လက်သည်း ခြေသည်းတွေရဲ့ အရောင်ကိုကြည့်ပြီး ကွီးတို့ ခန္ဓာကိုယ်မှာ ဖြစ်ပျက်နေတဲ့ ကျန်းမာရေး အခြေအနေကို သုံးသပ်လို့ ရပါတယ်။ လက်သည်းအရောင် ပြောင်းတာဟာ အလှအပရေးရာ ထုတ်ကုန်တွေကြောင့် ဖြစ်နိုင်ပေမယ့် တစ်ခါတစ်ရံမှာ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးနောက်ခံ အခြေအနေတွေကို ဖော်ပြနေတဲ့ အချက်ပြ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဘာကြောင့် လက်သည်းအဝါရောင် ပြောင်းလာရတာလဲဆိုတဲ့ အချက်တွေကို ပြောပြပါမယ်။
(၁) လက်သည်းမှို ပိုးဝင်ခြင်း
Photo : Prevention
ဆေးပညာအရတော့ Onychomycosis လို့ ခေါ်ပါတယ်။ မှိုရောဂါ တစ်မျိုးကြောင့်ဖြစ်ရတဲ့ လက်သည်း မှိုပိုးဝင်ခြင်း ပြဿနာပါ။ လေ့လာမှုတွေအရ အရွယ်ရောက်ပြီးသူ ၁၀ ရာခိုင်နှုန်းခန့်ဟာ လက်သည်းမှိုပိုးဝင်တဲ့ ပြဿနာ ကြုံတွေ့ရနိုင်ပါတယ်။ လက်သည်းမှိုပိုးဝင်ပြီဆိုရင် လက်သည်းတွေ ကြွပ်ဆပ်တာ ၊ အဝါရောင်ပြောင်းလာတာတွေ ဖြစ်နိုင်ပါတယ်။
(၂) ဆေးလိပ်သောက်ခြင်း
Photo : Health
လက်သည်းအဝါရောင် ပြောင်းစေတဲ့ နောက်ထပ် အကြောင်းအရင်းတစ်ခုကတော့ ဆေးလိပ်သောက်တာကြောင့်ပါ။ စီးကရက်မှာ ပါတဲ့ နီကိုတင်းနဲ့ ကတ္တရာစေးတွေဟာ အချိန်ကြာလာတာနဲ့အမျှ လက်သည်းအရောင်ကို စွန်းထင်းစေနိုင်ပါတယ်။ ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင်တော့ လက်သည်းကျန်းမာရေးသာမက တခြားသော ခန္ဓာကိုယ်ရဲ့ အလုံးစုံ ကျန်းမာရေးကိုပါ ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။
(၃) အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများခံစားရခြင်း
Photo : Blog – Organic Olivia
တစ်ခါတစ်ရံမှာ လက်သည်း အဝါရောင် ပြောင်းလာတာဟာ နာတာရှည် လေပြွန်ရောင်ရောဂါလို အသက်ရှူလမ်းကြောင်းဆိုင်ရာ အခြေအနေတွေနဲ့ ဆက်စပ်မှုရှိနိုင်ပါတယ်။ သွေးအတွင်း အောက်ဆီဂျင် လည်ပတ်မှု ကျဆင်းတဲ့အခါ လက်သည်းခြေသည်းတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အရောင်ပြောင်းနိုင်ပါတယ်။
(၄) ဆီးချိုရောဂါ ခံစားရခြင်း
Photo : SciTechDaily
လက်သည်းအဝါရောင် ပြောင်းလာတာဟာ ဆီးချိုရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ဆီးချိုရောဂါဟာ လက်သည်းခြေသည်း ကျန်းမာရေးကို ထိခိုက်စေခြင်းအပါအဝင် ခန္ဓာကိုယ်တွင်းမှာ အမျိုးမျိုးသော ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဆီးချိုရောဂါ ဝေဒနာရှင်တစ်ယောက်အနေနဲ့ ခန္ဓာကိုယ် သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိဖို့ မဖြစ်မနေ လိုအပ်ပြီး ဆီးချိုမတက်အောင် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်နေထိုင်မှုပုံစံကို ထိန်းသိမ်းသင့်ပါတယ်။
Source : OnlyMyHealth
Featured Photo : Verywell Health