အောင်မြင်တဲ့ စီးပွားရေးဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ပါသလဲ။ အောင်မြင်တဲ့ မိသားစုဘဝ၊ အောင်မြင်တဲ့ ကိုယ်ပိုင်ဘဝစတာတွေကိုတော့ စာဖတ်သူအနေနဲ့ ဘယ်လိုအဓိပ္ပာယ်ဖွင့်ပါသလဲ။ လက်ထပ် ပြီးခါစ ပူပူနွေးနွေးအိမ်ထောင်ဖက်များ အတွက် ကိုယ့်ရဲ့ အလုပ်နဲ့ ကိုယ်ပိုင်ဘဝကို ဟန်ချက်ညီအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိထားသင့်ပါတယ်။
အလုပ်နဲ့ ကိုယ်ပိုင်ဘဝသည် ဟန်ချက်ညီနေမှသာလျှင် သာယာပျော်ရွှင်ပြီး ရေရှည်ခိုင်မြဲတဲ့ အိမ်ထောင်ရေး ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
ကွီးတို့အနေနဲ့ ကိုယ့်လက်တွဲဖော်နဲ့ မကြာသေးခင်ကမှ လက်ထပ် ထားပြီး ပူပူနွေးနွေးအိမ်ထောင်ဖက်များ ဖြစ်နေကြတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်အချက်များကို သိထားသင့်ပါတယ်။
အလုပ်မလုပ်ခင်မှာ ကိုယ့်ပါရမီဖြည့်ဖက်နဲ့ အရင်ဦးဆုံး အချိန်ကုန်ဆုံးပါ

Photo: iStock
အိပ်ရာထပြီးတာနဲ့ ချက်ချင်းဆိုသလို ရုံးမနောက်ကျအောင် ပြေးရတာမျိုး (သို့) အိမ်မှာပဲ Work From Home လုပ်နေရတယ်ဆိုရင်လည်း အိပ်ရာနိုးနိုးချင်းမှာပဲ အလုပ်တန်းလုပ်ခြင်းမျိုး မပြုလုပ်သင့်ပါဘူး။ မနက်စာကို နှစ်ယောက်သား အတူတူစားပြီး ကြည်နူးစရာအချိန်ကို အတူတူ ကုန်ဆုံးသင့်ပါတယ်။ မနက်စာ အတူတူချက်ပြုတ်တာမျိုး၊ အိမ်အလုပ်ကို ခွဲဝေလုပ်တဲ့အခါမျိုးမှာ ကိုယ့်ရဲ့လက်တွဲဖော်အတွက်လည်း အကူအညီဖြစ်စေသလို ကွီးတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးခရီးလမ်းကလည်း အပေးအယူမျှနေမှာဖြစ်ပါတယ်။
အလုပ်ချိန်ကို သေချာစီမံခန့်ခွဲပါ

ရုံးတက်ပြီး အလုပ်လုပ်ရတယ်ဆိုရင်လည်း ရုံးအလုပ်များကို ရုံးချိန်အတွင်း ပြီးမြောက်အောင် လုပ်ခဲ့တာမျိုး ပြုလုပ်ပါ။ အိမ်မှာ အလုပ်လုပ်နေရတဲ့သူများအနေနဲ့လည်း ကိုယ့်ရဲ့အလုပ်ချိန်နဲ့ နားချိန်ကို သေချာစီမံခန့်ခွဲဖို့လိုအပ်ပါတယ်။
အလုပ်ချည်းပဲ ၂၄ နာရီလုပ်နေရပြီး ကိုယ့်မိသားစုအတွက် အချိန်မပေးတဲ့အခါမှာ တဖြည်းဖြည်းနဲ့ နွေးထွေးမှုနဲ့ ချစ်ခြင်းမေတ္တာတွေ ကုန်ဆုံးသွားမှာဖြစ်ပါတယ်။ လက်ထပ် ပြီးခါစ ပူပူနွေးနွေးအိမ်ထောင်ဖက်များ အနေနဲ့ နှစ်ယောက်တစ်ဘဝ ထူထောင်ကြတဲ့အခါ ပိုက်ဆံသည်လည်း အရေးပါသလို ချစ်ခြင်းမေတ္တာနဲ့ တစ်ယောက်အပေါ် တစ်ယောက် နွေးထွေးမှုပေးခြင်းသည်လည်း လိုအပ်ပါတယ်။
လက်ထပ်ပြီးပေမယ့်လည်း ဒိတ်လုပ်ဖို့မမေ့ပါနဲ့

Photo: Thehoneycombers
အလုပ်များနဲ့ နေ့စဉ်ဘဝကို ရုန်းကန်နေရတဲ့အခါ သမီးရည်းစားဘဝတုန်းကလိုမျိုး ရိုမန့်တစ်ဆန်ခြင်း၊ ပျော်ရွှင်ကြည်နူးခြင်းဆိုတာမျိုးတွေလည်း ပျောက်ကွယ်သွားတတ်ပါတယ်။ တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့အိမ်ထောင်ရေးသည် ရံဖန်ရံခါမှာ ချစ်ကြည်နူး တစ်တီတူးစရာတွေနဲ့ ပြည့်နှက်နေဖို့ဆိုရင် လက်ထပ်ပြီးတဲ့အခါမှာလည်း ဒိတ်လုပ်ဖို့လိုအပ်ပါတယ်။ နှစ်ယောက်သား အားလပ်ရက်တွေမှာ အလုပ်ကိစ္စတွေကို ခဏမေ့ထားပြီး ပျော်ပျော်ပါးပါး ဒိတ်လိုက်ပါ။
အိမ်သုံးစရိတ်များကို သေချာစီစစ်ပါ

ကျားကြီးလေ ခြေရာကြီးလေ ဆိုတဲ့စကားသည် ရှေးလူကြီးတွေ အလကားပြောခဲ့တာမဟုတ်ပါဘူး။ သင်တို့နှစ်ယောက်စလုံးသည် အသုံးအဖြုန်းများတယ်ဆိုရင် ပိုက်ဆံများများရှာဖို့လိုအပ်ပြီး အလုပ်များများ လုပ်နေရမှာဖြစ်ပါတယ်။ အလုပ်များများ လုပ်ရတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် အချိန်ပေးဖို့ ပိုမိုနည်းလာပါလိမ့်မယ်။
ဒါ့ကြောင့် ကိုယ်ရှာထားတဲ့ ပိုက်ဆံကို သေချာစီစစ်ကာ သုံးစွဲဖို့လိုအပ်ပါတယ်။ မလိုအပ်တဲ့အရာများအတွက် ပိုက်ဆံမသုံးပါနဲ့။ ပစ္စည်းတစ်ခုကို ဝယ်တော့မယ်လို့ ဆုံးဖြတ်တဲ့အခါ ကိုယ် အမှန်တကယ် လိုအပ်တာလား (သို့) ကိုယ့် စိတ်အလိုလိုက်ပြီး လိုချင်တာလားဆိုတာ အရင်ဆုံးဆန်းစစ်ကြည့်လိုက်ပါ။
Source: Fstoppers.com
Featured Image: Uckg
