စိတ်ကစားတဲ့သူတွေက အချစ်ဆိုတာ ပေးဆပ်ခြင်း၊ ရယူခြင်း ဆိုပြီး အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုနေကြချိန်မှာ အမှန်တကယ် ချစ်မြတ်နိုးသူတွေကတော့ ကိုယ့်ရဲ့ လက်တွဲဖော် အတွက် ဘာမဆို ဖြည့်ဆည်း ပေးဖို့ ပြင်ဆင်နေကြတာပဲဖြစ်ပါတယ်။ ကွီးတို့လည်း ကိုယ့်ရဲ့ လက်တွဲဖော် အတွက် ဘာတွေ ဖြည့်ဆည်း ပေးသွားပြီးပြီလဲ။

(၁) စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့

အထောက်အပံ့

“စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှု ပေးတာပဲ၊ ဘာများ ခက်လို့လဲ” လို့ ကွီးတို့ ထင်မှတ်ကောင်း ထင်မှတ်ကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီအချက်သည် အားလုံးထဲမှာ အခက်ခဲဆုံး အရာတစ်ခုဖြစ်ပါတယ်။ တချို့တွေက ကိုယ့်ရဲ့ ချစ်သူ၊ လက်တွဲဖော်ကို စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှု မပေးတဲ့အပြင် ဖိနှိပ်ထားတာမျိုးတွေပါ ရှိပါတယ်။ သိသိရက်နဲ့ ဖိနှိပ်ထားတာမျိုးလည်း ဖြစ်နိုင်သလို မသိလိုက် မသိဘာသာနဲ့ ဖိနှိပ်မိလိုက်တာမျိုးတွေလည်း ရှိနိုင်ပါတယ်။

ဥပမာ ဆိုကြပါစို့၊ ကွီးတို့ ချစ်သူကောင်မလေးက လှလှပပလေး ဝတ်စားထားတယ်ဆိုပါစို့၊ ကွီးတို့က ချီးကျူးပေးရမယ့်အစား “ဘာကြီး ဝတ်ထားတာလဲ၊ ဝလာလိုက်တာ၊ ကိုယ်နဲ့ မလိုက်တာချည်း မဝတ်ပါနဲ့လား” စသည်ဖြင့် အဆိုးဘက်ကနေ ဝေဖန်ကဲ့ရဲ့နေခြင်းကလည်း သူတို့ကိုယ် သူတို့ ယုံကြည်မှု ကျဆင်းသွားစေပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲနဲ့ ကိုယ့် ကောင်မလေးကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိလာအောင် အားပေးချီးမြှောက်ခြင်းသည်လည်း ကွီးတို့က လက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာကို ဖော်ပြပေးနေတာပဲဖြစ်ပါတယ်။

(၂) ယုံကြည်မှု အပြည့်ထားရှိကာ လွတ်လပ်မှု ပေးထားခြင်း

လက်တွဲဖော် ဖြည့်ဆည်း

ဟိုနား မသွားနဲ့၊ ဟိုလူနဲ့ မပေါင်းရဘူး ဘာညာဆိုပြီး ချုပ်ချယ်ထားခြင်းသည် ချစ်လို့ ချုပ်ချယ်တာလို့ ကွီးတို့ ယူဆကြပါလိမ့်မယ်။ ညကြီး မိုးချုပ် မိန်းကလေးတစ်ယောက်တည်း အပြင်သွားရတဲ့အခါမျိုးဆို စိတ်ပူတာက ဖြစ်သင့်ပေမယ့် နေရာတကာ စိတ်ပူပြီး ချုပ်ချယ်နေခြင်းကလည်း သူတို့ရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်လိုက်တာနဲ့ အတူတူပါပဲ။ ကွီးတို့အနေနဲ့ ကိုယ် ချစ်ရတဲ့ ကိုယ့်ချစ်သူကိုမှ မယုံကြည်ဘူးဆိုရင် ဘယ်သူ့ကို သွားယုံကြည်မှာလဲ ဆိုတာကိုလည်း စဥ်းစားသင့်ပါတယ်။

(၃) အိပ်မက်များ အကောင်အထည်ဖော်ရာမှာ တစ်ထောင့်တစ်နေရာမှ အားဖြည့်ပေးခြင်း

လက်တွဲဖော် ဖြည့်ဆည်း

ကိုယ့်ကောင်မလေးရဲ့ အိပ်မက်က ဘာဖြစ်မလဲ။ သူ့ရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်တဲ့နေရာမှာ ကွီးတို့အနေနဲ့ ဘယ်လိုမျိုး အားဖြည့်ပေးနိုင်မလဲ စတာတွေကို စဥ်းစားပေးကာ သူတို့ လိုအပ်တာတွေကို ဖြည့်ဆည်းပေးခြင်းသည်လည်း လက်တွဲဖော်ကောင်းတစ်ယောက် ပီသကြောင်း ဖော်ပြနေတဲ့ အချက်ပဲဖြစ်ပါတယ်။

ကွီးတို့ရဲ့ လက်တွဲဖော် အတွက် သူ(မ) ဖြစ်ချင်တဲ့ အိပ်မက်တွေကို ဖြည့်ဆည်း ပေးနိုင်ဖို့အတွက် သူ(မ)ရဲ့ အကြောင်းကိုလည်း ကကြီး အစ အ အဆုံး အသေးစိတ် သိထားဖို့ လိုအပ်ပါတယ်။

(၄) ငွေရေး ကြေးရေးအရ ဖြည့်ဆည်းပေးခြင်း

လက်တွဲဖော် ဖြည့်ဆည်း

လက်မထပ်ခင် သမီးရည်းစားဘဝမှာ ငွေရေး ကြေးရေးအရ အရှုပ်အရှင်း မရှိတာက အကောင်းဆုံးပါပဲ။ ဒါပေမဲ့ ကိုယ် ချစ်ရတဲ့သူ ဒုက္ခရောက်နေချိန်မှာ ငွေရေး ကြေးရေးအရ ဖြည့်ဆည်းပေးဖို့ လိုအပ်ပါကလည်း တွန့်တိုမနေဖို့လိုအပ်ပါတယ်။ ကွီးတို့ ချစ်သူကောင်မလေးကလည်း ကွီးတို့ ပိုက်ဆံကို အလကား ယူချင်ကြမှာ မဟုတ်တဲ့အတွက်ကြောင့် ကိုယ့်ဘက်က ငွေရေးကြေးရေးအရ ဖြည့်ဆည်းပေးမယ်ဆိုရင်တောင်မှ သူ့ရဲ့ မာနကို မထိခိုက်အောင် ထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။

ကွီးတို့ရော ကိုယ့်ရဲ့ လက်တွဲဖော် အတွက် ဘာတွေ ဖြည့်ဆည်း ပေးပြီးသွားပါပြီလဲ။

Source: Hackspirit

Featured Image: Freepik