ချဲလ်ဆီးနဲ့ အေစီမီလန် တိုက်စစ်မှူးဟောင်း အိုလီဗီယာ ဂီရော့ဒ် ရဲ့ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်က နေအိမ် ဖောက်ထွင်းခံခဲ့ရပြီး ဒေါ်လာ ၅၀၀,၀၀၀ တန်းဖိုးရှိ လက်ဝတ် ရတနာတွေ ပါသွားတယ်လို့ သတင်းတွေအရ သိရပါတယ်။
Photo : New York Post
အဆိုပါ ဖောက်ထွင်းခံရမှု ဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက် နေ့တုန်းက ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အိမ်ဖောက်ထွင်းခံရမှုနဲ့ ပတ်သတ်ပြီး ပြင်သစ် လက်ရွေးစင်ဟောင်းရဲ့ ဇနီးဖြစ်သူက နယ်မြေခံ ရဲတပ်ဖွဲ့ထံကို တိုင်ကြားထားပါတယ်။
ဖောက်ထွင်းသူတွေဟာ နေအိမ်ရဲ့ ပြတင်းပေါက်ကနေတဆင့် အိမ်အတွင်း ဝင်ရောက်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ခန့် တန်ဖိုးရှိတဲ့ လက်ဝတ်ရတနာတွေကို ဝင်ရောက်ခိုးယူ သွားခဲ့တာ ဖြစ်ပါတယ်။ ခိုးယူခံရတဲ့ ပစ္စည်းတွေထဲမှာ တန်ဖိုးကြီး အမျိုးသားဝတ် နာရီ ၁၀ လုံးကျော်လည်း ပါဝင်တယ်လို့ သိရပါတယ်။
လက်ရှိ အချိန်အထိတော့ အဆိုပါ ဖောက်ထွင်းမှုနဲ့ ပတ်သက်တဲ့ တရားခံတွေကို ဖမ်းဆီးရမိခြင်း မရှိသေးပဲ လော့စ်အိန်ဂျလိစ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
Photo : Goal.com
ပြင်သစ် လက်ရွေးစင်ဟောင်း အိုလီဗီယာ ဂီရော့ဒ် ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက အေစီမီလန် အသင်းကနေ အလွတ်ပြောင်းရွေ့ကြေးနဲ့ မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ် အက်ဖ်စီကို ပြောင်းရွေ့ခဲ့တာ ဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း ၁၉ ပွဲ ကစားထားကာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားပါတယ်။
Source : FootBoom
Featured Photo : FootBoom