စတီဗင်ဆီးဂဲလ် ရဲ့ ရုပ်ရှင် ဇာတ်ကားတွေက Martial Arts လို့ခေါ်တဲ့ သိုင်းကားတွေ များပါတယ်။ အက်ရှင်မင်းသားတွေထဲမှာ ကွန်ဖူးနဲ့ နာမည်ကြီးတဲ့ ဂျက်လီ တို့ ဂျက်ကီချန်းတို့လိုပဲ စတီဗင်ဆီးဂဲလ်က အာကီဒို လို့ ခေါ်တဲ့ အချုပ်အချိုးနဲ့ ပြိုင်ဘက်ကို ကြမ်းပြင်ပေါ် လှဲသိပ်တဲ့ပညာရပ်မှာ ခါးပတ်နက် မာစတာတစ်ဦးလည်း ဖြစ်ပါတယ်။ အာကီဒိုဆရာကြီး စတီဗင်ဆီးဂဲလ် ရဲ့ ကျော်ကြားလှတဲ့ Martial Arts ကားတွေထဲမှာ အခုပြောမယ့် ဇာတ်ကားတွေကတော့ Watch List မှာ ထည့်သင့်တဲ့ ရုပ်ရှင်တွေလို့ ပြောချင်ပါတယ်။

(၁) Under Siege

စားဖိုမှူးဖြစ်နေတဲ့ Navy SEAL အဖွဲ့ဝင်ဟောင်းက USS Missouri လို့ ခေါ်တဲ့ စစ်သင်္ဘောကို အပိုင်စီးမယ့် အကြမ်းဖက်အုပ်စုကို တားဆီးတဲ့ ဇာတ်လမ်းပါ။ အာကီဒို မာစတာရဲ့ လက်စွမ်းနဲ့ အကြမ်းဖက်သမားတွေကို ဘယ်လို နှိပ်ကွပ်ခဲ့သလဲဆိုတာက အဓိက ကြည့်ရမယ့်အခန်း ဖြစ်ပါတယ်။

(၂) Marked For Death

Screwface ဆိုတဲ့ နာမည်နဲ့ ဂျမိုင်ကာ မူးယစ်ရာဇာကို လက်တုံ့ပြန်မယ့် ရဲအဖြစ် ဆီးဂဲလ်ကို တွေ့ရမှာပါ။ ဆီးဂဲလ်ရဲ့ နုပျိုသွက်လက်ဆဲ ၁၉၉၀ ပြည့်နှစ်က ရိုက်ခဲ့တဲ့ အကြမ်းစား အက်ရှင်ကားဖြစ်ပြီး အရိုးကျိုးသံတွေကို မကြာမကြာ ကြားရမယ့် ဇာတ်လမ်းလည်း ဖြစ်ပါတယ်။

(၃) Above The Law

ချီကာကိုရဲတစ်ယောက်ဟာ CIA အရာရှိဟောင်းတစ်ယောက်ပါဝင်တဲ့ မူးယစ်ဆေး မှောင်ခိုမှုပြဿနာထဲမှာ ရောက်သွားပါတယ်။ နာမည်ကြီးမင်းသမီး ရှာရွန်စတုန်းနဲ့ တွဲဖက်သရုပ်ဆောင်ထားပြီး ၈၈ ခုနှစ်က ထွက်တဲ့ ရုပ်ရှင်ဖြစ်လို့ အသက် ၃၆ နှစ်အရွယ် မင်းသားကြီးရဲ့ အစွမ်းကို မြင်ရမှာပါ။

(၄) Out For Justice

ဒီကားမှာလည်း ဆီးဂဲလ်က ရဲအရာရှိအဖြစ် သရုပ်ဆောင်ထားပြီး ကြောက်စရာ လူသတ်ကောင်နဲ့ ရင်ဆိုင်ရတာကို တွေ့ရမှာပါ။

(၅) Hard To Kill

အကျင့်ပျက်နိုင်ငံရေးသမားတွေအဖွဲ့ကို သတင်းပေးဖို့ လုပ်နေတုန်း ဆီးဂဲလ် အပစ်ခံလိုက်ရပါတယ်။ သူ့ကို သေပြီမှတ်ပြီး ထားခဲ့တဲ့ လူဆိုးတွေ ကံဆိုးသွားပါတယ်။ သွေးကြွေးပြန်တောင်းတဲ့ကားပါ။ ဆီးဂဲလ်ရဲ့ ကားတွေက အနုပညာအရ အားနည်းချက် ရှိနိုင်ပေမယ့် အက်ရှင်ကားတန်းမှာတော့ နာမည်ကြီးတဲ့ ဇာတ်ကားတွေအဖြစ် စာရင်းဝင်ပါတယ်။

Featured Photo : postimg