သားကြီးတို့ရေ ကျွန်တော်တို့ လူသားများရဲ့ ခန္ဓာကိုယ် ၈၀ ရာခိုင်နှုန်းခန့်ကို ရေဓာတ်ဖြင့် ဖွဲ့စည်းထားတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ သာမာန်လူတစ်ယောက်အတွက် ရေကို တစ်နေ့မှာ ၆ ခွက်ကနေ ၈ ခွက်အထိ လုံလုံလောက်လောက်သောက်ဖို့ အကြံပြုထားပါတယ်။ ဒါ့အပြင် ရေကိုများများ သို့မဟုတ် လုံလုံလောက်လောက် သောက်ခြင်းက ကျန်းမာရေးအတွက် အမှန်တကယ်ကို အထောက်အကူပြုပြီး ကိုယ်အလေးချိန် လျော့ချဖို့အတွက် အသုံးဝင်တဲ့ လက်နက်တစ်ခု ဖြစ်နိုင်တယ်လို့လည်း ဆိုထားပါတယ်။ ဒါကြောင့် ရေသောက်ရုံနဲ့ ဝိတ်ကျ ချင်တဲ့ သားကြီးတို့ အတွက် ရေကို ဘယ်လို သောက်ရမလဲဆိုတာ ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
တစ်နေ့တာလုံးမှာ ရေကို လုံလုံလောက်လောက်သောက်ပါ
Photo : Men’s Health
တစ်နေ့တာအတွင်း ရေသောက်ခြင်းက ကယ်လိုရီများသော နို့၊ နို့လက်ဖက်ရည်၊ ဖျော်ရည်နှင့် သရေစာများနဲ့ ကယ်လိုရီများသော အဖျော်ယမကာများကို စားသုံးခြင်းမပြုဘဲ ကွီးတို့အား ဆာလောင်မှုကို လျော့နည်းစေရန် ကူညီပေးနိုင်ပါတယ်။ ရေသောက်ခြင်းကြောင့် ဗိုက်ပြည့်နေတယ်လို့ ခံစားရတဲ့အတွက် သရေစာတွေစားမိတာ၊ အစားပိုစားမိတာမျိုးကနေ ရှောင်ရှားပြီးသား ဖြစ်စေတာကြောင့် ကိုယ်အလေးချိန်ကို ကျစေပါတယ်။ ဒါ့ကြောင့် ကွီးတို့အလုပ်လုပ်တဲ့အနားမှာ ဖြစ်စေ၊ ရေသန့်ဗူးလေးနဲ့ ရေကို အမြဲဆောင်ထားပါ။
အစားစားချိန်နဲ့ ရေသောက်ခြင်း
Photo : Very Well Health
ရေသောက်ရုံနဲ့ ဝိတ်ကျ ချင်တယ်ဆိုတဲ့ သားကြီးတို့ရေ နေ့လည်စာဖြစ်စေ၊ ညစာဖြစ်စေ၊ ဒါမှမဟုတ် အစားအစာတစ်ခုခု စားတော့မယ်ဆိုရင် စားခါနီးတိုင်း ရေအမြဲသောက်ပါ။ ဒီလို ရေသောက်ခြင်းက ကွီးတို့အတွက် ပြည့်ဝသော ခံစားမှုကို ရစေကာ အစားလျော့စားဖို့လည်း ကူညီပေးနိုင်ပါတယ်။ အစာမစားမီ၊ အစာစားချိန်နှင့် အစာစားအပြီးတွင် ရေတစ်ဖန်ခွက်ပြည့်အောင် သောက်ပါ။ အစာကြေစေပြီး ကိုယ်အလေးချိန် အမြန်ကျစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အစာမစားမီ ရေတစ်ခွက်သောက်ခြင်းက ဗိုက်ပြည့်စေပြီး အစားလွန်ခြင်းမှ ကာကွယ်ပေးနိုင်တာကြောင့် ကိုယ်အလေးချိန်ကျစေပါတယ်။ အခြားတစ်ဖက်တွင်လည်း အစားစားနေစဉ် အစားအစာနှင့်အတူ ရေသောက်ခြင်းက အထူးသဖြင့် အမျှင်ဓာတ်များသော အစားအစာများအတွက် အစာချေဖျက်ခြင်းကို အထောက်အကူပြုတယ်လို့ ဆိုပါတယ်။
အစားထိုး သောက်သုံးပါ
Photo : Manager Up
ကျွန်တော်တို့က အလုပ်လုပ်နေတဲ့အခါ နေ့လည်ပိုင်းတွေမှာ ပင်ပန်းနွမ်းနယ်လာပြီလို့ ခံစားရပါက များသောအားဖြင့် အလွယ်တကူ ကော်ဖီတွေ၊ လက်ဖက်ရည်တွေနဲ့ အခြားသော အားဖြည့်အချိုရည်မျိုးတွေ မကြာခဏ သောက်ဖြစ်ကြတယ် မဟုတ်ပါလား။ ထိုနေရာမှာ ရေကိုပဲ အစားထိုး သောက်သုံးကြည့်ပါ။ ထို့သို့ ကွီးတို့သောက်နေကြ ကဖိန်းဓာတ်တွေအစား ရေကို အစားထိုးသောက်သုံးခြင်းက အစပိုင်းမှာတော့ ခက်ခဲနိုင်ပါတယ်။ သို့သော်လည်း ကယ်လိုရီများသော သောက်စရာများအစား ကယ်လိုရီ လုံးဝမပါတဲ့ ရေကိုသောက်သုံးခြင်းက ကွီးတို့ကို ကိုယ်အလေးချိန်လျော့ချရာမှာ သိသိသာသာကို ကူညီပေးပါလိမ့်မယ်။
ရေကို အလွန်အကျွံ သောက်သုံးတာမျိုး မဟုတ်ဘဲ လုံလုံလောက်လောက်နဲ့ မှန်ကန်သော ပမာဏဖြစ်ဖို့ သတိပြုပါ။ ကဲ…… ရေသောက်ရုံနဲ့ ဝိတ်ကျ ချင်တဲ့ သားကြီးတို့ရေ ရေကို နည်းစနစ်မှန်မှန်နဲ့ သေချာသောက်သုံးပါက ကိုယ်အလေးချိန် လျှော့ချတဲ့နေရမှာ တကယ်ကို အသုံးဝင်တဲ့ သော့ချက် ဆိုတာ သိပြီမလား။
Source : wiki How
Featured Photo : Association For Entrepreneurship