ဒီတစ်ခေါက်မှာတော့ တိုက်ခိုက်‌ရေးပညာ လက်ဝှေ့ကို ဝါသနာပါတဲ့ ကွီးတို့အတွက် ကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ညွှန်းပေးချင်ပါတယ်။ လက်ဝှေ့နဲ့ ပတ်သတ်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ အများကြီးပါပဲ။ ဒီထဲကနေမှ ကွီးတို့အတွက် စိတ်ခွန်အားတက်ကြွမှုတွေ ၊ ကြိုးစားအားထုတ်မှုတွေ ၊ လေ့ကျင့်ရေးဆိုင်ရာ နည်းစနစ်တွေ ၊ အရှုံးအနိုင်နဲ့ ဘဝအလှည့်အပြောင်းတွေ အကြောင်း ကောင်းကောင်းကြီး သင်ခန်းစာယူနိုင်မယ် ဇာတ်ကားကောင်း အချို့ကို ရွေးချယ် တင်ဆက်ပေးချင်ပါတယ်။ ကဲဒါဆို ဘယ်ဇာတ်ကားတွေဖြစ်မလဲ အတူတူဆက်ကြည့်လိုက်ရအောင်ပါ။

(၁) Rocky (1976)

Source : MGM

Rocky (1976) ကတော့ လက်ဝှေ့ ဝါသနာအိုးမှန်ရင် ကြည့်ဖူးသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ မင်းသားကြီး Sylvester Stallone ရဲ့ အပြောင်မြောက်ဆုံး သရုပ်ဆောင်ချက်တွေနဲ့အတူ Rocky ဇာတ်ကားဟာ ရုပ်ရှင်သမိုင်းတစ်လျှောက်မှာ အကောင်းဆုံး လက်ဝှေ့ဇာတ်ကားအဖြစ် ဆုတံဆိပ်ပေါင်းများစွာ ရရှိခဲ့ပါတယ်။ Rocky ဟာ တစ်ဖက်က အသက်ရှင်သန်ဖို့အတွက် ဘဝရဲ့အခက်အခဲအကြပ်အတည်းတွေကြား ရုန်းကန်နေထိုင်ရင်း တစ်ဖက်မှာလည်း ဝါသနာပါတဲ့ မထင်မရှားလက်ဝှေ့သမားအဖြစ်နဲ့ ပွဲတွေထိုးသတ်ရင်း တစ်ရက်မှာတော့ ကမ္ဘာ့ချန်ပီယံလက်ဝှေ့သမားနဲ့ ထိုးသတ်ဖို့ အခွင့်အရေး ပေါ်လာပါတော့တယ်။ ကမ္ဘာ့ချန်ပီယံတစ်ယောက်က သူ့လို မထင်မရှား လက်ဝှေ့သမားတစ်ယောက်ကို ဘာကြောင့် ထိုးသတ်ချင်ရတာလဲ ၊ Rocky ရဲ့ကြိုးစားအားထုတ်မှုတွေကရော ဘယ်လောက်ပြင်းထန်ခက်ခဲမလဲ ၊ သူ့ဘဝကိုရော ဘယ်လောက်အထိ အပြောင်းအလဲတွေ ဖြစ်သွားစေမလား စတဲ့ မေးခွန်းတွေကိုတော့ Rocky (1976) ဇာတ်ကားလေးမှာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

(၂) Southpaw (2015)

Source : Rotten Tomatoes Trailers

Southpaw (2015) ကိုတော့ လက်ဝှေ့ ရုပ်ရှင်တွေထဲမယ် နာမည်အကြီးဆုံး ဇာတ်ကောင်းတွေထဲက တစ်ကားလို့ သတ်မှတ်လို့ရပါတယ်။ မင်းသား Jake Gyllenhaal နဲ့ လူမည်းဝါရင့်မင်းသားကြီး Forest Whitaker တို့ရဲ့ အတွဲဖက်ညီညီ သရုပ်ဆောင်ချက်တွေကို ကြည့်ရှုခံစားရမှာပါ။ ကြိုးဝိုင်းထဲမှာ ပြင်းထန်တဲ့ လက်သီးချက်တွေနဲ့ အောင်ပွဲဆက်တိုက်ဆင်လာနိုင်ခဲ့တဲ့ ချန်ပီယံ Billy Hope တစ်ယောက် ထင်မှတ်မထားတဲ့ ဘဝရဲ့ကြမ်းတမ်းလွန်းတဲ့ အလှည့်အပြောင်းတွေ ကြုံခဲ့ရပြီးနောက် အရာအားလုံး လက်လွတ်ဆုံးရှုံးခဲ့ရပါတော့တယ်။ အောင်မြင်ချိန်မှာ ဘေးနားမှာ ဝိုင်းဝိုင်းလည်နေတဲ့ လူတွေဟာလည်း ကျရှုံးတဲ့အခြေအနေရောက်ရင် ပိုးဟပ်တွေလို ရှဲကနဲ တစ်ကြိမ်တည်းမှာပဲ ပျောက်ကွယ်သွားကြတယ်ဆိုတဲ့ လောကနိယာမကိုလည်း Billy Hope တစ်ယောက် ကောင်းကောင်းကြီး ကြုံတွေ့ခဲ့ရပါတယ်။ ဘဝအသစ် ၊ နည်းပြအသစ်နဲ့ ဘဝကို ၁ ကပြန်စပြီး ကံဆိုးမိုးမှောင်ကျတဲ့ နေ့ရက်တွေအလွန်မှာ အရင်လို ချန်ပီယံဆိုတဲ့ ဘဝမျိုး ပြန်ရအောင် ယူနိုင်မလားဆိုတာ Southpaw (2015) ဇာတ်ကားလေးမှာ ပရိသတ်တွေကပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ပါ။

