လူသားတိုင်းသည် အမှားလုပ်တတ်ကြပါတယ်။ ဒါကလည်း သာမန်ကိစ္စတစ်ခုလိုပါပဲ။ သို့သော် အချို့သော အမှားများသည် ဆက်ဆံရေးကို ပြိုကွဲပျက်စီးသွားစေနိုင်သည်အထိ အန္တရာယ်ရှိတဲ့အတွက်ကြောင့် ထိုကဲ့သို့သော အမှားမျိုးကို မပြုလုပ်မိဖို့ လိုအပ်ပါတယ်။ ချစ်သူများအနေနဲ့လည်း တစ်ယောက်နဲ့တစ်ယောက် ချစ်လို့ လက်ထပ်ပြီးကာမှ ကိုယ်က မရည်ရွယ်ဘဲ ပြုလုပ်မိတဲ့အမှားတစ်ခုကြောင့် ဆက်ဆံရေး ပျက်ပြားသွားသည်အထိ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ချစ်သူတွေအနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် ချစ်လို့ လက်ထပ် ပြီးတဲ့အခါ ထာဝစဥ် ရွှေလက်တွဲနိုင်ဖို့အတွက် ရှောင်ကြဥ် သင့်တဲ့ အချက်များရှိပါတယ်။

ထိုအချက်များကို ရှောင်ကြဥ်နိုင်မယ်ဆိုရင်တော့ ဇနီးမောင်နှံ နှစ်ယောက် ထာဝစဥ် သက်တစ်ဆုံး ပျော်ရွှင်နိုင်မှာပဲဖြစ်ပါတယ်။

နှစ်ဦး နှစ်ဘက် ညှိုနှိုင်းဆောင်ရွက်ရမယ့်အစား ခေါင်းမာလွန်းခြင်း

couple

အိမ်ထောင်တစ်ခုသည် ပျော်ရွှင် သာယာနိုင်ဖို့ဆိုရင် နှစ်ယောက်သား အပေးအယူ ညီဖို့ လိုအပ်ပါတယ်။ နှစ်ယောက်သား တစ်ယောက်နဲ့ တစ်ယောက် နားလည်ပြီး အပေးအယူမျှဖို့ဆိုရင် ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်တတ်ဖို့ လိုအပ်ပါတယ်။ ခေါင်းမာနေပြီး ဘာကိုမှ ညှိနှိုင်းမရဖြစ်နေမယ်ဆိုရင်တော့ တစ်ဖက်က အသည်းအသန် လိုက်ညှိပေးနေရသူလည်း စိတ်မောလူမော ဖြစ်လာပြီး နောက်ဆုံးမှာ လက်လျော့သွားပါလိမ့်မယ်။

ငွေရေး ကြေးရေးကိစ္စများကို တိုင်ပင်ခြင်း မရှိခြင်း

couple

အိမ်ထောင်ရေးတစ်ခုတွင် ငွေရေး ကြေးရေးသည်လည်း အဓိကကျတဲ့ အခန်းကဏ္ဍတစ်ခုမှာ ပါဝင်ပါတယ်။ နှစ်ယောက်သား အတူတူ စုထားတဲ့ ပိုက်ဆံပဲဖြစ်ဖြစ်၊ ကိုယ့် လက်တွဲဖော်က ကိုယ့်ကို အပ်ထားတဲ့ ပိုက်ဆံကိုပဲဖြစ်ဖြစ် စနစ်တကျ သုံးစွဲဖို့ လိုအပ်ပါတယ်။ တစ်ဖက်သားကို မတိုင်ပင်ဘဲ ကိုယ့် စိတ်ကြိုက် အသုံးပြုခြင်းသည်လည်း တစ်ချိန်ချိန်မှာ အိမ်ထောင်ရေးအတွက် အဖုအထစ် ဖြစ်လာနိုင်ပါတယ်။

