ပတ်ဝန်းကျင် အသိုင်းအဝိုင်းမတူတဲ့ လူသားနှစ်ယောက်၊ ပြုစုပျိုးထောင်ခံရတဲ့ ပုံစံချင်း မတူညီတဲ့ လူသားနှစ်ယောက် တစ်ယောက်ကို တစ်ယောက် ချစ်ကြိုက်ပြီး သမီးရည်းစား ဖြစ်လာတဲ့အခါ၊ ထိုမှတဆင့်တက်ပြီး နှစ်ယောက် တစ်ဘဝ ထူထောင်ဖို့အတွက် ကြိုးစားတဲ့အခါ ညှိယူရမှာတွေ အများကြီးပါပဲ။ စိတ်သဘောထား မတိုက်ဆိုင်တာတွေ ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ စိတ်သဘောထား မတိုက်ဆိုင်ဘဲ သမီးရည်းစား ရန်ဖြစ်တိုင်း (သို့) လင်မယား ရန်ဖြစ်တိုင်း လက် ပါ တတ်နေရင်တော့ သတိထားဖို့ လိုအပ်နေပါပြီ။

သမီးရည်းစား ရန်ဖြစ်တိုင်း၊ ဒါမှမဟုတ် လင်မယား ရန်ဖြစ်တိုင်းမှာ လက် ပါ တတ်တဲ့သူကို အိမ်တွင်းအကြမ်းဖက်သူလို့ သတ်မှတ်နိုင်ပါတယ်။ အိမ်တွင်း အကြမ်းဖက် ခံရသူတွေက အမျိုးသမီးတွေတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ အမျိုးသားတွေလည်း အိမ်တွင်း အကြမ်းဖက်ခံရကြပါတယ်။ ဒါပေမဲ့ သူတို့က အပြင်ကို ထုတ်ပြောရမှာကို ရှက်ကြောက်ကြလို့ တစ်ယောက်တည်းပဲ​ ကြိတ်မှိတ်ခံစားတတ်ကြလို့ ထိုဖြစ်စဥ်မျိုးက ရှားတယ်လို့ သတ်မှတ်ထားကြတာပါ။

ကွီးတို့အနေနဲ့ စိတ်သဘောထားမတိုက်ဆိုင်လို့ ရန်ဖြစ်တိုင်းမှာ ကိုယ့်ဘက်က လက်မပါဖို့၊ လူကြီးလူကောင်း အမျိုးသားကောင်းတစ်ယောက် ပီသဖို့ လိုအပ်ပါတယ်။ တစ်ဖက်က ကိုယ့်ကို ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့အခါမျိုးတွေမှာလည်း ထိုကဲ့သို့ မပြုလုပ်ဖို့၊ ကိုယ့်ဘက်ကလည်း ငြိမ်ခံမနေဖို့ လိုအပ်ပါတယ်။

အိမ်တွင်း အကြမ်းဖက်မှုဆိုတာ ဘာလဲ

domestic abuse

အိမ်တွင်း အကြမ်းဖက်မှုဆိုတာသည် မိမိက ကိုယ့်ရဲ့ လက်တွဲဖော်ကို စိတ်ပိုင်းဆိုင်ရာ အရသော်လည်းကောင်း၊ ရုပ်ပိုင်းဆိုင်ရာ အရသော်လည်းကောင်း ပါဝါပြခြင်း (သို့) ထိန်းချုပ်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ အိမ်တွင်း အကြမ်းဖက်မှုကို အမျိုးအစား အမျိုးမျိုး ခွဲခြားနိုင်ပါတယ်။ အသိသာဆုံးတစ်ခုကတော့ ရုပ်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာအောင် ပြုမူခြင်း၊ နှုတ်ဖြင့် တစ်ဖက်သားအား နစ်နစ်နာနာ ပြောဆိုခြင်း၊ လိင်ပိုင်းဆိုင်ရာအရာ အမြတ်ထုတ်ခြင်း၊ လူမှုရေးဖိနှိပ်ချက်များနှင့် ချုပ်ချယ်နှိပ်ကွက်ထားခြင်း၊ ဘာသာရေး ဖိနှိပ်ချက်များရှိခြင်း၊ ငွေရေးကြေးရေးအရ ထိန်းချုပ်ထားခြင်း အစရှိသည်တို့ပဲဖြစ်ပါတယ်။ ကွီးတို့ကိုယ်တိုင်ရော ဒီလိုမျိုး အကြမ်းဖက်မှုတွေကို ပြုလုပ်နေတဲ့သူတစ်ယောက်လား (သို့) ပြုလုပ်ခံနေရတဲ့ နစ်နာသူတစ်ယောက်လား။

