မတော်တဆ ဖုန်းရေထိ သွားပြီဆိုရင် အများစုက ဆန်အိုးထဲထည့် အခြောက်ခံတဲ့ နည်းလမ်းကို သုံးလေ့ရှိကြပါတယ်။ တကယ်တော့ ဒီနည်းလမ်းဟာ အသုံးမဝင် ရုံမကပဲ သင့်ဖုန်းကို ပိုပြီးပျက်စီးသွားစေနိုင်ပါတယ်။ အကယ်၍ သင့်ဖုန်းကို ရေထိ သွားတဲ့အခါ ဆန်အိုးထဲထည့်တဲ့ နည်းလမ်းအစား အခုပြောပြမယ့် မှန်ကန်တဲ့ နည်းလမ်းတွေကို သုံးဖို့အကြံပြုချင်ပါတယ်။
ဘာကြောင့် ဆန်ထဲထည့်တဲ့ နည်းလမ်းကိုမသုံးသင့်တာလဲ
ပြောရရင် ဒီနည်းလမ်းက တကယ်အလုပ်မဖြစ်တဲ့ ယုံမှတ်မှားနေတဲ့ နည်းလမ်းတစ်ခုပါ။ ဆန်က ဖုန်းထဲဝင်နေတဲ့ ရေတွေကို မြန်မြန်ဆန်ဆန် စုပ်ယူမပေးနိုင်ပါဘူး။ ဒီထက်ပိုဆိုးစေတာက ဆန်စိနဲ့ အမှုန်အမွှားတွေက ဖုန်းရဲ့အတွင်းဘက် အစိတ်အပိုင်းတွေကို ပိုမိုပျက်စီးသွားစေနိုင်တာဖြစ်ပါတယ်။
ဆန်အိုးအစား ပြင်ပလေနဲ့ အခြောက်ခံပါ
ရေထိထားတဲ့ဖုန်းကို ဆန်အိုးထဲထည့်မယ့်အစား ခြောက်သွေ့တဲ့နေရာမှာ ပြင်ပလေနဲ့ အခြောက်ခံတဲ့ နည်းလမ်းက ပိုကောင်းပါတယ်။ ဒီနည်းလမ်းကမှ သင့်ဖုန်းကို ဆန်အိုးထဲထည့်တာကိုပိုပြီး လျင်လျင်မြန်မြန်ခြောက်သွေ့စေမှာ ဖြစ်ပါတယ်။
သင့်ဖုန်းကို မတော်တဆရေထိသွားတဲ့အခါ အောက်ပါမှန်ကန်အဆင့်တွေကို လုပ်ပါ
(၁) ဖုန်းကိုချက်ချင်း ပိတ်လိုက်ပါ
ဖုန်းကို ရေထိ သွားပြီဆိုတာနဲ့ တက်နိုင်သမျှ အမြန်ဆုံး ဖုန်းပါဝါပိတ်ချလိုက်ပါ။ ဒီလိုလုပ်တာက ဖုန်းရဲ့ ဆားကစ်ဘုတ်ကို အပျက်အစီးနည်းစေမှာပါ။ ဖုန်းဆားကစ်တွေက ရေစိုခံလို့မရသလို ရေစိုလျက်သား ပါဝါဖွင့်ထားမယ်ဆိုရင် ဖုန်းကိုပိုပြီး ပျက်စီးသွားစေမှာပါ။ ဒါကြောင့် ဖုန်းကိုမြန်မြန်ပိတ်နိုင်လေ ဆားကစ်မှာ ကြီးကြီးမားမား ပျက်စီးနိုင်ခြေနည်းလေ ဖြစ်ပါတယ်။
(၂) အရင်ဆုံး တစ်ရှုးနဲ့ သုတ်ပေးပါ
ဖုန်းပါဝင်ပိတ်ပြီးပြီဆိုရင် အရင်ဆုံးလုပ်ရမှာ တစ်ရှုးစက္ကူနဲ့ ဖုန်းပေါ်က ရေတွေကိုခြောက်အောင် လိုက်သုတ်ပေးရမှာ ဖြစ်ပါတယ်။ တစ်ရှုးနဲ့ သုတ်တဲ့အခါ ငြင်ငြင်သာသာနဲ့ အထူး ဂရုတစိုက် သုတ်ပေးဖို့လိုပါတယ်။ ဒါမှလည်း ဖုန်းရဲ့အတွင်းဘက် အစိတ်အပိုင်းတွေဆီ ရေတွေဝင်မသွားနိုင်မှာပါ။