အိမ်မှုကိစ္စအဝဝကို မောင်တစ်ထမ်း မယ်တစ်ရွက် လုပ်ဆောင်ခြင်း မရှိခြင်း

couple

အိမ်မှုကိစ္စအားလုံးသည် ဇနီးမယားတစ်ယောက်တည်းနှင့် သက်ဆိုင်တဲ့အရာမဟုတ်ပါဘူး။ မိန်းမက ဟင်းချက်မယ်ဆို ယောကျာ်းက ပန်းကန်ဆေး၊ မိန်းမက မီးပူတိုက်မယ်ဆို ယောကျာ်းလုပ်သူက အဝတ်လျှော်ပေး။ ဒီလိုမျိုး တစ်ယောက်ကို တစ်ယောက် ကူလုပ်ဖို့ လိုအပ်ပါတယ်။ အိမ်အလုပ်ကို ဇနီးတစ်ယောက်တည်းကပဲ လုပ်နေရမယ်၊ လင်ယောကျာ်းတစ်ယောက်ကပဲ အကုန် သိမ်းကျုံး လုပ်နေရရင် ကြာလာတဲ့အခါ လူရုပ်သူရုပ်ထွက်မှာတောင် မဟုတ်တော့ပါဘူး။ အိမ်ထောင်ပြုတယ်ဆိုတာသည် တစ်ယောက်ကို တစ်ယောက် ချစ်လို့ ယူထားတာဖြစ်ပါတယ်။ ခိုင်းဖော်ခိုင်းဖက် တစ်ယောက် ယူထားတာမဟုတ်ပါဘူး။ ဒီနေ့ခေတ်မှာ လင်ယောကျာ်းတစ်ယောက်တည်းရဲ့ ဝင်ငွေနဲ့ တစ်မိသားစုလုံး ရပ်တည်ဖို့ဆိုတာ မဖြစ်နိုင်တော့တဲ့အတွက်ကြောင့် ဇနီးမယားအနေနဲ့လည်း အိမ်ထောင်ပြုပြီးတာနဲ့ အလုပ်ကထွက်လိုက်ပြီး အိမ်မှုကိစ္စချည်းပဲ လုပ်နေလို့ မရတော့ပါဘူး။ ဝင်ငွေ ပိုရအောင်လို့ လင်ယောကျာ်းကိုလည်း တစ်ဖက်တစ်လှမ်းက ကူညီတဲ့အနေနဲ့ အလုပ်လုပ်ဖို့ လိုအပ်ပါတယ်။

အပေါင်းအသင်း မိတ်ဆွေများနှင့် အဆက်အသွယ် မလုပ်ခြင်း

friends

ကွီးတို့က လက်ထပ်လိုက်ပြီဆိုတာတော့ မှန်ပါတယ်။ သို့သော် ကွီးတို့ရဲ့ လူမှုကိစ္စအဝဝ၊ မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများနှင့် အဆက်အသွယ် ဖြတ်စရာမလိုပါဘူး။ အကူအညီလိုအပ်တဲ့အခါ သူငယ်ချင်း မိတ်ဆွေတွေကပဲ ကူညီပေးကြတာမဟုတ်လား။ ဒါ့ကြောင့် ကိုယ်က အိမ်ထောင်ဦးစီး တစ်ယောက် ဖြစ်သွားလို့ အိမ်ထောင့်တာဝန် ကျေပွန်ရမယ်ဆိုတာလည်း မှန်သလို သူငယ်ချင်း မိတ်ဆွေများနှင့်လည်း အတူတူ အချိန်ကုန်ဆုံးဖို့ လိုအပ်ပါတယ်။

တစ်ယောက်ရဲ့ လိုအပ်ချက်များကို အခြားတစ်ယောက်က လျစ်လျူရှုခြင်း

လက်ထပ် ရှောင်ကြဥ်

ကိုယ်ချစ်ရတဲ့သူနဲ့ လက်ထပ်လိုက်တဲ့အခါ ထိုသူသည်လည်း သင့်ရဲ့ ဘဝအစိတ်အပိုင်းတစ်ခု ဖြစ်သွားပါတယ်။ တစ်ယောက်ကိုတစ်ယောက် အရေးပါတယ်၊ တစ်ယောက်မရှိလို့ မဖြစ်ဘူးလို့ ယူဆခဲ့ကြလို့ လက်ထပ်ခဲ့ကြပြီးမှ တစ်ယောက်ကို တစ်ယောက် ပါရမီဖြည့်ပေးရမှာမဟုတ်လား။ အခြားတစ်ယောက်ရဲ့ လိုအပ်ချက်များကို လျစ်လျူရှုနေမယ်ဆိုရင် ဘာ့ကြောင့် လက်ထပ်နေဦးမလဲ။

