ယူအီးအက်ဖ်အေ တာဝန်ရှိသူတွေကတော့ ဘာပေနဲ့ ဗီနီစီယပ်စ် အပါအဝင် ရီးယဲလ်မက်ဒရစ် ကစားသမား ၄ ဦးရဲ့ ကွင်းအတွင်း မလျော်မကန်တဲ့ အပြုအမူတွေနဲ့ ပတ်သတ်ပြီး လက်ရှိမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့သိရပြီး အဆိုပါ ကြယ်ပွင့် ၄ ဦးလုံးဟာ အာဆင်နယ်နဲ့ ရင်ဆိုင်ကစားရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်ကို လွဲချော်နိုင်ခြေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Kylian Mbappe Vinicius Jr

Photo : Goal.com

ပြီးခဲ့တဲ့ မတ် ၁၂ ရက်နေ့တုန်းက ကစားခဲ့တဲ့ အက်သလက်တီနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ဘာပေ ၊ ဗီနီစီယပ်စ်နဲ့ အသင်းဖော်တွေ ဖြစ်တဲ့ ရူဒီဂါ ၊ ဆီဘယ်လော့စ်တို့ ၄ ဦးဟာ ပြိုင်ဘက် တီကိုအသင်း ပရိတ်သတ်တွေအရှေ့မှာ မလျော်ညီတဲ့ အပြုအမှုတွေနဲ့ အောင်ပွဲခံ ပြုမူခဲ့ကြတဲ့အတွက် ယူအီးအက်ဖ်အေ စည်းကမ်းထိန်းသိမ်းရေး ကော်မတီအနေနဲ့ စုံစမ်းစစ်ဆေးတွေကို ပြုလုပ်လျက်ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိ ဆိုရှယ်မီဒီယာပေါ်မှာ ရီးယဲလ်ကြယ်ပွင့် ၄ ဦးရဲ့ ကွင်းအတွင်း မလျော်ညီတဲ့ အပြူအမူတွေပါတဲ့ ဗီဒီယိုဖိုင်တွေ ပြန်နှံ့လာခဲ့ပြီးနောက် ယူအီးအက်ဖ်အေ စည်းကမ်းထိန်းသိမ်းရေး တာဝန်ရှိသူတွေကတော့ ဖြစ်ရပ်အခြေအနေကို သေချာအတည်ပြုနိုင်ဖို့ စစ်ဆေးနေတယ်လို့ ထုတ်ပြန်ကြေညာထားပြီး အကယ်၍ ပြစ်ဒဏ်ထင်ရှားပါက ဒဏ်ကြေးငွေရော ပွဲပယ်ပြစ်ဒဏ်ပါ ချမှတ်ခံရနိုင်ခြေ ရှိနေတာ ဖြစ်ပါတယ်။

Real Madrid

Photo : Yardbarker

ပြီးခဲ့တဲ့ နှစ်နွေရာသီတုန်းကလည်း ယူရို ၂၀၂၄ ပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ် ကွင်းလယ်လူ ဘယ်လင်ဟမ်ဟာ သူရဲ့မတော်ရာ နေရာကို ဆုပ်ကိုင်ပြခဲ့တဲ့ အပြုအမူကြောင့် ယူရို ၃၀,၀၀၀ ဒဏ်ရိုက်ခံခဲ့ရပြီး ပွဲပယ်ပြစ်ဒဏ် ၁ ပွဲ ချမှတ်ခံခဲ့ရ ဖူးပါတယ်။ အာဆင်နယ်နဲ့ ရီးယဲလ်မက်ဒရစ်တို့ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို လာမယ့် ဧပြီလ ၈ ရက်နေ့မှာ အမ်းမရိတ်စ်ကွင်းမှာ တွေ့ဆုံကစား သွားရမှာဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်ကိုတော့ တစ်ပတ်အကြာမှာ ဘာနေဗျူးမှာ ကစားရမှာ ဖြစ်ပါတယ်။

Source : Evening Standard

Featured Photo : Goal.com