တစ်ခါတစ်လေ ချစ်ခြင်းမေတ္တာတရား ဟာ ဆန်းကြယ်သလို ခန့်မှန်းရခက်ပါတယ်။ ထင်မှတ်မထားတဲ့အချိန်မှာ ထင်မှတ်မထားတဲ့အရာတွေ အမြဲဖြစ်လာတက်တာပဲ မဟုတ်လား။ ကိုယ်က တစ်ဘဝစာ ရည်ရွယ်ထားပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် လွဲခဲ့ကြရသူတွေရှိသလို ၊ မမျှော်လင့်တဲ့ တွေ့ဆုံမှုလေး တစ်ခုကနေလည်း တစ်ဘဝစာ လက်တွဲသွားကြရသူတွေလည်း အများကြီးရှိပါတယ်။ သေချာတာတစ်ခုကတော့ ဘယ်လိုပေါင်းသင်း ဆက်ဆံမှုမျိုးမဆို စိန်ခေါ်မှုနဲ့ အဆင်မပြေတဲ့ အခိုက်အတန့်လေးတွေဆိုတာ ရှိကြစမြဲပါပဲ။ အဆင်မပြေမှုတွေ အခက်အခဲတွေကို နှစ်ယောက်အတူ ရင်ဆိုင်ကျော်လွှားနိုင်မှသာ သာယာပျော်ရွှင်တဲ့ အချစ်ခရီးလမ်းကို ဖြောင့်ဖြောင့်ဖြူးဖြူး လျောက်လှမ်းလို့ ရမှာပါ။ အခုပြောပြပေးမှာကတော့ ဘယ်လောက်ပဲ စိန်ခေါ်မှုနဲ့ အခက်အခဲတွေရှိလာပါစေ ဘယ်တော့မှ လက်တွဲမဖြုတ်မယ့် စုံတွဲ တွေမှာ တွေ့ရတက်တဲ့ လက္ခဏာလေးတွေအကြောင်း ဖြစ်ပါတယ်။
(၁) တစ်ယောက်ကို တစ်ယောက် အပြစ်တင်တာမျိုး မလုပ်ကြဘူး

Photo : iStock
အဆင်မပြေမှုနဲ့ အခက်အခဲတွေ ရင်ဆိုင်ရချိန်မှာ ဘယ်သူကြောင့်ဆိုတာမျိုး လက်ညိုးထိုး အပြစ်ဖို့နေတာတွေ မလုပ်ကြပါဘူး။ အမှားလုပ်မိတဲ့သူက ကိုယ့်ရဲ့ အမှားကို အပြည့်အဝ တာဝန်ယူစိတ် ရှိကြပါတယ်။ ပြဿနာတစ်ခုဖြစ်လာတဲ့အခါ တစ်ယောက်ကို တစ်ယောက် အပြစ်တင်နေတာ ၊ အပြန်အလှန် ငြင်းခုန်နေတာတွေလုပ်မယ့်အစား နှစ်ဦးသား ပြဿနာကို ရင်ဆိုင်ဖြေရှင်းဖို့ အတူတကွ နည်းလမ်းရှာကြရမှာ ဖြစ်ပါတယ်။ ဒါဆို ဘဝမှာဘယ်လောက်ပဲ ကြီးမားတဲ့ အခက်အခဲ အတားအဆီးတွေ ကြုံလာကြုံလာ လက်တွဲခိုင်မြဲစွာနဲ့ အကောင်းဆုံး ကျော်လွှားနိုင်မှာပါ။
(၂) အားနည်းချက်တွေ ထုတ်ပြောဖို့ ဝန်မလေးဘူး

