ရင်းနှီးမြှပ်နှံတဲ့အလုပ်ဆိုတာ စွန့်စားမှုတွေ မသေချာခြင်းတွေနဲ့ အတိပြီးနေတဲ့ လုပ်ငန်းပါ။ ရင်းနှီးမြှပ်နှံရေးမှာ နှစ်ပေါင်းများစွာ ကျင်လည်ကျက်စားနေတဲ့ ဂုရုကြီးတွေတောင် အချိန်တိုင်း ပြောင်းလဲနေတဲ့ စတော့ခ်ဈေးကွက်နဲ့ အခင်းအကျင်းအခြေအနေတွေအကြားမှာ ခြေလှမ်းတွေ မှားသွားတာမျိုး ရှိကြစမြဲ ဖြစ်ပါတယ်။

ခေတ်နဲ့ မျက်ခြေမပြတ်ဖို့က ရင်းနှီးမြှပ်နှံမှုရဲ့ အရေးပါတဲ့ သော့ချက်တစ်ခု ဖြစ်ပါတယ်။ တချို့တွေက စတော့ဈေးကွက်အခြေအနေနဲ့ အထွေထွေရင်းနှီးမြှပ်နှံရေးဆိုင်ရာ အကြံပေးချက်တွေကို အသစ်အသစ် Up-To-Date သိရဖို့ ရင်းနှီးမြှပ်နှံရေးသတင်းစဉ်တွေကို အားကိုးကြပါတယ်။

အခုလို Social Media ခေတ်ကြီးမှာ အတော်များများကတော့ နာမည်ကျော် ရင်းနှီးမြှပ်နှံသူတွေနဲ့ တိုက်ရိုက်ထိတွေ့နိုင်တဲ့ ရင်းနှီးမြှပ်နှံရေးဂုရုတွေရဲ့ Social Media အကောင့်တွေကို Follow လုပ်လာကြပါတယ်။ ရင်းနှီးမြှပ်နှံရေးလောကထဲ ဝင်ပြီး ဘယ်လို စတင်ရမလဲ မသိသေးတဲ့သူတွေအတွက် လူမှုကွန်ရက်မှာ Follow လုပ်ထားသင့်တဲ့ ရင်းနှီးမြှပ်နှံရေးဘက်က ထင်ပေါ်ကျော်ကြားသူတို့အကြောင်း မျှဝေပေးချင်ပါတယ်။

(၁) Elon Musk

Elon Musk

Photo: CNBC

ရင်းနှီးမြှပ်နှံမှုဘက် သွားမယ်ဆိုရင် မသိမဖြစ် သိသင့်တဲ့ Influencer တစ်ဦးက အီလွန်မတ်စ်ပဲ ဖြစ်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာကြီးတစ်ဦးဖြစ်တဲ့ အီလွန်မတ်စ်ဟာ Tesla တည်ထောင်သူတစ်ဦး ဖြစ်သလို SpaceX အာကာသယာဉ်ကုမ္ပဏီ ၊ PayPal ငွေကြေးနည်းပညာနဲ့ SolarCity နေစွမ်းအင်ကုမ္ပဏီတွေလည်း တည်ထောင်ခဲ့သူတစ်ဦးပါ။

နည်းပညာဘက်မှာ အီလွန်မတ်စ်ရဲ့ စကားတစ်ခွန်း ၊ ရှုထောင့်နဲ့ ရှေ့ရေးအမြင်တစ်ခုဟာ နိမိတ်တစ်ခုလို့ ဆိုရလောက်အောင် ဩဇာကြီးမားပြီး အရာရောက်ပါတယ်။ အခုနောက်ပိုင်း ခေတ်စားနေတဲ့ Cryptocurrency ပိုင်းမှာလည်း မတ်စ်က သူ့အမြင်တွေကို မျှဝေတတ်ပါတယ်။ အီလွန်မတ်စ်က Twitter ကို စွဲစွဲလန်းလန်းသုံးသူတစ်ဦးဖြစ်ပြီး သူ့ Tweet တွေကနေတစ်ဆင့် အရေးပါတဲ့ သတင်းစကားတွေ ပေးပို့တတ်ပါတယ်။

Twitter ပေါ်ကနေ ပြောလိုက်တဲ့ သူ့ Tweet တစ်ကြောင်းဟာ စတော့ဈေးကွက်နဲ့ Cryptocurrency လောကအတွက် အပြောင်းအလဲတစ်ခုကို ပုံဖော်နိုင်ပါတယ်။ Tesla စတော့ဖြစ်ဖြစ် Dogecoin ဖြစ်ဖြစ် ရင်းနှီးမြှပ်နှံထားရင် Twitter မှာ အီလွန်မတ်စ်ကို Follow လုပ်ထားဖို့ ပြောချင်ပါတယ်။

(၂) ကေသီ ဝုဒ်

Cathie Wood

Photo: SCMP

ကေသီဝုဒ်ဆိုတာ ၂၀၁၄ ဇန်နဝါရီလက ငွေကြေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် SEC မှာ ရင်းနှီးမြှပ်နှံမှုအကြံပေးတစ်ဦးအဖြစ် မှတ်ပုံတင်ထားတဲ့ ARK ရဲ့ တည်ထောင်သူ ၊ အမှုဆောင်အရာရှိချုပ် CEO နဲ့ သတင်းအချက်အလက်ဆိုင်ရာ အမှုဆောင်အရာရှိချုပ် CIO တစ်ဦးလည်း ဖြစ်ပါတယ်။ ARK ရဲ့ CIO တစ်ဦးအနေနဲ့ ဝုဒ်ဟာ ရင်းနှီးမြှပ်နှံရေးဆိုင်ရာနည်းဗျူဟာနဲ့ အယူအဆတွေကို ကြီးကြပ်ပုံဖော်ပြီး ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချပါတယ်။

