လူတစ်ယောက် လောကကြီးထဲမှာ ကောင်းမွန်စွာ ရှင်သန် နေထိုင်သွားနိုင်ဖို့ဆိုတာ ထင်လောက် မလွယ်ကူပါဘူး။ ဒါကြောင့် သေဖို့ထက် နေဖို့က ပိုခက်တယ်လို့ ပြောကြတာ ကြားဖူးကြမှာပါ။ နေ့တဒူဝ ဖိအားတွေ ၊ မွန်းကြပ်မှုတွေနဲ့ ရုန်းကန်နေကြရတဲ့ ဒီဘက်ခေတ်လူတွေရဲ့ ဘဝဖြတ်သန်းမှုဟာ ခက်ခဲကြမ်းတမ်းတယ်ဆိုတာ အားလုံးအသိပါပဲ။ တစ်ခါတစ်လေမှာ လက်လျော့ချင်စိတ်တွေ ၊ အရှုံးပေးချင်စိတ်တွေ ဖြစ်ပေါ်ခံစားရတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ စိတ်ခွန်အားရစေဖို့ ရုပ်ရှင်တွေက အကောင်းဆုံး အဖော်မွန်ပါပဲ။ ဒီတစ်ခေါက်တော့ ရှင်သန်ရတာ ပင်ပန်းနေပြီလို့ တွေးမိတိုင်း ခွန်အားပြန်ယူနိုင်မယ့် ရုပ်ရှင်ဇာတ်ကားတွေကို ညွှန်းပေးပါမယ်။

(၁) The Walk (2015)

Source : Sony Pictures Entertainment

The Walk ရုပ်ရှင်ကတော့ ၁၉၇၄ ခုနှစ်မှာ Twin Towers ကြား သက်စွန့်ဆံဖျား ကြိုးတမ်းပေါ် လမ်းလျှောက်ပြခဲ့သူ Phillipe Petit အကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားက ဘဝမှာဘယ်လို အတားအဆီး ၊ အခက်အခဲတွေ ရှိနေပါစေ ကိုယ့်ရဲ့ ဝါသနာ ၊ ယုံကြည်ရာ အိပ်မက်တွေကို ဇွဲမလျော့တမ်း အကောင်ထည်ဖော်သွားဖို့ကို ဖော်ညွှန်းပြသတဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။

(၂) The Shawshank Redemption (1994)

 

 

Source : Warner Bros. Entertainment

The Shawshank Redemption ဇာတ်ကားက အများကြီး ညွှန်းပြစရာမလိုအောင် လူကြိုက်များကျော်ကြားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံး စာရင်းဝင်ထားတဲ့ ဇာတ်ကားလို့ ပြောရင်လည်း မမှားပါဘူး။ ဒီဇာတ်ကားက ထောင်ဖောက်ဇာတ်ကားဆိုပေမယ့် လူတစ်ယောက်ရဲ့ မျှော်လင့်ချက် ၊ ယုံကြည်ချက် ၊ ထက်မြက်မှု ၊ မာခိုင်တဲ့ ဇွဲလုံ့လနဲ့ သံယောဇဉ်တွေအကြောင်းကို အနုပညာမြောက်အောင် ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

(၃) The Founder (2016)

Source : Rotten Tomatoes Classic Trailers

McDonald’s ရဲ့ ပဲ့ကိုင်ရှင် အမေရိကန်စီးပွားရေးသမား Ray Kro အကြောင်းကို ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကား ဖြစ်ပါတယ်။ McDonald’s ဆိုင် ဖြစ်လာခဲ့တဲ့ နောက်ကွယ်က Ray Kro ရဲ့ ရည်မှန်းချက် ၊ ဉာဏ်ပြေးမှု ၊ စီးပွားရေး ခံယူချက်နဲ့ ပြတ်သားတဲ့ အလုပ်လုပ်ပုံတွေကို ဒီဇာတ်ကားကနေတဆင့် လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။

(၄) The Pursuit Of Happyness (2006)

Source : Rotten Tomatoes Classic Trailers

The Pursuit Of Happyness ဇာတ်ကားက စတော့ခ်ရှယ်ယာလုပ်ငန်းရှင် Christopher Gardner အကြောင်းရိုက်ကူးထားတဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ကား ဖြစ်ပါတယ်။ ဘဝမှာ ထိချက်ပြင်းပြင်း ရိုက်ခတ်လာတဲ့ လောကဓံရဲ့ ရိုက်ချက်မျိုးစုံကြားမှာ ပြိုလဲမသွားအောင် ဘယ်လိုစိတ်ခွန်အားတွေ ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ကြံ့ကြံ့ခံပြီး ရုန်းကန် ရှင်သန် သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Source : escapethesystemnow.com

Featured Photo : Oakland Family Services