လေ့လာတွေ့ရှိချက်များအရ ကလေးအများစုရဲ့ ၆ဝ ရာခိုင်နှုန်းနီးပါးလောက်ဟာ လက်သည်းကိုက်ခြင်းကို စွဲလမ်းနေတတ်ပြီး အသက်ကြီးတဲ့ထိ ဖျောက်လို့မရတာက ၄၅% အထရှိတတ်ကြပါတယ်။ ဒီအချက်ကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ လူဦးရေ တစ်ဝက်လောက်က လက်သည်းကိုက်ခြင်းကို စိတ်ထွက်ပေါက်အဖြစ် သတိလက်လွတ်လုပ်မိတတ်ကြတာ အသေအချာပါပဲ။ ဒါကြောင့် လက်သည်းကိုက် ခြင်းနဲ့ ပတ်သက်ပြီး စိတ်ပညာရှုထောင့်အနေနဲ့သာမက ကျန်းမာရေး ရှုထောင့်အရပါ ဘယ်လိုဆိုးကျိုးတွေ ရှိနေမယ်ဆိုတာ လေ့လာကြည့် ရအောင်ပါ။

(၁) ကူးစက်ရောဂါများ ရနိုင်ခြေမြင့်မားခြင်း


Photo : Verywell Health

ကျွန်တော်တို့ရဲ့လက်တွေဟာ အရာအားလုံးကို ထိတွေ့ကိုင်တွယ်ရာမှာ အသုံးပြုနေရတဲ့အတွက် ရှိသမျှမမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေ ကပ်တွယ်နေတတ်ကြပါတယ်။ အများအားဖြင့် လက်သည်းကြားမှာ ကပ်ညိနေတတ်ကြတာဖြစ်တဲ့အတွက် ကိုက်လိုက်တဲ့အခါမှာ ပါးစပ်ကနေတစ်ဆင့် ကိုယ်တွင်းအင်္ဂါများအထိ ရောဂါပိုးများ အလွယ်တကူ ဝင်ရောက်လာနိုင်ပါတယ်။ အထူးသဖြင့် ဗိုက်အောင့်ဗိုက်နာ ဝမ်းလျောရောဂါများ ဖြစ်စေနိုင်လို့ ရှောင်ကြဥ်သင့်ပါတယ်။

(၂) ကြံ့ခိုင်သန်မာတဲ့သွားများကို ထိခိုက်စေနိုင်ခြင်း

Photo : Verywell Health

ကျွန်တော်တို့ရဲ့ လက်သည်းတွေဟာလည်း အတော်အသင့်မာကြောပြီး အကြိမ်ကြိမ်ဖန်ဖန်ခွာထုတ်ရာမှာ သွားတွေရဲ့ ကြံ့ခိုင်မှုကို အားနည်းစေလာနိုင်ပါတယ်။ ဒါ့အပြင် နှစ်ရှည်လများလက်သည်းကိုက်မယ်ဆိုရင် သွားတွေရဲ့တည်ဆောက်ပုံကိုပါ မညီမညာဖြစ်လာစေနိုင်လို့ ရုပ်အသွင်ပြင်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

(၃) လက်သည်းတွေရဲ့ ကြီးထွားမှုကို လျော့ချစေနိုင်ခြင်း


Photo : Verywell Health

လက်သည်း မကြာခဏကိုက်ခြင်းက အပေါ်ယံလက်သည်းခွံကိုသာမက အောက်ခံအရေပြားဆဲလ်အနုလေးတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ အရေပြားဆဲလ်လေးတွေဟာ လက်သည်းကြီးထွားနိုင်စွမ်းရဲ့ ၉၀% အရေးပါနေတဲ့အတွက် သွားနဲ့ ဖိကိုက်ပါများရင် ပျက်စီးသွားတတ်ပြီး လက်သည်းတွေဟာ ဖွံဖြိုးနိုင်မှာ မဟုတ်တော့ပါဘူး။

(၄) ကိုယ့်ကိုယ်ကိုယုံကြည်မှု အားနည်းလာစေခြင်း


Photo : Verywell Health

နေ့စဥ်ဘဝမှာလူအများနဲ့ ပြောဆိုဆက်ဆံနေရတဲ့အတွက် တစ်ကိုယ်ရည် ကျန်းမာသန့်ရှင်းဖို့ အထူးလိုအပ်ပါတယ်။ လက်သည်းကိုက် ဖဲ့ထားမယ်ဆိုရင် ကြည့်ရဆိုးတဲ့ လက်သည်းတွေကို လုပ်ငန်းခွင် ၊ ပတ်ဝန်းကျင်ကလူတွေ မြင်သွားမလားဆိုပြီး မသိစိတ်ကစိုးရိမ်နေတတ်တဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုဟာ မရှိသလောက် လျော့နည်းစေလာနိုင်ပါတယ်။

Featured Photo : BBC