ARK မထောင်ခင်ကလည်း သူမဟာ Global Thematic Strategies ရဲ့ CIO အဖြစ် ဒေါ်လာ ၅ ဘီလျံကျော်တန် လုပ်ငန်းစီမံခန့်ခွဲမှုတွေ လုပ်ပါတယ်။ Jennison Associates LLC နဲ့လည်း ဘောဂဗေဒအရာရှိချုပ်အဖြစ် ၁၈ နှစ်တာ လက်တွဲပြီး အလုပ်လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေလည်း ရှိတာဖြစ်သလို နှစ်ပေါင်းများစွာ ထိပ်တန်းရင်းနှီးမြှပ်နှံရေးပိုင်းမှာ အလုပ်လုပ်ခဲ့တဲ့ ပညာရှင် ဖြစ်ပါတယ်။
CathieDWood အကောင့်ဟာ Twitter မှာ Follower ၁ သန်းကျော် ရှိထားပြီး ရင်းနှီးမြှပ်နှံရေးလောကမှာ ဩဇာအကြီးဆုံး အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။

(၃) ရောဘတ် ကီယော့စကီ

Robert Kiyosaki

Photo: inspired life

အမေရိကန်စီးပွားရေးသမားနဲ့ Best-Seller စာရေးဆရာ ရောဘတ်ကီယော့စကီကို Rich Dad Poor Dad စာအုပ်နဲ့ လူသိများကြပါတယ်။ အောင်မြင်ရေးတက်ကျမ်းတွေ ရေးပြီး ထင်ရှားသလို ရင်းနှီးမြှပ်နှံရေးဘက်မှာလည်း ကီယော့စကီက Public Figure တစ်ဦးဖြစ်ပါတယ်။ Rich Dad Poor Dad အပြင် သမ္မတဟောင်းဒေါ်နယ်ထရမ့်နဲ့ တွဲပြီးလည်း “Midas Touch: Why Some Entrepreneurs Get Rich- And Why Most Don’t” စာအုပ်နဲ့ “Why We Want You To Be Rich” စာအုပ်တွေလည်း ရေးခဲ့ပါတယ်။

အိမ်ခြံမြေရင်းနှီးမြှပ်နှံမှု လမ်းညွှန်ဆိုင်ရာ စာအုပ် ၄ အုပ်လည်း ထုတ်ဝေခဲ့ပြီး ငွေကြေးဆိုင်ရာ အကြံပေးလမ်းညွှန်မှုပိုင်းလည်း သင်ကြားပေးနေသူ ဖြစ်ပါတယ်။ ကီယော့စ်ကီဟာ Rich Global LLC နဲ့ Rich Dad Company တို့ရဲ့ တည်ထောင်သူလည်း ဖြစ်ပါတယ်။ @theRealKiyosaki နာမည်နဲ့ Twitter လူမှုကွန်ရက်မှာ Follower ၁.၇ သန်းကျော် ရှိသလို သူ့ရဲ့ YouTube ချန်နယ် The Rich Dad Channel မှာလည်း Follow လုပ်ထားသူ ၂ သန်းကျော် ရှိထားပါတယ်။

(၄) ချာမတ် ပါလီဟတ်ပီတီယာ

Chamath Palihapitiya

Photo: Financial Times

ချာမက် ပါလီဟတ်ပီတီယာက အမေရိကန်စီးပွားရေးသမားနဲ့ ရင်းနှီးမြှပ်နှံရေးသမားတစ်ဦးပါ။ ၂၀၀၇ ခုနှစ်ထဲမှာ သုံးစွဲသူဖွံ့ဖြိုးရေးဆိုင်ရာ ဒုဥက္ကဌအဖြစ်လည်း Facebook လူမှုကွန်ရက်ကုမ္ပဏီမှာ အလုပ်ဝင်ခဲ့ပြီး ဒီနေ့ခေတ်ရဲ့ ကမ္ဘာ့အကြီးဆုံး Social Media ကုမ္ပဏီကြီး ဖြစ်လာရေးမှာ ပါဝင်ခဲ့ပါတယ်။

နောက်တော့ Facebook က ထွက်ပြီး Social+ Capital Partnership လို့ခေါ်တဲ့ ကိုယ်ပိုင်ငွေရင်းထုတ်ပေးတဲ့ Venture Capital ရင်းနှီးမြှပ်နှံရေးလုပ်ငန်းတစ်ခု ထောင်ခဲ့ပါတယ်။ နောက်တော့ ဒီလုပ်ငန်းဟာ Social Capital လို့ ခေါ်လာပါတယ်။ ချာမတ်ဟာ Uber ၊ Box နဲ့ Spotify တို့အပါအဝင် ကမ္ဘာကျော်လာမယ့် Start-Up လုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံမှု လုပ်ခဲ့သူလည်း ဖြစ်ပါတယ်။

ဆီလီကွန်တောင်ကြားရဲ့ ကျော်ကြားလှတဲ့ ရင်းနှီးမြှပ်နှံရေးသမားတွေထဲက တစ်ဦးဖြစ်တဲ့ ချာမတ်ဟာ Bloomberg West နဲ့ MSNBC ရဲ့ Morning Joe အပါအဝင် TV Shows အမျိုးမျိုးမှာလည်း ပါဝင်ခဲ့ပြီး Twitter ပေါ်က ကျော်ကြားတဲ့ ဘဏ္ဍာရေးရင်းနှီးမြှပ်နှံသူများထဲက တစ်ဦးအဖြစ် သတ်မှတ်ခံရပါတယ်။

Featured Photo: Medium