မိမိရဲ့ လက်တွဲဖော်ကို အတင်းကာရော ပြောင်းလဲဖို့ ကြိုးစားခြင်း

လက်ထပ် ရှောင်ကြဥ်

ကွီးတို့သည် ကိုယ့်ကောင်မလေးကို သူ့ရဲ့ ဖြစ်တည်မှု အရှိကို အရှိအတိုင်း ချစ်လို့ လက်ထပ်ခဲ့ပြီး၊ အိမ်ထောင်ကျပြီးကာမှ သူ့ရဲ့ အကျင့်စရိုက်တွေကို မကြိုက်လို့ အတင်း ပြောင်းလဲပစ်တာမျိုး လုပ်လို့မရပါဘူး။ သင်သည် သူနဲ့ လက်မထပ်ခင်ကတည်းက သူသည် ဘယ်လို အမူအကျင့်မျိုးရှိသလဲဆိုတာ သိထားဖို့ လိုပါတယ်။ သူ့ရဲ့ ဖြစ်တည်မှု၊ အရှိကို အရှိအတိုင်း လက်မခံနိုင်ရင် ပွင့်ပွင့်လင်းလင်းပြောပြီး သူ(မ) ပြင်နိုင်သလား၊ မပြင်နိုင်ဘူးလား တိုင်ပင်ကာ လက်ထပ်ပြီးမှ အတင်း ပြောင်းလဲမယ်ဆိုရင်တော့ နှစ်ဦးသားစလုံး စိတ်ညစ်ရမှာပဲဖြစ်ပါတယ်။

အတိတ်က ကိစ္စများအား ပြန်လည် တူးဆွနေခြင်း

လက်ထပ် ရှောင်ကြဥ်

အတိတ်က ကိစ္စများကို အတိတ်မှာပဲ ထားခဲ့လိုက်ပါ။ မပြီး မပြတ်နိုင်ဘဲ ပြန်လည် တူးဆွနေခြင်းသည် နှစ်ဦးနှစ်ဖက်စလုံးအတွက် စိတ်ထိခိုက် နာကျင်ရတာပဲ အဖတ်တင်ပါလိမ့်မယ်။

လိင်ကိစ္စအား စိတ်မဝင်စားခြင်း

လက်ထပ် ရှောင်ကြဥ်

လင်ရယ် မယားရယ်လို့ ဖြစ်လာပြီဆိုတာနဲ့ လိင်မှုကိစ္စသည်လည်း ရှောင်လွဲလို့မရတဲ့ သဘာဝတရားတစ်ခုပဲဖြစ်ပါတယ်။ လူတိုင်းမှာ လိင်စိတ်ကတော့ ရှိကြပါတယ်။ လိင်စိတ် ပြင်းပြခြင်း၊ နည်းပါးခြင်း ပမာဏ အနည်း အများသာ ကွာသွားမှာဖြစ်ပါတယ်။ တကယ်လို့ သင်တို့ နှစ်ဦးသားသည် လက်ထပ်ပြီးလို့မှ တစ်ယောက်ကိုတစ်ယောက် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမရှိဘူး၊ လိင်စိတ် တပ်မက်မှုမရှိဘူးဆိုရင် တဖြည်းဖြည်းနဲ့ သွေးအေးလာပြီး ကြာလာရင် တစ်ယောက်ကို တစ်ယောက် စိတ်ကုန်သွားမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့သည်လည်း အိမ်ထောင်တစ်ခုမှာ မရှိမဖြစ် လိုအပ်တဲ့အရာဖြစ်ပါတယ်။

ဇနီးမောင်နှံများအနေနဲ့ လက်ထပ် ပြီးတဲ့အခါ အထက်ဖော်ပြပါအချက်များကို ရှောင်ကြဥ် နိုင်မယ်ဆိုရင်တော့ သာယာပျော်ရွှင်ကာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ အိမ်ထောင်တစ်ခုကိုပိုင်ဆိုင်နိုင်ပြီပဲဖြစ်ပါတယ်။

Source: Bridestory

Featured Image: Freepik