ရောင်ရမ်းမှု Inflammation ဆိုတာ အကောင်းအဆိုး နှစ်မျိုး ရောထွေးနေတဲ့ အခြေအနေပါ။ ရောင်ရမ်းမှုဆိုတာ ခန္ဓာကိုယ်က ကူးစက်မှုနဲ့ ထိခိုက်မှုကို သူ့ဘာသာကာကွယ်ပေးတာ ဖြစ်ပြီး တစ်ဖက်မှာလည်း နာတာရှည်ရောင်ရမ်းမှုက ရောဂါတစ်ခုဆီ ဦးတည်နိုင်ပါတယ်။ စိတ်ဖိစီးမှု ၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း နဲ့ ရောင်ရမ်းမှုကို ဖြစ်စေနိုင်တဲ့ အစားအသောက်တွေကြောင့် ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ ဒါကြောင့် သုတေသနတွေက တွေ့ရှိထားတဲ့ နာတာရှည်ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တဲ့ အစားအသောက်တချို့အကြောင်း မျှဝေပေးချင်ပါတယ်။
(၁) ဘယ်ရီသီး

Photo : Pexels
ဘယ်ရီသီးတွေဟာ အမျှင်ဓါတ် ၊ ဗိုက်တာမင် နဲ့ သတ္ထုဓါတ် ပေါကြွယ်ဝတဲ့ နွယ်သီးလေးတွေ ဖြစ်ပြီး ဘယ်ရီအမျိုးအနွယ်တွေက ဒါဇင်နဲ့ချီပြီး ရှိပါတယ်။ ထင်ရှားတဲ့ ဘယ်ရီအနွယ်ဝင် အသီးတွေကတော့ စတော်ဘယ်ရီ ၊ ဘလူးဘယ်ရီ ၊ ရက်စ်ဘယ်ရီ ၊ ဘလက်ဘယ်ရီသီးတို့ ဖြစ်ပြီး ဘယ်ရီမှာ ပါတဲ့ Anthocyanins လို့ ခေါ်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းက ရောင်ရမ်းမှုကို လျှော့ချနိုင်ပါတယ်။
(၂) အဆီများတဲ့ငါး
Photo : Pexels
အဆီများတဲ့ ငါးတွေမှာ အိုမီဂါ သရီး ဖက်တီးအဆက်ဆစ် ၊ Eicosapentaenoic Acid (EPA) နဲ့ Docosahexaenoic Acid (DHA) တို့ ကြွယ်ဝစွာ ပါရှိပါတယ်။ ဆယ်လ်မွန် ၊ ဆာဒင်း ၊ ဟာရင်းငါး ၊ မက်ကာရဲလ် နဲ့ အန်ချိုဗီးငါးတွေမှာ အိုမီဂါ သရီး ဖက်တီးအက်ဆစ် ကြွယ်ဝစွာ ပါရှိပါတယ်။ EPA နဲ့ DHA တို့က ရောင်ရမ်းမှုကို လျှော့ချပေးနိုင်လို့ နှလုံး ၊ ဆီးချိုသွေးချိုနဲ့ ကျောက်ကပ်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။
(၃) ပန်းဂေါ်ဖီစိမ်း

Photo : Pexels
အာဟာရဓါတ်တွေ ပေါများလှတဲ့ အသီးအနှံတွေထဲမှာ ပန်းဂေါ်ဖီစိမ်းလည်း ပါဝင်ပါတယ်။ လေ့လာမှုတွေအရ ပန်းဂေါ်ဖီစိမ်း ၊ ဂေါ်ဖီထုပ် စတဲ့ အသီးအရွက်တွေ စားသောက်တာဟာ နှလုံးရောဂါနဲ့ ကင်ဆာတို့ကို အဖြစ်နည်းစေတာနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ဒါကလည်း ဒီအသီးအရွက်တွေမှာ ပါတဲ့ ရောင်ရမ်းမှုလျှော့ချတဲ့ ဓါတ်တိုးဆန့်ကျင်သက်ရောက်မှုနဲ့လည်း ဆက်စပ်နေပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာဆို Sulforaphane လို့ ခေါ်တဲ့ ရောင်ရမ်းမှုကို လျှော့နိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုး ပေါကြွယ်ဝစွာ ပါရှိပါတယ်။
(၄) ထောပတ်သီး

Photo : Pexels
ထောပတ်သီးမှာ ပိုတက်ဆီယမ် ၊ မဂ္ဂနီဆီယမ် ၊ အမျှင်ဓါတ်နဲ့ နှလုံးကျန်းမာရေးကို အားပေးတဲ့ Monounsaturated Fat အဆီတွေ ပါဝင်ပါတယ်။ ထောပတ်သီးမှာပါတဲ့ ဒြပ်ပေါင်းတစ်မျိုးမှာ အရေပြားဆဲလ်သစ်တွေကို ဖွဲ့စည်းပေးပြီး ရောင်ရမ်းမှုကို လျှော့ချနိုင်စွမ်း ရှိပါတယ်။
(၅) Green Tea

Photo : Pexels
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သောက်စရာတွေထဲမှာ လက်ဖက်စိမ်း Green Tea ကလည်း တစ်ခွက် အပါအဝင်ပါပဲ။ Green Tea သောက်ခြင်းအားဖြင့် နှလုံးရောဂါ ၊ ကင်ဆာ ၊ အယ်လ်ဇိုင်းမား ၊ အဝလွန်ခြင်း နဲ့ တခြား ကျန်းမာရေးအန္တရာယ်တွေနဲ့ ဆက်စပ်တဲ့ ရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်စွမ်းရှိတယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။ အထူးသဖြင့် Green Tea မှာ ပါတဲ့ Epigallocatechin-3 Gallate (EGCG) ဟာ ရောင်ရမ်းမှုကို ထိထိရောက်ရောက် တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။
Featured Photo :