(၃) Million Dollar Baby (2004)

 

Source : Rotten Tomatoes Classic Trailers

ဒီဇာတ်ကားလေးကတော့ ထူးထူးခြားခြား အမျိုးသမီး လက်ဝှေ့သမား တစ်ယောက်အကြောင်း ရိုက်ကူးပုံဖော်ထားတာပါ။ လက်ဝှေ့သမားတစ်ယောက်အတွက် အရေးကြီးဆုံးက လေ့ကျင့်မှု ၊ အတွေ့အကြုံနဲ့ နည်းစနစ်တွေအပြင် အသက်အရွယ်အပိုင်းအခြားကလည်း မပါမဖြစ်ပါပဲ။ ဒါပေမယ့် Maggie ဟာ အသက် ၃၀ ကျော်မှ သေချာနည်းပြနဲ့ လေ့ကျင့်ခွင့်ရပြီး စနစ်တကျ ထိုးသတ်နိုင်ခဲ့တာပါ။ ဘဝရပ်တည်ဖို့အတွက် စားပွဲထိုးမလေးအဖြစ်နဲ့အလုပ်လုပ်ရင်း ဝါသနာပါရာ လက်ဝှေ့လမ်းကြောင်းကို လျောက်လှမ်းနေသူပါ။ ဒါပေမယ့် Maggie ရဲ့ဘဝဟာ ထင်သလောက် ချောမွေ့မနေခဲ့ပါဘူး။ အခက်အခဲတွေ ၊ ကြမ်းတမ်းမှုတွေ ၊ ရုန်းကန်ရမှုတွေကို အိပ်မက်တွေကို အကောင်အထည်ဖော်ခဲ့သူ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Maggie အဖြစ် မင်းသမီးချော Hilary Swank က အကောင်းဆုံး သရုပ်ဆောင်ထားပြီး မင်းသားကြီး Clint Eastwood ၊ Morgan Freeman တို့နဲ့အတူ အပြောင်မြောက်ဆုံး တွဲဖက်သရုပ်ဆောင်ထားပါတယ်။ လက်ဝှေ့ရုပ်ရှင်တော်တော်များများဟာ အောင်မြင်မှုကြီးသိမ်းပိုက်ပြီး ပျော်စရာဇာတ်သိမ်းနဲ့ ဇာတ်လမ်းကို အဆုံးသတ်လေ့များကြပေမယ့် ဒီဇာတ်ကားကတော့ ပရိသတ်တွေ လုံးဝထင်မှတ်မထားတဲ့ အရှိုက်တည့်တည့်ကို ထိချက်မိတဲ့ ဇာတ်သိမ်းမျိုးနဲ့ အဆုံးသတ်ထားတာ ဖြစ်တာပဲ ဖြစ်ပါတယ်။

(၄) The Fighter (2010)

Source : eOnefilms

ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရုပ်ရှင်ပြန်လည်ရိုက်ကူးထားတဲ့ လက်ဝှေ့ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ လက်ဝှေ့သမား Micky Ward နဲ့ အစ်ကိုဖြစ်သူ Dicky Eklund တို့ရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ။ ဟောလိဝုဒ်ရဲ့နာမည်ကြီး ထိပ်တန်းမင်းသား ၂ လက်ဖြစ်တဲ့ Christian Bale နဲ့ Mark Wahlberg တို့ တွဲဖက်ညီညီပါဝင် သရုပ်ဆောင်ထားပါတယ်။ The Fighter (2010) ရုပ်ရှင်ကားဟာ ဖြစ်ရပ်မှန် အတ္ထုပ္ပတ္တိဇာတ်ကားကောင်း တစ်ကားဖြစ်တာကြောင့် လက်ဝှေ့ ဝါသနာအိုးတွေ လက်မလွှတ်တမ်း ကြည့်သင့်တဲ့ List ထဲမှာပါပါတယ်။

(၅) Creed (2015)

Source : Warner Bros. Pictures

Creed (2015) ကတော့ Rocky ဇာတ်ကားနဲ့ဆက်စပ်ပြီး နောက်ဆက်တွဲ ထပ်မံထွက်ရှိလာတဲ့ လက်ဝှေ့ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ Rocky ရဲ့မိတ်ဆွေဟောင်း Apollo Creed ရဲ့သားဖြစ်သူ Adonis Creed အကြောင်းကို ရိုက်ကူးထားတာပါ။ လက်ဝှေ့လောကကနေ အနားယူခဲ့ပြီဖြစ်တဲ့ Rocky တစ်ယောက် Creed သွေးပါတဲ့ Adonis Creed နဲ့ တွေ့ဆုံပြီးချိန်မှာတော့ Creed မျိုးဆက် Adonis Creed ကို ကြိုးဝိုင်းအတွင်း ဘယ်လိုကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတွေရအောင် အကောင်းဆုံး လေ့ကျင့်သင်ကြားပေးမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

Featured Photo : Boletim Nerd