(၃) ဖြုတ်တပ်နိုင်တဲ့ အစိတ်အပိုင်းတွေ ဖယ်ရှားပါ
ဒီအချက်က အရေးကြီးပါတယ်။ ဖုန်းရေထိပြီဆိုတာနဲ့ ဆင်းကဒ်နဲ့ ဘက်ထရီတွေလို ဖြုတ်တပ်နိုင်တဲ့ အစိတ်အပိုင်းတွေအားလုံးကို ဖြုတ်ထားဖို့လိုပါတယ်။ အခုနောက်ပိုင်းဖုန်းတွေက ဘက်ထရီအသေ လာတာများတဲ့အတွက် ဆင်းကဒ်တွေကိုတော့ သေချာပေါက် ဖြုတ်ထားဖို့ မမေ့ပါနဲ့။
(၄) အားသွင်းပေါက်ထဲကို ဘယ်ပစ္စည်းမှ မထည့်ပါနဲ့
အားသွင်းပေါက်ထဲ ခြောက်စေဖို့ဆိုပြီး ဂွမ်းစ သို့မဟုတ် တစ်ရှုးလို စက္ကူအပိုင်းအစတွေထည့်ပြီး သုတ်တာမျိုး လုံးဝမလုပ်ရပါဘူး။ နောက်ပြီးဖုန်းပေါ်က ခလုတ်တစ်ခုခုကို နှိပ်မိတာ ၊ ဖုန်းကို လှုပ်ခါတာမျိုးတွေလည်း အထူးသတိထား ရှောင်ကြဉ်သင့်ပါတယ်။
(၅) ခြောက်သွေ့တဲ့ မျက်နှာသုတ်ပုဝါပေါ်မှာ အခြောက်ခံပါ
အပေါ်က အဆင့်တွေ အားလုံးလုပ်ပြီးပြီဆိုရင် သင့်ဖုန်းကို ခြောက်သွေ့တဲ့ မျက်နှာသုတ်ပုဝါပေါ်မှာ တင်ထားပြီး ပြင်ပလေနဲ့ အခြောက်ခံပါ။ အနည်းဆုံး ၂၄ နာရီကနေ ၃၆ နာရီအထိ ထားဖို့လိုပြီး ဒီအတောအတွင်း ဖုန်းပါဝါလုံးဝ မဖွင့်မိပါစေနဲ့။
(၆) ကျွမ်းကျင်တဲ့ service centre တွေမှာ သွားရောက်စစ်ဆေးပါ
သင့်ဖုန်းက ရေလဲခြောက်သွားပြီး ပါဝါလဲပြန်ဖွင့်ပြီး သုံးလို့ရနေပြီဆိုပေမယ့် ရေစိုထားတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ ဖုန်းရဲ့ စွမ်းဆောင်ရည်အပိုင်းမှာ ချို့ယွင်းမှုတွေ ရှိလာနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး ရေထိ ထားတဲ့အတွက် အတွင်းဘက် အစိတ်အပိုင်းတွေမှာ သံချေးတက်တာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဖုန်းမှာ ရေခြောက်သွားတဲ့အခါမှာ ဒီတိုင်းဆက်သုံးတာထက် ကျွမ်းကျင်တဲ့ Service Centre တွေမှာ သွားရောက် စစ်ဆေးကြည့်ဖို့ အကြံပြုလိုပါတယ်။
Featured Photo : WhistleOut