ကိုယ်ကိုယ်တိုင်က ပြုလုပ်နေသူတစ်ယောက်ဆိုရင်တော့ ထိုအကျင့်ဆိုးကို ရပ်တန်းက ရပ်ပစ်ဖို့ လိုအပ်နေပါပြီ။ ဒီလိုမှ မဟုတ်ဘဲနဲ့ ကိုယ်က ပြုလုပ်ခံနေရတဲ့ နစ်နာသူတစ်ယောက်ဆိုရင်တော့ ချက်ခင်း အကူအညီ တောင်းခံသင့်ပါတယ်။ ဘယ်လောက်ပဲ ချစ်ချစ် အကြမ်းဖက် ခံနေရရင်တော့ ထိုဆက်ဆံရေးမှာ ဘယ်လိုမှ ပျော်ရွှင်ဖွယ်ရာ ရှိလာနိုင်တော့မှာမဟုတ်ပါဘူး။

ကိုယ့်ပတ်ဝန်းကျင်မှာ အိမ်တွင်း အကြမ်းဖက်ခြင်းကို ခံနေရတဲ့အခါ

လင်မယား လက်

မသိချင်ယောင်ဆောင်ခြင်း၊ ရပ်ကြည့်နေခြင်းသည် မှန်ကန်တဲ့ လုပ်ရပ်တစ်ခု မဟုတ်ပါဘူး။ ကိုယ့်ဘက်က လူလုံးပြပြီး မကူညီနိုင်ရင်တောင်မှ နောက်ကွယ်ကနေ ကူညီနိုင်တာတွေ အများကြီးရှိပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းများကို အကြောင်းကြားပြီး အကြမ်းဖက်ခံရသူအားလည်း ကူညီနိုင်ပါတယ်။ မသိချင်ယောင်ဆောင်ပြီး ရပ်ကြည့်နေတာထက်စာရင် ကိုယ်ချင်းစာတရားထားပြီး ကူညီခြင်းက ပိုမိုပျော်ရွှင်ဖွယ်ကောင်းတဲ့ လူမှုပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။

ကိုယ်ကိုယ်တိုင်က အကြမ်းဖက်ခံရတဲ့အခါ

လင်မယား လက်

ကျားကျားသား ယောကျာ်းသားတစ်ယောက်က မိန်းမဖြစ်သူရဲ့ အနိုင်ကျင့်ခြင်း၊ အကြမ်းဖက်ခြင်းကို ခံရတယ် ဆိုတာကို ဘော်ဒါ အချင်းချင်း ရင်ဖွင့်တိုင်ပင်ရင်တောင် လင်မယား ပြေလည်ရာ ပြေလည်ကြောင်း ညှိပေးမယ့်သူထက်စာရင် မြှောက်ထိုးပင့်ကော်လုပ်ပြီး “ပြန်ချပါလား၊ မင်းမှာ လက်မပါဘူးလား”၊ “မိန်းမ ရိုက်တာကို ခံရတယ်လို့ကွာ ရှက်ဖို့ ကောင်းလိုက်တာ” စသည်ဖြင့် အကြံပေးချက်အမှားတွေကို ပေးနေသူတွေနဲ့သာ ကြုံတွေ့နေရမှာဖြစ်ပါတယ်။ အိမ်ထောင်တစ်ခုမှာ အမျိုးသမီးတွေပဲ အကြမ်းဖက်ခံရတာမဟုတ်ပါဘူး။ အမျိုးသားတွေလည်း တစ်နည်းတစ်ဖုံ အကြမ်းဖက် ခံရတတ်ကြပါတယ်။ ဖြေရှင်းပုံ ဖြေရှင်းနည်းပေါ် လိုက်ပြီး အခြေအနေ အမျိုးမျိုးလည်း ပြောင်းလဲသွားတတ်ပါတယ်။

