ရုပ်ရှင်ဇာတ်ကား တစ်ခုမှာ ဇာတ်ဆောင် မင်းသား မင်းသမီး အဖြစ် ကမ်းလှမ်းခံရခြင်းသည် ထိုမင်းသား မင်းသမီးကို ထိုပရောဂျက်အလုပ်အတွက် တစ်သက်လုံးမြဲသွားလိမ့်မယ်လို့ ယူဆလို့မရပါဘူး။ တခါတရံမှာ သူတို့သည် အလုပ်ထုတ်ခံလိုက်ရတာမျိုး၊ စာချုပ်ဖျက်ခံလိုက်ရတာမျိုးတွေလည်း ရှိနိုင်ပါတယ်။

အချို့ ရုပ်ရှင်ဇာတ်ကား များထဲတွင် မင်းသား မင်းသမီး များသည် စာချုပ်တွင် သတ်မှတ်ထားတဲ့ ခန္ဓာကိုယ်အလေးချိန်ထက် ပိုနေတာကြောင့် ထိုဇာတ်ဆောင်နေရာကနေ ထုတ်ပယ်ခံလိုက်ရတာမျိုး (သို့) သူတို့ရဲ့ Personal Life မှာ အများသူငါ လက်မခံနိုင်စရာ အမှားတစ်စုံတစ်ရာ ကျူးလွန်ခဲ့ခြင်းကြောင့်သော်လည်းကောင်း အလုပ်ထုတ်ခံရနိုင်ပါတယ်။ ရုပ်ရှင်ရိုက်နေရင်းတန်းလန်းနဲ့လည်း အခြားသူတစ်ယောက်ကို အစားထိုးလိုက်တာလည်း ဖြစ်နိုင်သလို After Production အပြီးမှ ထုတ်ပယ်ခံရတာမျိုးလည်းရှိပါတယ်။

ဘယ် ရုပ်ရှင်ဇာတ်ကား အတွက် ဘယ် မင်းသား မင်းသမီး တွေက ကမ်းလှမ်းခံရပြီးမှ ထုတ်ပယ်ခံလိုက်ရသလဲဆိုတာ ဝေမျှပေးလိုက်ရပါတယ်။

Megan Fox

actors and actresses

၂၀၀၉ ခုနှစ်မှာ Megan Fox တစ်ယောက် Transformers ရုပ်ရှင်ဇာတ်ကားရဲ့ ရုပ်ရှင်ဒါရိုက်တာအပေါ် ဝေဖန်ချက်အနည်းငယ် ပြုလုပ်မိပြီးတဲ့နောက်မှာတော့ တတိယမြောက် Transformers ဇာတ်ကားထဲတွင် ပါဝင်ခွင့်မရတော့ပါဘူး။ Megan Fox အစား Rosie Huntington-Whiteley နဲ့ အစားထိုး ရိုက်ကူးခဲ့ပါတယ်။

အင်တာဗျူးတစ်ခုမှာတော့ Megan Fox သည် ရုပ်ရှင်ဒါရိုက်တာ Micheal Bay အပေါ် ဘယ်လို ဝေဖန်ချက်ပြုလုပ်ခဲ့သလဲဆိုတာ ဖော်ပြခဲ့ပါတယ်။ Bay က ရိုက်ကူးပေါ်မှာဆိုရင် ဟစ်တလာတစ်ယောက်လို အမြဲတမ်း ပြုမူလေ့ရှိပါတယ်။ အလုပ်တွဲလုပ်ဖို့ရန်အတွက် အိပ်မက်ဆိုးတစ်ခုလိုပဲ လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ထို့နောက်မှာတော့ Bay တစ်ယောက် ရုပ်ရှင်ထုတ်လုပ်သူ Steven Sielberg ရဲ့ သဘောတူညီချက်နဲ့ Megan Fox ကို လက်တွဲဖြုတ်ခဲ့ပါတယ်။

Anne Hathaway

actors and actresses

ရုပ်ရှင်ဇာတ်ကားနာမည်ကတော့ Knocked Up ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ Aanne Hathaway တစ်ယောက် Knocked Up ဆိုတဲ့ ဇာတ်ကားမှာ Katherine Heigel ဆိုတဲ့ ဇာတ်ကောင်အတွက် ကမ်းလှမ်းခြင်း ခံရပါတယ်။ သို့သော် Production မစခင်မှာပဲ သူ(မ)ကို အခြားတစ်ယောက်နဲ့ အစားထိုးခံလိုက်ရတယ်လို့ ကောလဟလထွက်ရှိခဲ့ပါတယ်။ ဘာ့ကြောင့်လဲဆိုတော သူ(မ)နဲ့ Judd Apatow တို့သည် ကလေးမွေးတဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုအတွက် သဘောထားမတိုက်ဆိုင်ကြလို့ပဲဖြစ်တပါတယ်။

အင်တာဗျူးတစ်ခုမှာတော့ Judd က ကလေးမွေးတဲ့အခန်းကို အသေးစိတ်ရိုက်ကူးချင်တယ်။ ဒါပေမဲ့ သူ(မ)သည် ထိုအချိန်တုန်းက မိခင်တစ်ယောက်မဟုတ်တဲ့အတွက်ကြောင့် အမေဖြစ်ရတဲ့ ခံစားချက်ကို ကောင်းစွာနားမလည်သေးဘူး။ ဒါ့ကြောင့် ဒီအခန်းကို ထည့်မရိုက်ချင်တာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

