ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဘယ်လင်ဟမ် ကတော့ စနေနေ့က ဗလင်စီယာနဲ့ ၂ -၂ ဂိုးစီ သရေကျခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်အတွင်း ဒိုင်လူကြီးကို အော်ဟစ်စောဒက တက်ခဲ့တာကြောင့် ၂ ပွဲပယ် ပြစ်ဒဏ်သတ်မှတ်ခံလိုက် ရပါတယ်။

Jude Bellingham

Photo : The Sun

အသက် ၂၀ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ အဆိုပါပွဲစဉ်အတွင်း လော့စ်ဘလန်ကို့စ်တို့အတွက် နောက်ကျအနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပေမယ့် ကွင်းလယ်ဒိုင်မှ ပွဲသိမ်းခရာမှုတ်ကာ အဆိုပါသွင်းဂိုးကို ဂိုးအဖြစ် မသတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကြောင့် ပွဲပြီးခါနီးမှာ ဘယ်လင်ဟမ်က ဒိုင်လူကြီးကို ဒေါသတကြီးတုံ့ပြန်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြခံခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘယ်လင်ဟမ်ရဲ့ အဆိုပါ တုန့်ပြန်မှုကြောင့်ပဲ ရီးရဲလ်မက်ဒရစ်ရဲ့ လာမယ့် လိဂ်ပွဲစဉ် နှစ်ပွဲအတွက် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရတော့မယ်လို့ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဒါကြောင့် ဘယ်လင်ဟမ် အနေနဲ့ တနင်္ဂနွေနေ့မှာ ဆဲလ်တာဗီဂိုနဲ့ ကစားရမယ့် အိမ်ကွင်းပွဲစဉ်ရယ် မတ်လ ၁၆ ရက်နေ့မှာ အိုဆာဆူနာနဲ့ ကစားမယ့် ပွဲစဉ်တွေကို လွဲချော်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဗုဒ္ဓဟူးနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် အာဘီ လိုက်ဇက်အသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာတော့ ပါဝင်ကစားခွင့် ရဦးမှာဖြစ်ပြီး အဲ့ဒီနောက် ပွဲပယ်ပြစ်ဒဏ်ခံယူပြီး မတ်လ ၃၁ ရက်နေ့မှ အက်သလက်တစ် ဘီဘာအိုနဲ့ ကစားမယ့် အိမ်ကွင်းပွဲစဉ်မှာ ပြန်လည်ကစားနိုင်တော့မှာပါ။

Jude Bellingham

Photo : Goal.com

ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီကတော့ ” ဒါကတစ်ခါမှ မကြုံဖူးသေးတဲ့ အခြေအနေပါပဲ။ အရင်ကဒီလို မဖြစ်ခဲ့ဖူးပါဘူး။ ဘယ်လင်ဟမ်ရဲ့ အနီကတ်အတွက် ကျွန်တော်တို့ အတော်လေး စိတ်ပျက်ခဲ့ရပါတယ်။ သူဘာမှစော်ကား ပြောဆိုခဲ့တာမျိုး မဟုတ်ပါဘူး။ သူက ဒိုင်လူကြီးကို စော်ကားတာ ၊ မလေးစားတာလည်း မဟုတ်ဘူး။ ဒါက ဂိုးတယ်လေကွာလို့ အင်္ဂလိပ်လို ပြောခဲ့တာပါ။ ဒိုင်လူကြီးအနားကပ်ပြီး ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့တယ်ဆိုပေမယ့် ဖြစ်ပျက်ခဲ့တာတွေက ပုံမှန်ပါပဲ။ သူ စော်ကားတာ လုံးဝမပါပါဘူး” လို့ ဘယ်လင်ဟမ် ရဲ့တုန့်ပြန်မှုနဲ့ ပတ်သတ်ပြီး ကစားသမားဘက်ကနေ ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

နည်းပြ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီရာသီလာလီဂါအမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာရပ်တည်ပြီး အဆင့် ၂ နေရာက ဂီရိုနာကို ၇ မှတ် ဖြတ်ထားနိုင်ပါတယ်။

Featured Photo : Eurosport