ခရစ္စတီယာနို ရော်နယ်ဒို ဟာ မိသားစု နွေရာသီအားလပ်ရက်အဖြစ် မေဂျော်ကာကျွန်းကို ခရီးထွက်စဉ် ယူဆောင်လာခဲ့တဲ့ တန်ဖိုးကြီး စူပါဇိမ်ခံကား ၂ စီးအနက် ၁ စီးမှာ ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Photo : Daily Star

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးရဲ့ မြင်းကောင်ရေ ၉၀၀ အင်ဂျင်ပါဝါရှိတဲ့ ပေါင် ၁.၇ သန်းတန် Bugatti Veyron ကားဟာ စကိုးမား အရှေ့ဘက် ကမ်းခြေအပန်းဖြေစခန်းမှာ မတော်တဆမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ Joan March ဆေးရုံအနီး လမ်းငယ်တစ်ခုက နေအိမ်တစ်အိမ်ရဲ့ ခြံစည်းရိုး အုတ်တံတိုင်းကို ဝင်တိုက်ခဲ့မိတာဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ခုက The Sun ကိုပြောကြားခဲ့ပါတယ်။

ယာဉ်ကို ခရစ္စတီယာနို ရော်နယ်ဒို ကိုယ်တိုင်မောင်းနှင်ခဲ့တာမဟုတ်ဘဲ သူ့ရဲ့ ဝန်ထမ်းတစ်ဦးက မောင်းနှင်ခဲ့တာလို့ သိရပါတယ်။ အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်ဟာ မနေ့ကနေ့လည် ၁၁ နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒေသခံစပိန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်လျက်ရှိသော်လည်း မှတ်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

အခင်းဖြစ်စဉ်အတွင်း ယာဉ်မောင်းဝန်ထမ်းမှာ ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာ မရခဲ့ပေမယ့် ယူနိုက်တက်ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ တန်ဖိုးကြီး Bugatti Veyron စူပါကားရဲ့ အရှေ့ခြမ်းကတော့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။


Photo : Daily Mail

ခရစ္စတီယာနို ရော်နယ်ဒိုဟာ သူရဲ့ ကလေး ၅ ယောက်အပါအဝင် ချစ်သူဂျော်ဂျီနာ ရိုဒရီဂွက်ဇ်နဲ့အတူ မေဂျော်ကာဒေသကို ဇွန်လ ၁၄ ရက်နေ့ကတည်းက ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ မိသားစုနဲ့ Tramuntana တောင်ခြေရှိ ဇိမ်ခံအိမ်တစ်လုံးကို ငှားရမ်းပြီး သူ့ရဲ့ ကိုယ် ပိုင်သင်္ဘောပေါ်မှာ အားလပ်ကို ပျော်ရွှင်စွာဖြတ်သန်းနေကြတာ ဖြစ်ပါတယ်။

ဒါဟာ ဧပြီလလယ်က ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာတို့ မွေးဖွားခဲ့တဲ့ အမြွှာကလေးငယ် ၂ ဦးအနက် အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တဲ့ သမီးလေး ဘယ်လာနဲ့ ပထမဆုံးအကြိမ် အားလပ်ရက်အပန်းဖြေခရီးစဉ် ဖြစ်ပါတယ်။