ဆီးဗီးလားကွင်းလယ်ကြယ်ပွင့် အိုင်ဗန် ရာကီတစ် ဟာ ၎င်းရဲ့ ဇနီး ဖြစ်သူနဲ့ ဘယ်လို တွေ့ခဲ့လဲဆိုတဲ့ ရယ်မောဖွယ် ဇာတ်လမ်းကို မျှဝေပေးခဲ့ပြီး ၎င်းအနေနဲ့ ဇနီးသည်ဖြစ်လာမယ့် ချစ်သူကို အပြင်မှာ တွေ့ဖို့ အခါ ၃၀ လောက် ပြောပြီးမှ တွေ့ခွင့်ရခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
Photo: fcbarcelonanoticias
ရှင်းအောင်ပြောရမယ်ဆိုရင် သူမဟာ ခရိုအေးရှား ကွင်းလယ်ကစားသမားက တကယ်ချစ်တာလား၊ အပျော်သဘောလားဆိုတာကို အမှန်တကယ် သိအောင် လုပ်ခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ရာကီတစ်ဟာ ရာကဲ မာအူရီနဲ့ပထမဆုံးဒိတ်ရဖို့အတွက် သည်းကြီးမည်းကြီး အမှန်တကယ် ကြိုးစားခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ရှော်ကေးကနေ ဆီးဗီးလားကို ပြောင်းရွှေ့ပြီးနောက် စပိန်ဘာသာစကား မကျွမ်းကျင်မှုကြောင့် အချစ်ရေးမှာ နှောင့်နှေးခဲ့ရတာလို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
“ကျွန်တော် အဲဒါကို ဘယ်လိုရှင်းပြရမလဲမသိဘူး။ ကျွန်တော် သူ့ကို မြင်တဲ့အခါတိုင်း ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ ဗုံးတစ်လုံး ပေါက်သွားသလိုပဲ။ တစ်ပတ်ပြီး တစ်ပတ် ကျွန်တော် စပိန်စကားလုံးအချို့ကို နှေးကွေးစွာနဲ့ လေ့လာသင်ယူခဲ့ပြီး ကျွန်တော်သာ စပိန်စကားမတတ်ဘူးဆိုရင် သူ့ကို စကားပြောတဲ့အခါကျ လက်ဟန်ခြေဟန်တွေနဲ့ ပြောရမှာပါ။ သူကတော့ အဲဒါကို ရယ်စရာကောင်းတယ်လို့ ထင်ခဲ့တယ်။ ကျွန်မက ဂျိန်း၊ ရှင်က တာဇံဆိုသလိုမျိုး တွေးပြီးပေါ့။ ကျွန်တော် ကော်ဖီတွေ အများကြီး သောက်ခဲ့တာကလည်း ရယ်စရာကောင်းပါတယ်။ ကျွန်တော် သူ့ကို အကြိမ် ၂၀၊ ၃၀ လောက် အပြင်မှာ တွေ့ဖို့ တောင်းဆိုခဲ့တာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်”
Photo: Pinterest
ရာကီတစ် အနေနဲ့ ကော်ဖီတွေ အများကြီး သောက်ခဲ့ရတဲ့ အကြောင်းအရင်းကတော့ ၎င်းရဲ့ အနာဂတ် လက်တွဲဖော်ဖြစ်လာမယ့် မာအူရီဟာ ဟိုတယ်ဘားတစ်ခုမှာ အလုပ်လုပ်နေခဲ့တာကြောင့်ဖြစ်ပါတယ်။ အဲဒါကြောင့် ရာကီတစ်ဟာ ချစ်ရသူနဲ့ စကားလေးတစ်ခွန်း၊ နှစ်ခွန်းလောက် ပြောရဖို့အတွက် ကော်ဖီတွေ တစ်ခွက်ပြီးတစ်ခွက် မှာသောက်ခဲ့ရတာဖြစ်ပါတယ်။
မာအူရီဟာ ဘယ်တော့မှ ဟင့်အင်းလို့ မပြောခဲ့ပေမယ့် အင်းလို့ ပြောလားဆိုတော့လည်း မပြောပြန်တာကြောင့် ရာကီတစ်အနေနဲ့ စပိန်မှာ အောင်မြင်တဲ့ ကစားသမားတစ်ယောက်ဖြစ်လာဖို့အတွက် အသည်းအသန် ကြိုးစားခဲ့ပါတယ်။ “တစ်နေ့မှာတော့ ရာကဲက နောက်ဆုံးမှာ ကျွန်တော်နဲ့အတူ အပြင်ဘာလို့ မသွားလဲဆိုတာကို ရှင်းပြခဲ့တယ်။ သူ ပြောတာက ရှင်က ဘောလုံးသမားတစ်ယောက်။ ရှင့်အနေနဲ့ နောက်နှစ်ကျရင် နောက်တစ်နိုင်ငံကို ပြောင်းသွားနိုင်တယ်လေ။ စိတ်တော့မကောင်းပါဘူး။ ဒါပေမယ့် ရှင်နဲ့ အပြင်မှာ မတွေ့နိုင်ပါဘူးတဲ့”
“ခင်ဗျား သိလား။ ကျွန်တော်က ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံးသူတစ်ယောက်မဟုတ်ပါဘူး။ အဲဒီတော့ ကျွန်တော် တွေးမိခဲ့တာက သေစမ်း။ သူက ငါ့ကို အရမ်းကောင်းတဲ့ ကစားသမားဖြစ်လာမှာမဟုတ်တာကြောင့် ဆီးဗီးလားက နွေရာသီကျရင် ငါ့ကို ရောင်းထုတ်တော့မယ် ထင်နေတာများလားပေါ့။ အဲဒါက အသင်းလူစာရင်းထဲမှာ ကိုယ့်ကိုကိုယ် သက်သေပြသနိုင်ဖို့အတွက် ကျွန်တော် လေ့ကျင့်ရေးကို သွားတဲ့အခါကျရင် စိတ်ဓာတ်ခွန်အားရဲ့တစ်စိတ်တပိုင်း ဖြစ်ခဲ့တယ်။ အဲဒီလို သက်သေပြနိုင်မှာ ကျွန်တော် ဒီမှာ ကြာကြာနေနိုင်ပြီး ဒီကောင်မလေးက ကျွန်တော်နဲ့အတူ ညစာစားမှာဆိုတဲ့အတွေးနဲ့ပေါ့။ အဲဒီလို ဖြစ်လာဖို့အတွက် ကျွန်တော် အချိန် ၇ လလောက် ကြာသွားခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
Photo: AS
နောက်ဆုံးမှာတော့ ရာကဲ မာအူရီဟာ ရာကီတစ် နဲ့ နေ့လယ်စာအတူစားဖို့ သဘောတူညီခဲ့ပြီး လက်ရှိမှာတော့ ၎င်းတို့ ဇနီး မောင်နှံဟာ သားသမီး ၂ ဦး ထွန်းကားခဲ့ပြီး ဖြစ်ပါတယ်။ ရာကီတစ်ကလည်း မာအူရီရဲ့ အချစ်စွမ်းအားကြောင့် ဘာစီလိုနာအသင်းနဲ့အတူ ကမ္ဘာပေါ်က အကောင်းဆုံးကွင်းလယ်ကစားသမားတစ်ဦးအဖြစ် သက်သေပြသနိုင်ခဲ့ပြီးဖြစ်ပြီး လက်ရှိမှာတော့ အသင်းဟောင်း ဆီးဗီးလားအသင်းအတွက် ပြန်လည်ကစားပေးနေတာဖြစ်ပါတယ်။
Featured Photo: Sportbible