Testicles လို့ခေါ်တဲ့ ဝှေးစေ့တွေဟာ ရာသီဥတု အေးတဲ့ အချိန်မှာ ကျုံ့သွားတတ်တာ ဒါမှမဟုတ် မူလအရွယ်အစားထက် ပိုသေးသွားတာကို သတိထားမိမယ် ထင်ပါတယ်။ တကယ်တော့ ဒါဟာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ အမျိုးသားအများစုကတော့ ၎င်းတို့ရဲ့ လိင်အင်္ဂါ သို့မဟုတ် ဝှေးစေ့ အရွယ်အစား ပြောင်းလဲမှုနဲ့ ပတ်သတ်ပြီး စိုးရိမ်စိတ်များ ကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ရာသီဥတုအေးတဲ့အချိန်တွေမှာ ကွီးတို့ရဲ့ ရွှေဥလေး သိသိသာသာ ကျုံ့သွားတာနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

balls shrink

Photo : WIRED

အမျိုးသားတွေရဲ့ ဝှေးစေ့တွေဟာ ရာသီဥတု အပြောင်းအလဲပေါ်မူတည်ပြီး ကျုံနိုင်ဆန့်နိုင်တယ်လို့ ပြောရမှာပါ။ ဝှေးစေ့အတွင်း သုတ်ပိုးထုတ်လုပ်နိုင်မှုဟာ ပုံမှန် ၃၇ ဒီဂရီစင်တီဂရိတ်အောက် ၊ အပူချိန် ၁ ဒီဂရီစင်တီဂရိတ်မှာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါကြောင့် အပူချိန် ၃၆ ဒီဂရီစင်တီဂရိတ် ခန့်လောက်မှာဆိုရင် ခန္ဓာကိုယ်အပူချိန်ထက် အနည်းငယ်ပိုအေးနေစေဖို့ ကပ်ပယ်အိတ်တွေကို အောက်သို့အနည်းငယ် ဆန့်ထုတ်ပေးထားပါတယ်။ အပူချိန်လျှော့ကျပြီး ပိုအေးလာချိန်မှာတော့ ကပ်ပယ်အိတ်တွေဟာ သဘာဝအတိုင်း သူ့အလိုလို အပေါ်ကို ပြန်ကျုံ့သွားတက်တာပါ။

တကယ်တော့ အမျိုးသားတွေရဲ့ ဝှေးစေ့ပတ်ပတ်လည်မှာက Cremaster Muscles လို့ခေါ်တဲ့ ကြွက်သားတွေ ရှိပါတယ်။ အဆိုပါ Cremaster ကြွက်သားတွေက ရာသီဥတု အေးလာချိန်မှာ ဝှေးစေ့တွေကို နွေးထွေးစေဖို့ ခန္ဓာကိုယ်နဲ့ ပိုမိုနီးကပ်လာစေတဲ့ Cremaster Reflex လို့ခေါ်တဲ့ တုံ့ပြန်မှုကို ပြုလုပ်ပေးပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက အဆိုပါကြွက်သားတွေဟာ အထိတ်တလန့် ဖြစ်ရပ်တစ်ခုခုနဲ့ ကြုံတွေ့ချိန်မှာလည်း အလိုလျောက် လှုပ်ရှားပေးနိုင်တဲ့ ဂုဏ်သတ္တိ ရှိပါတယ်။ ဒါကြောင့် စိတ်လှုပ်ရှားစရာ သို့မဟုတ် အထိတ်တလန့်ဖြစ်စရာ တစ်ခုခုနဲ့ ကြုံရချိန်မှာလည်း ဝှေးစေ့တွေကို အန္တရာယ်ကင်းစေဖို့ အပေါ်သို့ ကျုံ့တင်လိုက်တာမျိုး လုပ်ဆောင်ပေးပါတယ်။

balls shrink

Photo : Medical News Today

Cremaster Reflex လုပ်ငန်းစဉ်အရ ရာသီဥတု အေးတဲ့ အချိန်တွေမှာလည်း ဝှေးစေ့တွေကို ခန္ဓာကိုယ်နဲ့ ပိုမိုနီးကပ်စေဖို့ ကျုံ့ပေးပါတယ်။ ဒါမှဟာလျှင် ခန္ဓာကိုယ်အပူချိန်နဲ့အတူ သုတ်ပိုးထုတ်လုပ်ဖို့အတွက် သင့်တော်တဲ့ အကောင်းဆုံး အပူချိန်ကို ထိန်းထားပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ရာသီဥတု အပြောင်းအလဲပေါ်မူတည်ပြီး ဝှေးစေ့အရွယ်အစား ကျုံ့/ဆန့် မှုအပေါ်မှာ အများကြီး စိတ်ပူဖို့မလိုပါဘူး။ ဒါဟာ သဘာဝဖြစ်စဉ်တစ်ခုသာ ဖြစ်ပါတယ်။

သို့သော် အမျိုးသားတွေအနေနဲ့ ဝှေးစေ့အရွယ်အစားကို အမြဲစစ်ဆေးပေးဖို့လိုပြီး ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေ ရှိလာတယ် ဥပမာ ဝှေးစေ့တစ်ခုနဲ့တစ်ခု အရွယ်အစားမတူတာ ၊ ပုံမှန်မဟုတ်တဲ့ အရွယ်အစားပြောင်းလဲတာတွေ ရှိလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ဆွေးနွေးပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။

Featured Photo : Healthline