ယူကရိန်းကို ရုရှား ကျူးကျော်ခဲ့မှုအပြီး ချဲလ်ဆီး အသင်းပိုင်ရှင် ရိုမန်အေဘရာမိုဗစ်ချ်က အသင်းကို ရောင်းထုတ်တော့မယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့တဲ့နောက် ချဲလ်ဆီး အသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီ က ရုရှားဘီလျံနာအား ချီးကျုးစကားဆို လိုက်ပါတယ်။

Photo : New York Folk

ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန်အေဘရာမိုဗစ်ချ်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အသင်းရဲ့ ဝက်ဘ်ဆိုက်နဲ့ လူမှုကွန်ယက်စာမျက်နှာတွေကနေတဆင့် အသင်းကိုရောင်းချမယ့် သတင်းတွေကို အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ရုရှားဘီလျံနာ ရိုမန်အေဘရာမိုဗစ်ချ် ကိုယ်တိုင်လည်း လက်ရှိအခြေအနေတွေကြောင့် အသင်းပိုင်ရှင်အဖြစ် ဆက်လက်ရပ်တည်နိုင်ခြင်းရှိတော့မှာ မဟုတ်ကြောင်းကို လက်ခံခဲ့ပါတယ်။

သူအနေနဲ့ ကလပ်အသင်းအတွက် စိုက်ထုတ်ပေးခဲ့တဲ့ ပေါင်၁.၅ ဘီလျံကို နှုတ်ယူပြီး အသင်းရောင်းချခြင်းကနေ ရရှိလာမယ့် ငွေအားလုံးကို ယူကရိန်းစစ်ဘေးသင့် ပြည်သူတွေ အားလုံးအတွက် အကျိုးရှိစေမယ့် ပရဟိတဖောင်ဒေးရှင်းတစ်ခုကို လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

အဆိုပါသတင်းကြောင့် ချဲလ်ဆီးပရိသတ်တွေ စိတ်မကောင်းဖြစ်ခဲ့ကြရပြီး ချဲလ်ဆီးအသင်းကို ကမ္ဘာ့အကောင်းဆုံးနဲ့ အအောင်မြင်ဆုံးအသင်းတစ်သင်းအဖြစ် ပျိုးထောင်ပေးခဲ့တဲ့ ရိုမန်အေဘရာမိုဗစ်ချ်ကို ကျေးဇူးတင်ကြောင်း ပြောဆိုနေကြတာ ဖြစ်ပါတယ်။ ချဲလ်ဆီး အသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီကလည်း ” ကျေးဇူးတင်ပါတယ် ရိုမန် ကမ္ဘာ့အကောင်းဆုံး ပိုင်ရှင်ပါပဲ” လို့ တွစ်တာလူမှုကွန်ယက်မှာ မှတ်ချက် ရေးသားခဲ့ပါတယ်။

Photo : Forbes

အဆိုပါ မှတ်ချက်ဟာ ၆ နာရီအတွင်း လိုက်ခ် ၅၀,၀၀၀ ကျော် ရရှိခဲ့ပြီး ချယ်လ်ဆီးပရိသတ်များတွေက အသင်းရဲ့ အိုင်ကွန်နှစ်ဦးအပေါ် ချစ်မြတ်နိုးကြောင်း ပြသခဲ့ကြတာ ဖြစ်ပါတယ်။ ဂျွန်တယ်ရီဟာ ချဲလ်ဆီးအသင်းခေါင်းဆောင်အဖြစ် အေဘရာမိုဗစ်ချ်လက်ထက်မှာ ပရီးမီးယားလိဂ်ဖလား (၅) ကြိမ် အပါအဝင် ဆုဖလားပေါင်း (၁၆) လုံးအထိ ရယူနိုင်ခဲ့ပါတယ်။

အေဘရာမိုဗစ်ချ်ဟာ ဆယ်စုနှစ် ၂ ခုနီးပါး ပိုင်ဆိုင်ထားခဲ့တဲ့ ချဲလ်ဆီးအသင်းကို ပေါင် ၃ ဘီလီယံနဲ့ ရောင်းချဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ အသက် ၅၅ နှစ်အရွယ် ရုရှားဘီလျံနာဟာ ၎င်းပိုင်ဆိုင်တဲ့ လန်ဒန်က အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု အစုစုကိုလည်း ရောင်းချတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လျက် ရှိပါတယ်။

MailOnline ရဲ့ ဖော်ပြချက်အရ ဗုဒ္ဓဟူးနေ့မှာ အသင်းကို အနည်းဆုံး ပေါင် ၃ ဘီလီယံနဲ့ ဈေးကွက်တင်ထားတယ်လို့ သိရပြီး မနေ့ညက အေဘရာမိုဗစ်ခ်ျရဲ့ ကြေညာချက်ထဲမှာတော့ ” ကျွန်တော်ကတော့ ကလပ်အသင်းအတွက် အမြဲတမ်းနှလုံးသားနဲ့ပဲ ဆုံးဖြတ်ချက်တွေ ချခဲ့ပါတယ် ၊ လက်ရှိအခြေအနေမှာ အသင်းကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ချက်ချ ပြီးပါပြီ ၊ ပြန်ဆပ်ဖို့ရှိတဲ့ ချေးငွေတွေကို တောင်းခံသွားမှာ မဟုတ်ပါဘူး ” လို့ ပြောကြားခဲ့ပါတယ်။

Photo : Daily Mail

အေဘရာမိုဗစ်ချ်ဟာ အသင်းရောင်းချမှုကို ကိုင်တွယ်ရန် အမေရိကန်ဘဏ် The Raine Group ကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ ဆွစ်ဇာလန် ဘီလျံနာ ဟန်စ်ဂျော့ ဝိုက်စ်က အသင်းရောင်းချခြင်းအတွက် ၎င်းအား ကမ်းလှမ်းခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့ပြီး Los Angeles Dodgers ဘေ့စ်ဘောအသင်းရဲ့ ပူးတွဲပိုင်ရှင် Todd Boehly ပါဝင်တဲ့ လုပ်ငန်းစုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကမ်းလှမ်းမှုကို စဉ်းစားနေတယ်လို့ သိရပါတယ်။

သတင်းတွေအရတော့ အေဘရာမိုဗစ်ချ်ဟာ ချဲလ်ဆီးအသင်းကို ပေါင် ၃ ဘီလျံကျော်ထက်မနည်း တန်ကြေးရှိတယ်လို့ ယုံကြည်ထားပြီး လက်ရှိအခြေအနေအရ သူ့မျှော်လင်ထားတဲ့ တန်ကြေးထက် လျော့ပြီး ရောင်းရနိုင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။

Featured Photo : Daily Mail