ နို့ထွက်ပစ္စည်းတွေ ၊ အငန်ဓာတ်များတဲ့ အစားအစာတွေနဲ့ အနီရောင်အသားတွေလို သွေးကြောပိတ်ဆို့မှုကို ဖြစ်စေတဲ့ အစားအစာတွေကို လျှော့စားပါ။ အဲ့ဒီအစား လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ ၊ ကျန်းမာတဲ့အဆီပါဝင်မှုများတဲ့ ငါးတွေနဲ့ အစေ့အဆန်တွေကို များများစားပေးသင့်ပါတယ်။

(၃) သွေးတိုး / ဆီးချို ပုံမှန်စစ်ဆေးပါ

Blood Pressure

Photo : VEBA Resource Center

သွေးပေါင်ချိန် မြင့်တက်တာဟာ သွေးကြောတွေကို ကျဉ်းစေပြီး ခန္ဓာကိုယ်အတွင်း သွေးစီးဆင်းမှုကို လျော့ကျစေပါတယ်။ အကယ်၍ လိင်တံဆီ သွေးစီးဆင်းမှု လျော့နည်းပါက လိင်တံကောင်းမွန်စွာ ထောင်မတ်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးပြီး သွေးပေါင်ချိန် မတက်အောင် အစားအသောက် အနေအထိုင် ဆင်ခြင်တာ ၊ လိုအပ်ပါက ဆရာဝန်နဲ့ တိုင်ပင်ပြီး သွေးတိုးရောဂါအတွက် ကုသမှု ခံယူတာတွေ လုပ်ဖို့ လိုအပ်ပါတယ်။ အလားတူ ဆီးချိုရောဂါဟာလည်း သွေးတွင်းသကြားဓာတ်မြင့်မားခြင်းကနေတဆင့် လိင်တံ တဝိုက်မှာရှိတဲ့ အာရုံကြောနဲ့ သွေးကြောတွေကို ပိတ်ဆို့စေတဲ့အတွက် လိင်တံ ကောင်းကောင်း မထောင်မတ်နိုင်တာ ၊ လိင်မှုဆိုင်ရာ ထိတွေ့အာရုံခံစားမှု လျော့ကျတဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။

(၄) စိတ်ဖိစီးမှု ထိန်းညှိလျှော့ချပါ

Yoga
Photo : Healthletica Hot Yoga + Wellness

စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေဟာ လိင်စိတ်တက်ကြွမှု Libido ကို အကြီးအကျယ် ကျဆင်းစေပြီး လိင်မှုဘဝအပေါ် ကြီးကြီးမားမား ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်ဘဝထဲက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို တက်နိုင်သမျှ ထိန်းညှိလျှော့ချပြီး Stress Levels ကို ကျဆင်းအောင် လုပ်ဆောင်ပေးရပါမယ်။ စိတ်ဖိစီးမှု ကျဆင်းစေဖို့ ပုံမှန်လေ့ကျင့်ခန်းလုပ်တာ ၊ တရားထိုင်တာ ၊ ယောဂ လေ့ကျင့်တာတွေ လုပ်ဆောင်နိုင်ပါတယ်။

ဒီအချက်တွေအပြင် ကျားဟော်မုန်း ပမဏ စစ်ဆေးတာ ၊ ဆေးလိပ်နဲ့ အရက် ဖြတ်တာ ၊ အိပ်ချိန်လုံလုံလောက်လောက် အိပ်စက်အနားယူတာ စတဲ့ အလေ့အထတွေဟာ လိင်မှုဘဝအပေါ် အကျိုးများစေပြီး ယောကျာ်း တစ်ယောက်လူဖြစ်ရှုံးရမယ့် လိင်အင်္ဂါ ကမောက်ကမဖြစ်မှုနဲ့ ပန်းသေပန်းညိုး ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

Source : Web MD

Featured Photo : Superdrug Online Doctor