Photo : iStock
လူတိုင်းမှာ အားနည်းချက်ဆိုတာ ရှိကြတာပါပဲ။ သင်အပါအဝင် သက်ရှိလူသား တစ်ယောက်ချင်းစီတိုင်းမှာ အားနည်းချက် ၊ အားသာချက်တွေ ကိုယ်စီရှိတယ်ဆိုတာကို နားလည်လက်ခံထားဖို့ လိုပါတယ်။ ကိုယ့်ရဲ့ အားနည်းချက်တွေ အပြစ်အနာအဆာတွေကို ဟန်ဆောင်ဖုံးကွယ်နေတာက သင့်အတွက် လေးပင်တဲ့အရာတစ်ခုကို အချိန်တိုင်း ထမ်းထားရသလို ခံစားနေရမှာပါ။ တကယ်ချစ်ပြီး လက်တွဲခိုင်မြဲကြသူတွေဟာ ကိုယ့်ရဲ့ အားနည်းချက်တွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟဝန်ခံလေ့ရှိကြသလို အပြန်အလှန် လက်ခံနားလည်ပေးမှု ဖေးမကူညီတဲ့ ချစ်ခြင်းမေတ္တာနဲ့ ရှေ့ဆက်ကြတာ ဖြစ်ပါတယ်။
(၃) ရင်ဘတ်နဲ့ နားထောင်ပေး တက်ကြတယ်

Photo : iStock
လူတိုင်းမှာ အဆင်မပြေတဲ့ အခိုက်အတန့်တွေ ၊ စိတ်ဓာတ်ကျအားငယ်နေတဲ့ အချိန်တွေ ရှိကြပါတယ်။ ဒီလိုအချိန်မှာ အလိုအပ်ဆုံးက ကိုယ့်ကိုအပြည့်အဝ နားလည်ပေးနိုင်မယ့် ရင်ဖွင့်ဖော်ရင်ဖွင့်ဘက်ပါ။ ကိုယ့်လက်တွဲဖော်ရဲ့ အဆင်မပြေမှု ၊ စိတ်ထိခိုက်ဝမ်းနည်းမှုတွေနဲ့ ရင်ဖွင့်ပြောပြချင်တဲ့ စကားလုံးတွေကို စိတ်ရှည်လက်ရှည်နဲ့ နားထောင်ပြီး ဆွေးနွေးနှစ်သိမ့်တာ ၊ အကြံဉာဏ်ပေးတာတွေ လုပ်ပေးရမှာ ဖြစ်ပါတယ်။ အချစ်ရေးခိုင်မြဲခြင်းရဲ့ အခြေခံလိုအပ်ချက်ဟာလည်း တစ်ယောက်ကို တစ်ယောက် ဖေးမကူညီမှု ၊ စာနာ နားလည်ပေးမှုနဲ့အတူ ရင်ဘတ်ချင်းနီးစပ်နေဖို့ပဲ မဟုတ်လား။
(၄) နှစ်ဦးသား အနာဂတ်အိပ်မက်တွေ ရှိကြတယ်
Photo : iStock
သက်ဆုံးတိုင်အတူတူ ရှိသွားချင်ကြတဲ့ စုံတွဲ တွေဟာ ခိုင်မာတဲ့ ရည်မှန်းချက်နဲ့ အနာဂတ်အစီအစဉ်လေးတွေ တိုင်ပင်ထားတက် ကြပါတယ်။ အနာဂတ်အတွက် ငွေကြိုစုမယ် ၊ နောက်နှစ်ဘယ် လောက်ကြာရင် လက်ထပ်မယ် ၊ အနာဂတ်မိသားစု ဘဝလေးအတွက် ဘယ်လို ကြိုတင်ပြင်ဆင်မှုလေးတွေ လုပ်ကြမယ် ၊ နွေးထွေးပြီး ချစ်ခြင်းမေတ္တာတွေ လွှမ်းခြုံထားတဲ့ အနာဂတ်အိမ်လေးတစ်လုံး တည်ဆောက်မယ် စသည် ဖြင့် ပျော်ရွှင်စရာအပြည့်နဲ့ အနာဂတ်ဘဝ အိပ်မက်လေးကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ နှစ်ဦးသား တူညီတဲ့ ရည်မှန်းချက်လေးတွေ ထားရှိတက် ကြပါတယ်။
Featured Photo : Parapuan

