ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ကိုယ်တွင်းက ကျန်းမာ‌ရေး အခြေအနေတွေနဲ့ ပတ်သတ်ပြီး တစ်နည်းနည်းနဲ့ အချက်ပြလက္ခဏာတွေ ပြတက်ကြပါတယ်။ ဒီထဲမှာ လက်သည်းတွေကလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်သည်း တွေရဲ့ ပုံပန်းသဏ္ဌာန်နဲ့ ပြောင်းလဲမှုတွေကို ကြည့်ပြီး ခန္ဓာကိုယ်တွင်းမှာ ဘယ်လိုရောဂါအခြေအနေတွေ ဖြစ်ပေါ်နေလဲဆိုတာ ခန့်မှန်းကြည့်လို့ ရနိုင်ပါတယ်။ ကဲဒါဆို လက်သည်း တွေကတဆင့် ပြောပြနေတဲ့ ကွီးတို့ရဲ့ ကျန်းမာရေး လျှို့ဝှက်ချက်တွေကို လေ့လာကြည့်ရအောင်ပါ။

(၁) လက်သည်းအရောင်ဖျော့ခြင်း

Photo : WebMD

လက်သည်းအရောင်ဖျော့တာကို Leukonychia လို့ ခေါ်ပါတယ်။ လက်သည်းမှာ တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် လက်သည်းခွံတစ်ပြင်လုံး အရောင်ဖျော့တော့တော့ ဖြစ်နေတာဟာ စိတ်သောကများတာ ၊ သွေးအားနည်းရောဂါ ၊ အာဟာရ ချို့တဲ့ခြင်း ၊ နှလုံးရောဂါ ၊ ကျောက်ကပ်ရောဂါနဲ့ အဆိပ်သင့်ခြင်းကဲ့သို့ အခြေအနေများစွာကြောင့် ဖြစ်နိုင်ပါတယ်။

(၂) လက်သည်းဖြူခြင်း

Photo : WebMD

လက်သည်းအရောင်ဟာ များသောအားဖြင့် ခပ်ကြည်ကြည် အနေအထားမှာ ရှိပါတယ်။ ဒီလိုမဟုတ်ပဲ လက်သည်းတွေက အဖြူရောင်ပြောင်းနေပြီး ဘေးနှုတ်ခမ်းတွေမှာ မည်းနေတယ်ဆိုရင် အသည်းရောင်ခြင်းကဲ့သို့ အသည်းနဲ့ဆိုင်တဲ့ ရောဂါပြဿနာတွေကို ‌ညွှန်ပြနေတာ ဖြစ်နိုင်ပါတယ်။

(၃) လက်သည်းဝါခြင်း

Photo : WebMD

လက်သည်းတွေ ဝါဖန့်ဖန့် အရောင်ပြောင်းနေခြင်းရဲ့ အဖြစ်အများဆုံး အကြောင်းရင်းတွေထဲကတစ်ခုကတော့ လက်သည်းမှိုစွဲတာ ၊ ပိုးဝင်တာကြောင့် ဖြစ်ပါတယ်။ ရောဂါအခြေအနေ ပိုးဆိုးလာတာနဲ့အမျှ လက်သည်းတွေ ကျုံ့ပြီး ထူလာကာ ကျိုးလွယ်ပဲ့လွယ် ဖြစ်လာတက်ပါတယ်။ အခြားသောကျန်းမာရေး အခြေအနေတွေဖြစ်တဲ့ အသည်းရောင်အသားဝါ ၊ သိုင်းရွိုက်ရောဂါ ၊ အဆုတ်ရောဂါနဲ့ ဆီးချိုရောဂါတွေကြောင့်လည်း လက်သည်းတွေ ဝါတက်ပါတယ်။

(၄) လက်သည်းပြာခြင်း

Photo : WebMD

လက်သည်းတွေ အပြာရောင်ပြောင်းနေတာဟာ ခန္ဓာကိုယ်မှာ အောက်ဆီဂျင် အလုံအလောက် မရတာကို ညွှန်ပြနေတာ ဖြစ်ပါတယ်။ Emphysema ကဲ့သို့ အဆုတ်ရောဂါနဲ့ နှလုံးရောဂါတွေကြောင့်လည်း လက်သည်းတွေပြာ တက်ပါတယ်။

(၅) လက်သည်းမျက်နှာပြင် ကြမ်းတမ်းခြင်း

Photo : WebMD

လက်သည်းရဲ့ မျက်နှာပြင်မှာ လှိုင်းတွန့်ပုံစံမျိုး မညီမညာလိုင်းတွေ ၊ အချိုင့်ခွက်တွေဖြစ်နေပြီး ကြမ်းတမ်းတဲ့အသွင် ဖြစ်ပေါ်နေတာဟာ နာတာရှည် အရေပြားရောဂါ တစ်မျိုးဖြစ်တဲ့ ဆိုရီရေးစစ်ရောဂါနဲ့ အဆစ်အမြစ်ရောင်ရောဂါတွေရဲ့ အစောပိုင်းလက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေတွေမှာ လက်သည်းအောက်ဘက်မှာရှိတဲ့ အရေပြားဟာလည်း နီညိုရောင်ဖြစ်နေတက်ပါတယ်။

(၆) လက်သည်းတွေ အက်ကွဲပဲ့ထွက်ခြင်း

Photo : WebMD

လက်သည်းတွေဟာ ခြောက်သွေ့ ကြွပ်ဆတ်ပြီး အက်ကွဲပဲ့ထွက်လွယ် ၊ ကျိုးလွယ်ကြေလွယ်ဖြစ်နေခြင်းဟာ သိုင်းရွိုက်ရောဂါနဲ့ ဆက်စပ်နေတဲ့ အချက်ပြလက္ခဏာတစ်ခု ဖြစ်ပါတယ်။ လက်သည်းတွေ အက်ကွဲပဲ့ထွက်ပြီး အဝါရောင်ပြောင်းနေတယ်ဆိုရင်တော့ လက်သည်းမှိုစွဲတာဖြစ်နိုင်ပါတယ်။

(၇) လက်သည်းအောက်မှာ အမည်းရောင် အစင်းများဖြစ်ခြင်း

Photo : WebMD

လက်သည်းအောက်မှာ အညိုရောင်/ အမည်းရောင် လိုင်းစင်းတွေ ဖြစ်ပေါ်ခြင်းကို Melanonychia လို့ခေါ်ပါတယ်။ ဒါဟာ အရေပြားကင်ဆာ အပါအဝင် ပိုးဝင်ခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရခြင်း စတဲ့ အခြေအနေအကြောင်းရင်းများစွာကြောင့် ဖြစ်နိုင်ပါတယ်။

Featured Photo : Medanta