ရှိုးစမိုး အပြည့်နဲ့ လန်းချင်တဲ့ ဖက်ရှင်ချစ်သူ ကွီးတို့အတွက် ဂျင်း ဖက်ရှင်တွေက မရှိမဖြစ်ပါပဲ။ ဂျင်းဖက်ရှင်တွေနဲ့ ရှိုးထုတ်ချင်ပေမယ့် ဘယ်လိုမျိုး ရှိုးထုတ်ရမှန်းမသိဖြစ်နေတဲ့ ကွီးတို့အတွက် အခုဖော်ပြပေးမယ့် ဖက်ရှင်မျိုးစုံကို လေ့လာကြည့်နိုင်ပါတယ်။ ဒီဖက်ရှင်တွေနဲ့ ရှိုးထုတ်လိုက်မယ်ဆိုရင်တော့ ကိုရီးယားမင်းသားတောင် အရှုံးပေးသွားရမှာပါ။ မယုံဘူးဆိုရင်တော့ ကွီးတို့ကိုယ်တိုင် လက်တွေ့ စမ်းဝတ်ကြည့်လိုက်ပါ။

ဂျင်းဘောင်းဘီ အမျိုးအစားတွေကလည်း အများအပြား ရှိတာဆိုတော့ အမျိုးအစားတစ်ခုချင်းစီနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်တွေကို ဂျင်းချစ်သူ ကွီးတို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။

(၁) Loose Fit ဂျင်းနဲ့ ရှိုးထုတ်မယ်ဆိုရင်

Loose Fit

ဒီဂျင်းဘောင်းဘီ အမျိုးအစားကတော့ လူငယ်ဆန်တဲ့ ဂျင်းဘောင်းဘီ အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ ချောင်ချောင်ချိချိနဲ့ ပွပွယွယွ ဝတ်ချင်တဲ့ ကွီးတို့အတွက် ဖက်ရှင်ကျစေတဲ့ ဖက်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီဖက်ရှင်လေးကို ပိုပြီး လူငယ်ဆန်ဆန် ဝတ်ဆင်ချင်တယ်ဆိုရင်တော့ တီရှပ်နဲ့ တွဲဝတ်လို့ရပါတယ်။ ဒီ့ထက်ပိုပြီး ရှိုးစမိုး အပြည့်နဲ့ အလန်းစား ဂျင်း ဖက်ရှင်မျိုးကို ဖန်တီးချင်တယ်ဆိုရင်တော့ အပေါ်ကနေ ဂျက်ကတ်တစ်ထည် ထပ်ဝတ်နိုင်ပါတယ်။

(၂) Slim Fit ဂျင်းနဲ့ ရှိုးထုတ်မယ်ဆိုရင်

Slim Fit

ဒီဂျင်းဘောင်းဘီကတော့ အရမ်းလည်း မကြပ်၊ ပွမလည်း မပွတဲ့ ဂျင်းဘောင်းဘီ အမျိုးအစားပဲ ဖြစ်ပါတယ်။ ဒီဂျင်းဘောင်းဘီနဲ့ ရှိုးထုတ်ဖို့ဆိုရင်တော့ ရှပ်အင်္ကျီကိုမှ အပေါ်ကနေ ဆွယ်တာ အပါးတစ်ထည် ထပ်ဝတ်ပေးနိုင်ပါတယ်။ အေးချမ်းတဲ့ ဆောင်းရာသီနဲ့ဆိုရင်တော့ အံ့ကိုက်ပါပဲ။

(၃) Regular Fit ဂျင်းနဲ့ ရှိုးထုတ်မယ်ဆိုရင်

ရှိုးစမိုး ဂျင်း

Regular Fit ဂျင်းဆိုတာကတော့ Loose Fit ဂျင်းနဲ့ Slim Fit ဂျင်း အမျိုးအစား နှစ်ခုကြားထဲက ဂျင်းအမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ ပွလည်း မပွလွန်း၊ ကြပ်လည်း မကြပ်လွန်း အနေတော်လေးသာ ဖြစ်နေတဲ့ ဂျင်းဘောင်းဘီက Regular Fit ဂျင်းပဲ ဖြစ်ပါတယ်။ ဒီအမျိုးအစားကတော့ တီရှပ်အင်္ကျီနဲ့လည်း လိုက်ဖက်သလို၊ ရိုးရိုးရှပ်အင်္ကျီနဲ့လည်း လိုက်ဖက်ပါတယ်။

