လက်ထပ်ခြင်းဆိုတာ သိပ်ကိုလှပတဲ့ အခိုက်အတန့် တစ်ခုပါပဲ။ လူနှစ်ဦးပေါင်းဖက်ကာ အတူယှဉ်တွဲ နေထိုင်သွားခြင်းဟာ ဘဝတစ်ခုကို အတူတူ ရွက်လွင့်ဖို့ စတင်လိုက်တဲ့ ပထမဆုံး ခြေလှမ်းပဲ ဖြစ်ပါတယ်။ လက်ထပ်လိုက်ပြီးချိန်မှာ ချစ်သူရည်းစားဘဝနဲ့ တော်တော်လေးကွဲပြားခြားနားသွားပြီး အရာရာဟာ ပြောင်းလဲသွားတတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြိုက်တွေ ၊ မကြိုက်တဲ့အရာတွေ ၊ အလေ့အထတွေနဲ့ လူနေမှုပုံစံတွေကို အတက်နိုင်ဆုံး ချိန်ညှိရပါတယ်။ ဒါကြောင့်လည်း Relationship ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေဟာ အိမ်ထောင် သည် စုံတွဲတွေအတွက် လက်ထပ်ပြီး ပထမနှစ်အတွင်းဟာ အခက်အခဲဆုံးပဲလို့ ပြောကြတာ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အိမ်ထောင်သည် ဇနီးမောင်နှံတွေအတွက် လက်ထပ်ပြီး ပထမနှစ်အတွင်းမှာ ကြုံတွေ့ရနိုင်တဲ့ ပြဿနာ တွေကို ပြောပြပေးချင်ပါတယ်။

(၁) အပြောင်းအလဲများ

Photo : Best Life

ချစ်သူနှစ်ဦးသား လက်ထပ်ပြီး ချိန်မှာ ဘဝဟာ အရာရာ ပြောင်းလဲသွားပါတယ်။ အိမ်ထောင်တစ်ခုရဲ့ တာဝန်တွေ ၊ ဝတ္တရားတွေနဲ့ အခုမှစပြီး နဖူးတွေ့ ဒူးတွေ့ ကြုံရချိန်မှာတော့ အရာရာဟာ ခက်ခဲပင်ပန်းလွန်းတယ်လို့ ထင်ရကောင်း ထင်ရနိုင်ပါတယ်။ အိမ်မှုကိစ္စ ၊ မိသားစု တာဝန်နဲ့ အလုပ်ဖိအားတွေကြားမှာ အဆင်ပြေမျှတအောင် ရုန်းကန်ရတာဟာ တကယ်ကိုပဲ ခက်ခဲတယ်လို့ ခံစားရစေမှာပါ။ ဒီလို အပြောင်းအလဲတွေနဲ့ ရုတ်ချဉ်းကြုံတွေ့ရချိန်မှာ ဇနီးမောင်နှံ ၂ ဦးစလုံး တစ်ယောက်ကို တစ်ယောက် ပံ့ပိုးဖေးမကူညီမှုတွေနဲ့ အတက်နိုင်ဆုံး ဂရုစိုက်ဖို့ လိုပါတယ်။ ဒါမှလည်း အပြောင်းအလဲတွေရဲ့ ဒဏ်ကို နှစ်ဦးသားကောင်းကောင်း ကျော်လွှားနိုင်မှာပါ။

(၂) လွတ်လပ်မှု

Photo : All Pro Dad

အိမ်ထောင်ကျသွားပြီဆိုရင် ဘာပဲဖြစ်ဖြစ် လူပျို/အပျို ဘဝလောက်တော့ လွတ်လပ်မှု ရှိမှာ မဟုတ်တော့ပါဘူး။ လူနှစ်ယောက်နဲ့ ဘဝတစ်ခု ထူထောင်လိုက်ချိန်မှာ အရာရာတိုင်းက ကိုယ့်သဘောအတိုင်း အမြဲတမ်း ဖြစ်မနေတော့ပါဘူး။ ညှိနှိုင်းယူရတာတွေ ၊ ဦးစားပေးမှုတွေ ၊ ခွင့်တောင်းခံရမှုတွေ အများကြီး ရှိလာပါပြီ။ ငွေရေးကြေးရေးရော လူမှုရေးကဏ္ဍတွေမှာပါ အစစအရာရာမှာ တစ်ဦးတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်အတိုင်း သွားလို့ရမှာ မဟုတ်တော့ပါဘူး။ ဒီအတွက်ကြောင့် လွတ်လပ်မှု ပျောက်ဆုံးသွားပြီးလို့ ခံစားရနိုင်ပါတယ်။ ဒါပေမယ့် သေချာနားလည်းထားရမှာတစ်ခုက အိမ်ထောင်တစ်ခု ထူထောင်လိုက်ပြီဆိုကတည်းက ဘဝတစ်ခုကို နှစ်ဦးသား အတူတူ စီမံခန့်ခွဲဖို့ သဘော တူလိုက်ခြင်းပဲ မဟုတ်လား။ ဒါ့ကြောင့် ဒီ အိမ်ထောင်ရေးနဲ့ ပတ်သတ်တဲ့ အရာအားလုံးအတွက် နှစ်ယောက်စလုံးမှာ တူညီစွာ တာဝန်ရှိပါတယ်။ ဒါကို လွတ်လပ်မှု ပျောက်ဆုံးတယ်လို့ တွေးလို့မရပါဘူး။

