နော်ဝေဂိုးသွင်းစက် ဟာလန်းကို စပိန်ဘီလူးကြီး ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့် တိုက်စစ်မှူး ဟာလန်း ကတော့ မန်ချက်စတာ စီးတီးအသင်းမှာ ပျော်ရွှင်နေပါတယ်လို့ နည်းပြ ပတ် ဂွါဒီယိုလာ က ထုတ်ဖော်ပြောကြား လာပါတယ်။

Erling Haaland

Photo : SPORTbible

စပိန်က သတင်းအရင်းမြစ်တွေအရ ဟာလန်းဟာ ယခုနွေရာသီမှာ မန်စီးတီးအသင်းကနေ ထွက်ခွာချင်နေပြီး ရီးရဲလ်မက်ဒရစ်အနေနဲ့ အဆိုပါ တိုက်စစ်မှူးကို ခန့်မှန်းခြေ ပေါင်သန်း ၁၇၀ နဲ့ ခေါ်ယူဖို့ အသင့်ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

သတင်းတွေအရတော့ ဟာလန်းဟာ ဒေါ့မွန်အသင်းဖော်ဟောင်း ရီးရဲလ်ကွင်းလယ်လူ ဘယ်လင်ဟမ်နဲ့ ချိတ်ဆက်ဖို့ စိတ်အားထက်သန်နေပြီး မက်ဒရစ်က သူ့အတွက် ပိုကောင်းတဲ့ ဘဝကို ပေးစွမ်းနိုင်မယ်လို့ ခံစားရကြောင်း ပြောဆိုမှုတွေ ရှိနေတာပါ။

ကောလဟာလသတင်းတွေနဲ့ ပတ်သတ်ပြီး နည်းပြ ပတ် ဂွါဒီယိုလာကတော့ ” ကျွန်တော် မသိပါဘူး။ မက်ဒရစ်က မီဒီယာတွေကို မေးရမှာပါ။ သူတို့မှာ ကျွန်တော်တို့ထက် သတင်းအချက်အလက်တွေ ပိုရှိချင်လည်း ရှိနေမှာပေါ့။ ကျွန်တော်တို့မှာတော့ ဟာလန်းအသင်းမှာ မပျော်ဘူးဆိုတဲ့ ခံစားချက်မျိုး မရှိပါဘူး။ ဒဏ်ရာ အခြေအနေကြောင့် ၂ လလောက် ဘောလုံးမကစားနိုင်ခဲ့တာကိုတော့ သူမပျော်မရွှင် ဖြစ်ခဲ့ရမှာပါ။ ဒါပေမယ့် စပိန်မီဒီယာတွေ အထူးသဖြင့် မက်ဒရစ်က သတင်းဌာနတွေက ကျွန်တော်တို့ထက် သတင်းအချက်အလက်တွေ ပိုရှိနေတာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ သူစရောက်လာကတည်းက မြန်မြန်ဆန်ဆန် အသားမကျခဲ့ဘူး ၊ အဆင်မပြေခဲ့ဘူးလို့ ကျွန်တော်တို့ မပြောနိုင်ပါဘူး။ ဘာလို့ဆို သူအသင်းကို စရောက်ကတည်းက သူပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့်ပါ။ ဒါပေမယ့်လည်း လူတွေပြောနေတဲ့ စကားတွေကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ပါဘူး။ အရေးကြီးတာက သူအသင်းမှာ ပျော်နေဖို့ပါပဲ။ သူမပျော်တော့တဲ့အခါ ဆုံးဖြတ်ချက် ချလာပါလိမ့်မယ်” လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

Erling Haaland

Photo : Reuters

တိုက်စစ်မှူး ဟာလန်းက ဒီဇင်ဘာလဆန်းပိုင်းကတည်းက ခြေဖဝါးဒဏ်ရာကြောင့် အနားယူနေခဲ့ရတာဖြစ်ပြီး အသင်းရဲ့နောက်ဆုံး ကစားခဲ့တဲ့ ၁၀ ပွဲလုံးကို လွဲချော်ခဲ့ရပါတယ်။ ၂ လကျော် အနားယူခဲ့ရပြီး ဒဏ်ရာအခြေအနေ ပြန်လည်ကောင်းမွန်လာတဲ့နောက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဘန်လေကို ၃-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ပထမဆုံး လူစားဝင်ရောက်ကာ ပွဲထွက်ကစားခွင့် ရခဲ့ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့ကြေးပေါင် ၅၁ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီရာသီမှာ မန်စီးတီးအသင်းအတွက် သွင်းဂိုး ၁၉ ဂိုးသွင်းယူပေးထားပါတယ်။ နည်းပြ ပက်ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးအသင်းကတော့ အခုလာမယ့်တနင်္လာနေ့ညမှာ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်အဖြစ် ဘရန့်ဖို့ဒ်သို့ သွားရောက် ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။

Featured Photo : The Mirror