ပီအက်စ်ဂျီ နည်းပြ ပိုချက်တီနိုဟာ ရီးရဲလ် မက်ဒရစ်အသင်းကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် အဆင့်ကနေ ထွက်ခွာခဲ့ရပြီးနောက်မှာ အသင်းကနေ ထုတ်ပယ်ခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
Photo : Daily Mail
ပီအက်စ်ဂျီအသင်းဟာ ပထမအကျော့မှာ ၁ – ၀ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပေမယ့် ဒုတိယအကျော့ပွဲစဉ်မှာတော့ ရီးရဲလ်တိုက်စစ်မှူး ဘန်ဇီးမားရဲ့ ၁၇ မိနစ်အတွင်းက အံ့အားသင့်ဖွယ်ရာ ဟက်ထရစ်သွင်းဂိုးကြောင့် ရှုံးနိမ်ခဲ့ရပြီး နည်းပြ ပိုချက်တီနို နဲ့ ပြင်သစ်အသင်း အားကစားဒါရိုက်တာ လီယိုနာဒိုတို့ နှစ်ဦးစလုံးဟာ ရှုံးနိမ့်မှုအတွက် ပေးဆပ်ရလိမ့်မယ်လို့ ပြင်သစ် သတင်းစာ Le Parisien က ဆိုထားပါတယ်။
၃ – ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီးတဲ့ နောက်မှာ ပိုချက်တီနိုက ” လက်ရှိအခြေအနေတွေ အားလုံး ကျွန်တော် ရင်ဆိုင်နိုင်ပါတယ် ၊ အနာဂတ်မှာ ဖြစ်လာမယ့်အရာတွေက ဖြစ်လာအုန်းမှာပါ ၊ ကျွန်တော်တို့ ယှဉ်ပြိုင်ပြီး နိုင်ပွဲရဖို့ ကစားပါတယ် ၊ ဒါကို ကျွန်တော်တို့ လက်ခံဖို့ ခက်ခဲပေမယ့် လက်ရှိအချိန်မှာ ခေါင်းအေးအေး ထားရပါမယ်”လို့ ပြောခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်း ဥက္ကဌကတော့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဒေါသတကြီး ပေါက်ကွဲခဲ့တယ်လို့ စပိန်ရုပ်သံလိုင်းတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။ ပီအက်စ်ဂျီ ဥက္ကဌဟာ ပွဲအပြီး ဒိုင်လူကြီး အဝတ်လဲခန်းတံခါးကို ဆောင့်ကန်ပြီး ထွက်သွားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်လျက်ရှိပါတယ်။
Photo : Sportskeeda
ပိုချက်တီနိုကလည်း ပွဲမှာတာဝန်ရှိတဲ့ ဒိုင်လူကြီးတွေကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ” ဘယ်လိုရှင်းပြရမလဲ ၊ ရှင်းပြရတာတော့ လွယ်ပါတယ် ၊ ဒါပေမယ့် သူတို့ရသွားတဲ့ ပထမဆုံးဂိုးအတွက် အကြီးမားဆုံး အမှားတစ်ခုက VAR ကြောင့်လို့ ကျွန်တော်ထင်ပါတယ် ၊ ကျွန်တော်တို့ အာရုံထဲမှာ မတရားမှုဆိုတဲ့ သဘောကို လက်ခံလိုက်တဲ့အခါ ကျွန်တော်တို့ထပ်ပြီး ဂိုးတွေပေးရဖို့ လမ်းဖွင့်လွန်းခဲ့တယ် ၊ ၁ – ၁ ဂိုး ရလဒ်နဲ့ ဖြတ်ကျော်နေတုန်းမှာပဲ နောက်ထပ်၂ ဂိုးထပ် ပေးခဲ့ရတယ် ၊ ရီးရဲလ်မက်ဒရစ်က ၁ – ၁ ဖြစ်နေရင်တောင်မှ ဘာမှဆုံးရှုံးစရာမရှိဘဲ အချိန်ပိုထိ ဆက်ကစားနိုင်ပေမယ့် ကျွန်တော်တို့ ဒီအခြေအနေကို မတုံ့ပြန်နိုင်ခဲ့ပါဘူး” လို့ ပြောခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ လွန်ခဲ့တဲ့ ၅ နှစ်က ဘာစီလိုနာအသင်းကို ပထမအကျော့ပွဲစဉ်မှာ ၄ – ၀ ဂိုးရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ ၆ – ၁ ဂိုးနဲ့ ရှုံးပြီး ပွဲပြိုင်ကနေ ထွက်ခွာခဲ့ရတဲ့ အမှတ်ရဖွယ် နေ့ရက်မျိုးရှိခဲ့ပြီး ဒီနေ့မှာလည်း မက်ဆီ ၊ နေမာ နဲ့ မက်ပီ တို့လို ကစားသမားကောင်းတွေ ခေါ်ယူအားဖြည့်ထားတဲ့ ပြင်သစ်အသင်းအတွက် ပထမဆုံး ချန်ပီယံလိဂ်ဖလားရယူဖို့ ကြိုးပမ်းမှုဟာ ဝေးကွာသွားခဲ့ရပြီ ဖြစ်ပါတယ်။
Photo : All Football
တစ်ဖက်မှာ အောင်ပွဲရသွားတဲ့ ရီးရဲလ်နည်းပြ ကာလို အန်ဆယ်လော့တီကတော့ ” ဒါဟာ သမိုင်းကြောင်းကောင်းတဲ့ ကလပ်အသင်းနဲ့ ကွင်းကြီးရဲ့ မှော်ဆန်မှု တစ်ခုပါပဲ ၊ မမေ့နိုင်စရာညတစ်ည ဖြစ်ခဲ့ပါတယ် ၊ သူတို့ ပထမဆုံး ဂိုးရပြီးတဲ့နောက်မှာ ပွဲကလုံးဝ ပြောင်းလဲသွားခဲ့ပါတယ် ၊ ပရိသတ်တွေရဲ့ အားပေးမှုက အဓိကသော့ချက် တစ်ခု ဖြစ်ခဲ့ပါတယ်” လို့ ပြောကြား သွားခဲ့ပါတယ်။
Featured Photo : Daily Mail