(၃) ပဋိပက္ခများ

Photo :Her Way

ချစ်သူရည်းစားဘဝမှာတောင် တစ်ယောက်နဲ့တစ်ယောက်ကြား သဘောထားကွဲလွဲတာ ၊ အချင်းများစရာ ကိစ္စတွေဆိုတာ ရှိကြတာပါပဲ။ လက်ထပ်ပြီး ကိုယ့်ရဲ့ ကျန်တဲ့ဘဝတစ်လျောက်လုံးကို တစ်မိုးအောက်မှာ အတူတူဖြတ်သန်းကြတဲ့အခါမှာလည်း မတူညီမှု ၊ အမြင်ကွဲလွဲမှုနဲ့ ပဋိပက္ခတွေဆိုတာ အများကြီး ပေါ်လာနိုင်ပါတယ်။ လက်ထပ်ပြီးတစ်နှစ်ဆိုတာ အချိန်အတိုင်းအတာဟာ တိုတောင်းလွန်းတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် အနီးကပ်ဆုံးနေရချိန် တစ်ယောက်အကြောင်းတစ်ယောက် လုံလောက်အောင် မသိသေးခင်မှာ ပြဿနာတွေ ပိုလို့တောင် ရှိနိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ အချိန်ကြာလာတာနဲ့အမျှ တစ်ယောက်အကြောင်းတစ်ယောက် ပိုသိလာချိန်မှာ ဒီပြဿနာတွေဟာလည်း နည်းပါးလာမှာ ဖြစ်ပါတယ်။ အဓိက ဘယ်အရာမဆို နှစ်ဦးသား ညှိညှိနှိုင်းနှိုင်းနဲ့ တိုင်ပင်ဆွေးနွေး အဖြေထုတ်တက်ဖို့ပဲ လိုပါတယ်။

(၄) ငွေကြေးပြဿနာ

Photo : Money Fit

Relationship တစ်ခုမှာ အခက်အခဲဆုံး ညှိယူရတဲ့ ပြဿနာ တစ်ခုက ငွေကြေးဆိုင်ရာ ကိစ္စတွေပါပဲ။ တစ်ယောက်ကိုတစ်ယောက် ချစ်ရင် ငွေရေးကြေးရေးဟာ ပြဿနာ တစ်ခု မဟုတ်ဘူးလို့ ထင်ရပေမယ့် တကယ့်လက်တွေ့မှာတော့ ငွေကြေးပြဿနာကြောင့် အဆင်မပြေဖြစ်ရတဲ့ အိမ်ထောင်ရေးအခြေအနေတွေမှ အများကြီးပါ။ လက်ထပ်ပြီး ချိန်မှာ ကိုယ်ပိုင်မိသားစုနဲ့ လိုက်လျောညီထွေဖြစ်တဲ့ ငွေကြေးသုံးစွဲမှုအလေ့အထကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။ ဝင်ငွေ/ထွက်ငွေ ပြဿနာတွေဟာလည်း တစ်ကိုယ်ရေတစ်ကာယ သမားဘဝကနဲ့ လုံးလုံးမတူ ကွဲပြားတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ အကောင်းဆုံးအဖြေက လက်မထပ်ခင်ကတည်းက ငွေကြေးဆိုင်ရာ ကိစ္စတွေကို နှစ်ဦးသား ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ထား သင့်ပါတယ်။

(၅) နှစ်ဖက်မိသားစု ပြဿနာ

Photo : Healthline

လူနှစ်ဦး လက်ထပ်တယ်ဆိုတာ လူနှစ်ဦးနှစ်ယောက်တည်း ပေါင်းဖက်နေရုံနဲ့ မလုံလောက်ပါဘူး။ နှစ်ဖက်မိသားစု အသိုင်းအဝိုင်း ၊ ဆွေမျိုး သားချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေး ကဏ္ဍတွေကိုလည်း ထည့်ထွက်ဖို့ သေချာပေါက် လိုအပ်ပါတယ်။ လက်ထပ်ပြီး ချိန်မှာ သူ့ဘက်ကိုယ့် ဘက် နှစ်ဖက်မိသားစု ဆက်ဆံရေးကို ကောင်းမွန်အောင် တည်ဆောက်နိုင်ဖို့ လိုအပ်ပါတယ်။ နှစ်ဖက်အသိုင်းအဝိုင်း ပြဿနာတွေဟာ အိမ်ထောင်သည် ၊ ဇနီးမောင်နှံတွေ ကြားမှာ ခေါင်းအစားရဆုံး ကိစ္စတွေဖြစ်သလို အထိအရှလွယ်တဲ့ ပြဿနာတစ်ခုလည်း ဖြစ်ပါတယ်။ နှစ်ဖက်မိသားစုဆက်ဆံရေး အခြေအနေတွေကို ကောင်းကောင်း ထိန်းချုပ်ကိုင်တွယ်နိုင်ခြင်းမရှိရင် အိမ်ထောင်ရေးသက်တမ်း တစ်သက်တာလုံးမှာ ဖြေရှင်းရခက်တဲ့ ပြဿနာတွေ တောက်လျောက် ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီအတွက်ကြောင့် သူ့ဘက် ကိုယ့်ဘက် နှစ်ဖက်မိသားစု ဆက်ဆံရေးကို အကောင်းမွန်ဆုံး အခြေအနေတစ်ခု ရအောင် တည်ဆောက်ယူဖို့ အကြံပြုချင်ပါတယ်။

Featured Photo : Lifehack