ကွီးတို့အနေနဲ့ ကိုယ်တိုင် အကြမ်းဖက်ခံရတဲ့အခါ တစ်ခါတည်းပါဆိုပြီး ချစ်တဲ့စိတ်နဲ့ မျက်စိစုံမှိတ်ပြီး ခွင့်လွှတ်မပေးလိုက်ပါနဲ့။ ခွင့်လွှတ်ပေးရမယ့် ကိစ္စမဟုတ်ပါဘူး။ ကိုယ့်ဘက်က ဒီလို ကျူးလွန်ခံရတာကို (လုံးဝ) မကြိုက်ကြောင့် ပြတ်ပြတ်သားသားပြောထားပါ။ ချစ်သူရည်းစား ရန်ဖြစ်တိုင်း (သို့) လင်မယား ရန်ဖြစ်တိုင်းမှာ လက် ပါတတ်တဲ့သူသည်လည်း ကိုယ့်ကိုယ်ကိုယ် ထိန်းဖို့ လိုအပ်ပါတယ်။

ပြတ်ပြတ်သားသား ပြောထားတာတောင်မှ နောက်တစ်ကြိမ် ထပ်ပြီး ကျူးလွန်နေမယ်ဆိုရင်တော့ ကွီးတို့အနေနဲ့ ဆုံးဖြတ်ချက်တစ်ခုကို အခိုင်အမာ ချဖို့လိုအပ်ပါတယ်။ နို့မဟုတ်ရင် တစ်သက်လုံး ဒီလိုမျိုးနဲ့ပဲ လုံးလည် ချာလည်လိုက်ပြီး နှစ်ပါးသွားနေမှာပဲဖြစ်ပါတယ်။

အိမ်တွင်း အကြမ်းဖက်ခြင်းက တစ်ခုတည်း ဘယ်တော့မှ မလာဘူး

လင်မယား လက်

ဟုတ်ပါတယ်။ အိမ်တွင်း အကြမ်းဖက်ခြင်းဆိုတာသည် တစ်နည်းအားဖြင့် ပါဝါ ပိုကြီးတဲ့သူက သူ့ရဲ့ ပါဝါကို ပိုပြချင်တာပဲဖြစ်ပါတယ်။ ကိုယ်ထိလက်ရောက် မကျူးလွန်ခင်မှာ နှုတ်နဲ့ အကြမ်းဖက်ခြင်းကို အရင် အစပြုကြပါတယ်။​ တဖြည်းဖြည်းနဲ့ ဒီဂရီ ပိုမြင့်လာတဲ့အခါမှာတော့ အထက်က ဖော်ပြခဲ့တဲ့ အိမ်တွင်း အကြမ်းဖက်နည်းအားလုံးကို ကျူးလွန်မိပြီးသားဖြစ်သွားပါတယ်။ ကျူးလွန်ခံရသူအဖို့လည်း ခံစားရတာ တစ်ဘဝလုံးစား စိတ်ဒဏ်ရာ ရသွားမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဂရီ မမြင့်ခင်မှာ ကြိုတင် ဟန့်တား တားဆီးထားဖို့ လိုအပ်ပါတယ်။

ကွီးတို့ဆီမှာရော အိမ်တွင်း အကြမ်းဖက်မှုနဲ့ ပတ်သက်လာရင် ဘယ်လိုအကြံဥာဏ်ကောင်းများ ရှိသေးသလဲ။ ကွန်းမန့်ထဲမှာ ဝေမျှပေးခဲ့နိုင်ပါတယ်။

Source: Marriage

Featured Image: Freepik