(၄) Skinny Fit ဂျင်းဘောင်းဘီနဲ့ ရှိုးထုတ်ချင်တဲ့ ကွီးတို့အတွက်

ရှိုးစမိုး ဂျင်း

ကွီးတို့ရဲ့ ပေါင်ကြွက်သားတွေကို ကြွားချင်တယ်ဆိုရင်တော့ Skinny Fit ဂျင်းဘောင်းဘီကိုသာ ရွေးချယ်လိုက်ပါ။ အချို့ကလည်း ပေါင်ကြွက်သားတွေနဲ့ တင်းကြပ်နေမှာစိုးလို့ မဝတ်ချင်ကြပါဘူး။ ကောက်ညှင်းထုတ်ပုံ ပေါက်သွားမှာစိုးတယ်ဆိုပြီး မဝတ်ချင်ကြတာပါ။ ဒါပေမဲ့ စိတ်မပူပါနဲ့ ကွီးတို့ ခန္ဓာကိုယ်က ကြပ်ထုတ်တဲ့ပုံ မပေါက်စေမယ့် နည်းလမ်းတစ်ခုရှိပါတယ်။ ထိုနည်းလမ်းကတော့ Skinny Fit ဂျင်းဘောင်းဘီ ဝတ်မယ်ဆိုရင် အပေါ်ဝတ် အင်္ကျီကို အင်္ကျီ ပွပွလေး ရွေးဝတ်ကာ တွဲဖက် ဝတ်ဆင်လိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့ ခန္ဓာကိုယ် အပေါ်နဲ့ အောက်က Balance ကျပြီး ကြည့်ကောင်းနေမှာ အမှန်ပါပဲ။

(၅) Narrow Fit ဂျင်းဘောင်းဘီနဲ့ ရှိုးထုတ်ချင်တဲ့ ကွီးတို့အတွက်

ရှိုးစမိုး ဂျင်း

Narrow Fit ဂျင်းဘောင်းဘီ အမျိုးအစားကတော့ ဒူးအပေါ်ပိုင်းက ပွပွလေး ဖြစ်နေပြီး ဒူးအောက်ပိုင်းကနေ ရှူးသွားတဲ့ ဂျင်းဘောင်းဘီ အမျိုးအစားပဲ ဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့က Skinny ဂျင်း ဝတ်ရတာ အဆင်မပြေဘူးဆိုရင်တော့ ဒီ Narrow Fit ဂျင်းဘောင်းဘီကို ဝတ်ဆင်နိုင်ပါတယ်။

(၆) Relaxed Fit ဂျင်းနဲ့ ရှိုးထုတ်ချင်တယ်ဆိုတဲ့ ကွီးတို့အတွက်

ရှိုးစမိုး ဂျင်း

ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်တဲ့ ဖက်ရှင်မျိုး ပိုင်ဆိုင်ချင်တဲ့ ကွီးတို့အတွက်တော့ Relaxed Fit ဂျင်းဘောင်းဘီက ကူညီပေးပါလိမ့်မယ်။ ဒီဂျင်းဘောင်းဘီနဲ့ လိုက်ဖက်တဲ့ ဖက်ရှင် အတွဲအစပ်ကတော့ တီရှပ်ပဲ ဖြစ်ပါတယ်။ တီရှပ်ရွေးချယ်တဲ့အခါ ခပ်ပွပွ ဖက်ရှင်မျိုးထက် ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်တဲ့ ဆိုဒ်မျိုးကို ရွေးချယ်ရင်တော့ အကောင်းဆုံးပါပဲ။

ကွီးတို့ရော ရှိုးစမိုး အပြည့်နဲ့ ရှိုးထုတ်ဖို့အတွက် ဘယ် ဂျင်း ဖက်ရှင်ကို နှစ်သက်ပါသလဲ။

Source : Stylegirlfriend

Featured Photo : Goodtopssm.life