Edward Norton

ရုပ်ရှင်ဇာတ်ကား မင်းသား မင်းသမီး

Edward သည် The Incredible Hulk ဇာတ်ကားထဲတွင် Bruce Banner အဖြစ် သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ The Avengers ထဲမှာတော့ သူ့ကို ပြန်လည် သရုပ်မဆောင်စေခဲ့ပါဘူး။ ထို့အတွက် Marvel က ပြန်လည်ရှင်းပြခဲ့တာကတော့ Marvel အနေနဲ့ အခြားသော သရုပ်ဆောင်များနဲ့အတူ အလုပ်အတူတူတွဲလုပ်နိုင်ပြီး တီထွင်ကြံဆနိုင်စွမ်းရှိကာ အဖွဲ့လိုက် လုပ်ဆောင်တတ်တဲ့ အဖွဲ့အစည်းရှိသူကိုသာ ထိုဇာတ်ဆောင်ကို ပေးအပ်သရုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Ryan Gosling

ရုပ်ရှင်ဇာတ်ကား မင်းသား မင်းသမီး

နာမည်ကြီး မင်းသား Ryan Gosling တစ်ယောက် အလုပ်ထုတ်ခံလိုက်ရတဲ့ ရုပ်ရှင်ဇာတ်ကားနာမည်ကတော့ The Lovely Bones ပဲဖြစ်ပါတယ်။ အမှန်တကယ်တော့ Gosling သည် Jack Solomon ဆိုတဲ့ ဖခင်တစ်ယောက်အဖြစ် သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ သို့သော် သရုပ်ဆောင်ရမယ့် ရှုတင်နေရာဆီသို့ Gosling တစ်ယောက် ရောက်လာခဲ့တဲ့အခါ ရုပ်ရှင်ဒါရိုက်တာ Peter Jackson တစ်ယောက် အံ့အားသင့်သွားခဲ့ရပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ Ryan Gosling သည် ပုံမှန်ခန္ဓာကိုယ် အလေးချိန်ထက် ပေါင် ၆၀ ပိုများနေတဲ့ လူဝကြီးတစ်ယောက်ဖြစ်နေလို့ပါပဲ။

Gosling သည် “အဖေအဖြစ် သရုပ်ဆောင်ရမှာဆိုတော့ အနည်းဆုံး ပေါင် ၂၁၀ ဝန်းကျင်လောက် ရှိရမယ်လို့ ထင်မှတ်ခဲ့ပီး ရေငတ်တိုင်းမှာ ချောကလက်ရည်တွေပဲ သောက်ခဲ့ရတာဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သူထင်တာ မှားသွားခဲ့ကြောင်း၊ နောက်ဆုံးမှာတော့ သူက လူလည်း ဝ၊ အလုပ်လက်မဲ့လည်း ဖြစ်သွားပါလေရောဆိုပြီး အရွှန်းဖောက်ကာ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။

Terrence Howard

ရုပ်ရှင်ဇာတ်ကား မင်းသား မင်းသမီး

Terrence Howard ကို Iron Man ပထမဇာတ်ကားမှာ Rhodey အဖြစ် သရုပ်ဆောင်တာကို တွေ့မြင်ခဲ့ကြမှာပါ။ Iron Man 2 မှာကျတော့ Rhodey နောက်တစ်ယောက်ပြောင်းသွားတာကိုလည်း Marvel ပရိသတ်တို့ အထူးအဆန်းဖြစ်သွားပါလိမ့်မယ်။ တကယ်တော့ နောက်ကွယ်မှာ ဇာတ်လမ်းအချို့ရှိပါတယ်။

အစတုန်းကတော့ Terrence သည် ဇာတ်ကား သုံးကားစာအတွက် စာချုပ် ချုပ်ထားတာဖြစ်ပါတယ်။ ပထမ ပေးချေမှုအတွက် အဆင်ပြေသွားခဲ့ပေမယ့် ဒုတိယတစ်ခေါက်ကျပြန်တော့ မင်းသားသည် ပုံမှန်ရရှိရမယ့် ငွေပမာဏထက် ပိုတောင်းခဲ့ဟန်တူပါတယ်။ အခြားသောဇာတ်ကားတွေထဲမှာလည်း သူသည် ရုပ်ရှင်ထုတ်လုပ်သူတွေအကြား နာမည်ဆိုးအနည်းငယ် ထွက်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါရိုက်တာ ခိုင်းတဲ့အတိုင်း မလုပ်ဘဲ ဟာသအဖြစ် ပြောရမယ့်အခန်းမှာ သူ့သဘောအတိုင်း အလေးအနက်ထားပြီးပြောခြင်း၊ သူ့ရဲ့ဇာတ်ဝင်ခန်း တည်းဖြတ်ပြီးနောက် ရုပ်ရှင်ထဲ မပါတော့တဲ့အခါ ရှူးရှူးဒိုင်းဒိုင်းဖြစ်ပြီး ဒါရိုက်တာများ၊ တည်းဖြတ်များကို ပြဿနာရှာခြင်း အစရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် ဒါရိုက်တာအချို့နဲ့လည်း ဆက်ဆံရေးမကောင်းပါဘူး။

ဒါ့အပြင် သူသည် Iron Man ဇာတ်ဝင်ခန်းများတွင်လည်း သူ့အခန်း ရိုက်ကူးတဲ့အခါ စိတ်မပါ တပါ ပြုလုပ်ပြီး ထပ်ဖန်တလဲလဲ ပြန်လည်ရိုက်ကူးရခြင်းကြောင့် ရိုက်ကူးရေးကြန့်ကြာခြင်း အစရှိတဲ့အချက်များကြောင့် နောက်ဆုံးမှာတော့ သူ့ကို အလုပ်ထုတ်ခဲ့ပြီး ၂၀၁၀ မှာတော့ Don Cheadle ကို Rhodey အဖြစ် သရုပ်ဆောင်စေခဲ့တာဖြစ်ပါတယ်။

Source: Redbookmag

Featured Image Source: Redbookmag